ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးထက် ကျော်နေပြီလား

Wednesday, July 20, 2011

၂၀၁၀ ဇူလိုင်လတုန်းက ဘေဂျင်းရောက် တင်အောင်မြင့်ဦးနဲ့ တရုတ်ပေါလစ်ဗြူရိုက အဆင့် ၅ ရှိ လီချန်းချွန် (ဓာတ်ပုံ - ဆင်ဟွာ)

ကျားပေါက်

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ကြွေးကြော်သံတွေဟာ ဦးသိန်းစိန် အစိုးရရဲ့ ရက် ၁၀၀ မပြည့်ခင်မှာကို တဖြည်းဖြည်း မှေးမှိန်နေပြီလို့ ဆိုပါရမယ်။ နယ်ခြားစောင့်တပ် မပြောင်းတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာ၊ မြန်မာပြည် အချုပ်အခြာအာဏာကို တဘက်က ခြိမ်းခြောက်လာတာ ပြည်ပနိုင်ငံမဟုတ် အစိုးရထဲက ဒုသမ္မတပဲ ဆိုရမလား။ ရင်လေးစရာ အကြောင်းတွေ ပေါ်လာနေပါတယ်။

မှုန်ဝါးဝါး သမ္မကြီး ဦးသိန်းစိန်ရဲ့ ဆင်ရဲမှု လျှော့ချရေး၊ လူမှုရေးလုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်နေစဉ်မှာပဲ မီဒီယာနဲ့ တိုက်ခိုက်နေတဲ့ ဝန်ကြီး ဦးကျော်ဆန်း အလိုကျ သမ္မတကြီး အကြံပေးများကို ခန့်အပ်ခဲ့ရပါတယ်။

West Wing လို့ ခေါ်လို့ ရနိုင်မယ့် သမ္မတ အကြံပေးတွေ၊ သမ္မတ အနီးကပ်တွေက NGO ဆန်ဆန်အလုပ်တွေနဲ့ အလုပ်များနေတဲ့ သမ္မတကြီးကို အကြံပေးနိုင်ပေမယ့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက် ခြိမ်းခြောက်နေတဲ့ ဒု သမ္မတ (ရှစ်လုံး) ရဲ့ လေးဦးဂိုဏ်းကို မကျော်နိုင်တာတော့ အမှန်ပါ။

တပ်ချုပ်ကြီး သန်းရွှေရဲ့ နိုင်ငံရေး ကုလားဖန်ထိုးပွဲမှာ လွှင့်ထွက်သွားတဲ့ ဦးအောင်သောင်းတို့ အုပ်စုတွေ၊ လွှတ်တော် ဥက္ကဋ္ဌဖြစ်ပေမယ့် လွှတ်တော်အဆောက်အအုံထဲမှာ ရုံးထိုင်ခွင့်မရ၊ လွှတ်တော်အပြင်မှာ သူများတွေလို ကျွန်းစားပွဲနဲ့ ရုံးထိုင်ခွင့်မရှိဘဲ ၅ ထပ်သားစားပွဲနဲ့ နှစ်ပါးသွားနေရတဲ့ ကိုရွှေမန်း၊ ရေသန့်ဗူးနဲ့ အပေါက်ခံရလို့ ဒု သမ္မတကို မျက်နှာချင်း မဆိုင်လို (မဆိုင်ရဲတဲ့) ကာချုပ် မင်းအောင်လှိုင်နဲ့ တပ်မင်းများ၊ တပ်ချုပ် မွေးစားသားပါလို့ ယုံကြည်နေတဲ့ ကြံ့ဖွံ့အတွင်းရေးမှူး၊ လေးဦးဂိုဏ်းနဲ့ သမ္မတသစ် ဇာတ်လမ်းကို ရင်တမမနဲ့ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးလေ့လာသူတွေရဲ့ မီဒီယာသုံးသပ်ချက်တွေမှာ ကိုရွှေမန်း ရုရှားသွားကိုပဲ လက်နက်သွားဝယ်နေသလို၊ မြန်မာပြည်အရေးကိုပဲ ရုရှားတို့နဲ့ ဆွေးနွေးနေသလို ကြားရပြန်တော့ ဆရာတို့ နေပြည်တော်ရုံဘက် လက်ပြောင်းကြပါဦးလို့ ဆိုရပါတော့မယ်။ နအဖ ရုံဟောင်းထဲက ထွက်သင့်ပြီလို့ အကြံပြုလိုပါတယ်။

တပ်၊ အစိုးရ၊ ကြံ့ဖွံ့ပါတီ၊ လွှတ်တော်ဆိုတဲ့ အာဏာ ၄ ရပ်ကို တပ်ချုပ် ဖန်တီးပြီး အရံအင်အားနဲ့ နောက်က ချောင်းကြည့် အမှတ်ပေးပွဲကြီးမှာ နအဖ ဒု ခေါင်းဆောင်ဟောင်းများ ခြေချော်လက်ချော် မဖြစ်မိအောင် ထိန်းနေကြပေမယ့်လည်း တပ်ချုပ်မိသားစု ဘဏ္ဍာရေးကို တလေးတစား ဖြည့်ဆည်းပေးခဲ့တဲ့ ဒု သမ္မတ၊ စီမံဘဏ္ဍာဝန်ကြီးတို့ တစခန်းထနေပြီလေ။

ကိုကျော်ဆန်းက သမ္မတ အကြံပေးတွေကို ကိုယ့်လူထည့်၊ ကာလုံ အစည်းအဝေးတွေကို ရှေ့မျက်နှာ နောက်ထားပြီးတက်၊ မောင်းထုတ်ဖို့လည်း မဖြစ်၊ မတက်ပါနဲ့ ပြောတော့လည်း Sky Net နဲ့ ရွှေသံလွင် ရင်းနှီးမြှုပ်နှံမှုတွေမှာ တပ်ချုပ်မိသားစု နာမည်တပ်ပေးထားနိုင်ခဲ့တဲ့အတွက် ဘယ်သူမှ မထိရဲဘူးလို့ ဆိုပါတယ်။

နောက်ကျောလုံပြီးဆိုတဲ့ မီဒီယာဝန်ကြီးက သမ္မတကို ငယ်နိုင်ပုံစံမျိုးနဲ့ ဆက်ဆံတာ ဒီကနေ့အထိ ရက် ၁၀၀ ကျော်ခဲ့ပြီလေ။

ဒါနဲ့ပဲ ဒု သမ္မတရဲ့ ပြတ်သားတဲ့မူတွေကို သူနဲ့ကိုက်တယ်ဆိုပြီး တည့်တည်နောက်ကလိုက်ဖို့ ဆုံးဖြတ်ထားပုံ ရပါတယ်။

အစိုးရသစ်ကို အာဏာ မလွှဲခင်ကတည်းက မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပေါက်ဖော်နဲ့ တိုင်ပင်ပြီး နီးနီးကပ်ကပ် လုပ်သွားဖို့ တပ်ချုပ် လမ်းညွှန်ခဲ့တယ်။ အဲဒီတပ်ချုပ်ရဲ့ အနာဂတ်လမ်းညွှန်ချက်ကို မိမိ အသုံးချနိုင်သူက တပ်ချုပ် မိသားစု အရေးနဲ့လဲပြီး ဒု သမ္မတ ဖြစ်လာသူပါ။

ဆွေမျိုးဖော်ပေါက်ဖော်ရယ်လို့ဆိုတော့ ပေါက်ဖော်ဆွေမျိုးရင်းချာ ကိုထွန်းမြင့်နိုင်ကို ရှေ့တန်းပို့ပေးသူ ဖြစ်ပါတယ်။ ဒု သမ္မတ တကယ်မသိဘဲ မသိတာလား၊ သိလျက်သားနဲ့ မသိချင်ယောင် ဆောင်ပြီး ချမှတ်ထားတာတွေကို မလိုက်နာတာပဲလား၊ အချုပ်အခြာ အာဏာတည်တံ့ရေးကို သတိမေ့သလားတော့ မသိ၊ ပြီးခဲ့တဲ့ တရုတ်-မြန်မာ ဆွေးနွေးပွဲတခုမှာ ဦးထွန်းမြင့်နိုင်ကို နိုင်ငံတော် ဘာသာပြန်အဖြစ် မိနစ်ပိုင်းအတွင်း ခန့်လိုက်ခြင်းဖြစ်ပါတယ်။

နိုင်ငံတော် အကြီးအကဲများဟာ နိုင်ငံတော် ဧည့်သည်၊ စီးပွားရေး ကိုယ်စားလှယ်များ လာရောက်တဲ့အခါ စကားပြန်နဲ့ ပြောဆိုတာ ပရိုတိုကောလ်လို့ ခေါ်ပါတယ်။ ဒါမှလည်း သမ္မတရုံး၊ ဒုသမ္မတရုံး လက်ခံအစည်းအဝေး မှတ်တမ်းများ ရရှိမှာ ဖြစ်သလို၊ နိုင်ငံခြားရေး ဝန်ကြီး အနေကလည်း စကားပြန်ထားခြင်းအားဖြင့် နိုင်ငံတော် အကြီးအကဲများ မှားယွင်းခဲ့ရင်တောင် ကြားခံ အဖြစ်ထားရတာ နိုင်ငံတိုင်းရဲ့ နိုင်ငံခြား ဆက်ဆံရေး ဗျူဟာဖြစ်ပါတယ်။

စကားပြန်နဲ့ မှတ်တမ်းရေးသူတို့ နိုင်ငံတော်အကြီးအကဲများ အစည်းအဝေး ပြီးသော်လည်း ဆက်လက်ညှိနှိုင်းပြီး အချောသတ်လေ့ရှိပါတယ်။

ဒါပေမယ့် ဒုသမ္မတ ရှစ်လုံးက ကိုထွန်းမြင့်နိုင်ကိုပဲ ဘာသာပြန်ပါဆိုလို့ နိုင်ငံတော် တာဝန်ရှိ ထန်ထမ်းများ အခန်းပြင်ပကို ထွက်ပေးရတယ်လို့ ဆိုပါတယ်။

ဒု သမ္မတရဲ့ ပြတ်တဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတော်ရဲ့ လုံခြုံရေးကို စိတ်ချနိုင် မချနိုင် ပြန်လည် လေ့လာသင့်ပါတယ်။

ကိုးကန့်နွယ်ဖွား မြန်မာနိုင်ငံသား စီးပွားရေးသမားရဲ့ တရုတ်စကား ကျွမ်းကျင်မှုကို အသိအမှတ်ပြုရမှာ ဖြစ်ပေမယ့်လည်း နိုင်ငံတော် အကျိုးစီးပွားဘက်က ကြည့်မယ်ဆိုရင်တော့ အန္တရာယ်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။

နိုင်ငံတော် တာဝန်ရှိသူများ (သမ္မတ အပါအဝင်) ကို မသိစေလိုတာလား၊ လက်ရှိ သမ္မတရဲ့ မူဝါဒတွေကို ဂရုမပြုမိလေသလား၊ နိုင်ငံတော်ရဲ့ အတွင်းလက်စွဲတွေကို သတိမေ့နေသလားတော့ မသိနိုင်ပါ။

ဒု သမ္မတ ဘက်ကနေ စီးပွားရေးလုပ်ငန်းရှင်က နိုင်ငံတော် စကားပြန် တာဝန်ယူလိုက်တဲ့အတွက် နှစ်နိုင်ငံ ဆက်ဆံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ပေါက်ဖော် လိုလားချက်တွေကို တခြားသော မြန်မာ အမျိုးသား စီးပွားရေး လုပ်ငန်းရှင်များထက် ကျော်လွန်ပြီး ဆောင်ရွက်နိုင်ပြီလို့ ယူဆရပါတယ်။ ဒုသမ္မတက ကိုထွန်းမြင့်နိုင်ကို စာမေးပွဲ မစစ်ခင် အဖြေများပေးသလို ဖြစ်နေပြီလား။ ဦးတေဇ၊ ဆရာကျောင်းနဲ့ တခြားသော စီးပွားရေးသမားများအနေနဲ့ ဦးထွန်းမြင့်နိုင်ရဲ့ အတွင်းက သတင်းများကြောင့် သူတို့အတွက် တပန်းများ ရှုံးနေပြီလား။

ဒုသမ္မတ အနေနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ယူနန်လက်အောက်ခံ အဖြစ်တော့ မပို့သင့်ဘူးလို့ ယူဆပါတယ်။ ၁၈၈၆ မှာ ထီးနန်းပျောက်၊ ၁၉၄၈ မှာ တိုင်းချစ်ပြည်ချစ် ဗိုလ်ချုပ်တို့ အရယူပေးခဲ့တဲ့ လွတ်လပ်ရေးကို မဆုံးရှုံးစေချင်ပါ။ မြန်မာ့ တပ်မတော်ကို အာဏာရှင်အဖြစ် မမြင်စေချင်တာ အမှန်ပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ခေတ်တွေမှာ အစဉ်အလာကောင်းခဲ့တဲ့ မြန်မာ့ တပ်မတော်ရဲ့ မျိုးချစ်စိတ်၊ နိုင်ငံအပေါ် ကာကွယ်လိုစိတ်ကိုတော့ မေ့ပစ်ခဲ့လို့ မရပါ။

တရုတ်ဖြူကျူးကျော်တုန်းက တရုတ်တပ်နီတော်တွေက ကူတိုက်ပေးပရစေလို့ ကမ်းလှမ်းခဲ့တုန်းက မြန်မာ့မြေကြီးပေါ်မှာ နိုင်ငံခြားတပ်တွေ မရှိစေရဆိုတဲ့ ဇာတိမာန်က ဒုသမ္မတ ရှစ်လုံးရဲ့ ပေါက်ဖော် ချစ်ကြည်ရေးကြောင့် ပျက်ရမှာလား၊ ဗကပတွေ အရှိန်တက်နေစဉ် တခြားအိမ်နီးခြင်းနိုင်ငံတွေလို အမေရိကန်ကို ပထွေး မခေါ်ခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ သမိုင်းကို ဒု သမ္မတ ရှစ်လုံးများ ယောင်မှားပြီး တံတွေးနဲ့ ဖျက်နေပြီလား။ မြန်မာ တပ်မတော်သားတွေ အသက်ကို စတေးပြီး အချုပ်အခြာ အာဏာကို ကာကွယ်ခဲ့ပေမယ့် ခေါင်းဆောင်များရဲ့ လိုဘတခုအတွက် သူ့ကျွန်ဘဝကို အရှင်လတ်လတ် ပြောင်းကြမလားလို့ မေးချင်ပါတယ်။

5 comments :

  1. ဆိတ်သိုး said... :

    မောင်ရင်...အခုမှ ဒီဇာတ်ကို ခုမှ သိတာလား...စိတ်မကောင်းပါဘူး..
    တိုင်းပြည်ထဲကနေကန့်လန့်ဖြတ်
    ချီးပိုက်သွယ်ခွင့်ပေးလိုက်က
    တည်းက အချုပ်အခြာအာဏာ
    ဘယ်မှာရှိလဲဆိုတာ...ဒုံးမဝေး
    ဘုးဆိုရင်ပေါက်သင့်ပါတယ်......
    ရိုင်းသွားတယ်ဆိုရင်တော့....
    အားနာပါတယ်....ဗမာတွေ..
    ခေါင်းမရှိတာကလွဲရင်..တကယ်
    သနားစရာကောင်းပါတယ်..
    .အခုတပ်မတော်ဆိုတာလည်း.
    ..မကြာသောကာလမှာ..ပီကင်း
    သစ္စာခံနယ်ခြားစောင့်တပ်သာ
    သာလောက်ပဲဖြစ်လာမှာပါ..
    တရုပ်ကား၊တရုပ်သေနပ်နဲ့
    တရုပ်တင့်ကား...စီးပြီးတရုပ်
    သစ္စာမခံဘူးဆိုရင်ဘယ်သူသစ္စာခံမှာလဲ.....

  1. Anonymous said... :

    please look on on to our myanmar people who have been struggling for survive. High cost of basic food price cannot control by their daily income. Next 5 or 10 year, we are under china's one of the state.

  1. Anonymous said... :

    တရုတ်လက်အောက်ခံ ဖြစ်သွားရင် UNSC အရေးယူမခံရတော့ဘူးဆိုတာ စစ်အာဏာရှင်တိုင်း သိတယ်။

  1. than paw said... :

    ဗမာ့သမိုင်းမှာတကောင်းကိုတရုတ်ဖျက်လိုပျက်တဲခေတ်ရှိခဲတာဘဲအခုလည်းဗမာတရုတ်ဗိုလ်ရူပ်နင့်တရုတ်တိုဖျက်လိုတိုင်းပြည်ပျက်နေပြီဘဲဗမာပြည်မှာအုပ်စိုးသူတရုတ်ကပြားပျက်လိုတိုင်းပြည်ပျက်တာပဲဗိုလ်နေ၀င်းလည်းတရုတ်ဘဲအခုတင်အောင်မြင်ဦးလည်းတရုတ်ကပြားဘဲထင်တယ်

  1. ယေဘုယျ ကျကျ၊ ကြည့်လျှင်၊
    မြန်မာနိုင်ငံသည် ပထ၀ီနိုင်ငံရေးအရ၊ လုအင်အား များပြားသည့်၊ အိနိယနှင့် တရုတ်နိုင်ငံ ကြားတွင် တည်ရှိပြီး၊ ရန်သူမဖြစ်သေးသည့် အမေရိကန်နိုင်ငံ၊ မိတ်ဆွေစစ်မဟုတ်သည့် ၊ ထိုင်းနိုင်ငံတို့ တည်ရှိနေပါသည်၊

    ထို့ကြောင့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏမောင်လွင်က ဇွန်။၂၀၁၁ အစည်းဝေးတွင်၊ အထက်ပါ အချက်အရ။ တရုတ်နိုင်ငံတွင် မြန်မာကောင်စစ်ဝန်ရုံးအသစ်၊ တိုးချဲ့ဖွင့်လှစ်ရန်၊ သမတ ဦးသိန်းစိန်ထံတင်ပြ ထားပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရုတ်(မန်ဒါရင်) ဘာသာ စကားသင်တန်း ၁ နှစ်သို့၊ ၀န်ထမ်း ၁၅ ဦး စေလွှတ် ရန် ရွေးချယ်ထားကြောင်း၊ မိန့်ကြားခဲ့ပါသည်၊

    ဦးအောင်ဂျော်သူ
    လထ ညွှန်ကြားရေးမှူး၊ စီးပွားရေးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန
    နေပြည်တော်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved