လေယာဉ်တင်သင်္ဘော တရုတ်ပြည်တွင် လုပ်သည်

Wednesday, August 10, 2011


မြန်မာ့ အိမ်နီးချင်း တရုတ်နိုင်ငံကတော့ ၎င်းတို့ရဲ့ ပထမဆုံးသော လေယာဉ်တင်သင်္ဘောကို ရေချ စမ်းသပ်မှုတွေ ပြုလုပ်နေပြီလို့ တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနက စစ်တပ်သတင်းရပ်ကွက်ကို ကိုးကား ပြောဆိုလိုက်ပါတယ်။

အလျား မီတာ ၃၀၀ နဲ့ အနံ ၇၀.၅ မီတာ ရှိတဲ့ အဆိုပါ လေယာဉ်တင်သင်္ဘောဟာ ရေချစမ်းသပ်မှုတွေ အတွက် တရုတ် နိုင်ငံ Liaoning ပြည်နယ် Dalian ဆိပ်ကမ်းကနေ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ စတင်ထွက်ခွာတယ်လို့ ဘီဘီစီ သတင်းဌာန မှာ ဖော်ပြထားပါတယ်။


တရုတ်တို့ရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘောဖြစ်လာတဲ့ Varyag

ဒီစမ်းသပ်မှုဟာ တရုတ်ရဲ့ စစ်အင်အားတို့ချဲ့နေမှုကို စောင့်ကြည့်နေတဲ့ နိုင်ငံတွေကို စိုးရိမ်မှုတွေ ထပ်တိုးလာစေတယ် လို့လည်း ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

သိပ်မကြာသေးခင်ကပဲ တောင်တရုတ်ပင်လယ်မှာ ဖြစ်ခဲ့တဲ့ ပိုင်နက် အငြင်းပွားမှု ပြဿနာမှ တရုတ်တို့ အဓိကပါဝင်ခဲ့ပါတယ်။


ဘေဂျင်းအစိုးရကတော့ ဒီ လေယာဉ်တင်သင်္ဘောဟာ ၎င်းတို့ရဲ့ လေ့ကျင့်ခန်းတွေနဲ့ သုတေသနပြုလုပ်ဖို့ အတွက် ရည်ရွယ်ပါတယ်လို့ ပြောဆိုထားပါတယ်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ၎င်းတို့ရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘောကို စတင်တည်ဆောက်နေပြီလို့ ကြေငြာခဲ့ပါတယ်။




လေယာဉ်တင်သင်္ဘောများကို အမျိုးအစားအလိုက် နှိုင်းယှဉ်ပြထားမှု

Varyag လို့ အမည်ရတဲ့ လေယာဉ်တင်သင်္ဘောရဲ့ မူလနိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုဖြစ်ပြီးတော့ ၁၉၈၀ နောက်ပိုင်း နှစ်တွေမှာ တည်ဆောက်ခဲ့တာပါ။ တည်ဆောက်ခြင်းကို အပြီးမသတ်နိုင်ဘဲ ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲတဲ့ အချိန်မှာတော့ Varyag ရဲ့ ကိုယ်ထည်ကို ယူကရိန်းနိုင်ငံမှာ တည်ဆောက်ခဲ့ပါတယ်။


တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ နီးစပ်တဲ့ စီးပွားရေးကုမ္ပဏီကနေတဆင့် Varyag ကို တရုတ်တို့ ၂၀၀၁ ခုနှစ်မှာ ယူကရိန်းနိုင်ငံကနေ ဝယ်ယူနိုင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါ လေယာဉ်တင်သင်္ဘော တည်ဆောက်မှု မပြီးခင်တုန်းကာလတွေမှာတော့ တရုတ်နိုင်ငံဟာ ရေငုပ်သင်္ဘောတွေကိုပဲ တစိုက်မတ်မတ် ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲလို ထုတ်လုပ်မှုတွေကြောင့် အမေရိကန် ရေတပ်က ဖျက်သင်္ဘောတွေ လေယာဉ်တင် သင်္ဘောတွေ တရုတ် ရေပိုင်နက်အနီး မှာ လှုပ်ရှားနေမှုအပေါ်ကို အဟန့် ဖြစ်စေတယ်လို့လည်း သိရပါတယ်။

ယခု Varyag အပြင် လွန်ခဲ့တဲ့ နှစ်တွေမှာလည်း တရုတ်တို့ဟာ HMAS Melbourne လို့ အမည်ရတဲ့ လေယာဉ်တင် သင်္ဘော တစီးကိုလည်း သြစတြေးလျ နိုင်ငံကနေ ဝယ်ယူခဲ့ပါသေးတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် HMAS Melbourne ကို အောင်မြင်စွာ ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

Varyag ကို Shenyang J-15 အမျိုးအစား တိုက်လေယာဉ်တွေအပြင် ရဟတ်ယာဉ်တွေပါ တင်ဆောင် အသုံးပြုသွားမယ်လို့ သိရပါတယ်။

နောက်ထပ် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ကမ္ဘာ့ အသေးဆုံးလေယာဉ်တင်သင်္ဘောလို့ သတ်မှတ်ထားခြင်း ခံရတဲ့ The Chakri Naruebet ကို ပိုင်ဆိုင်ထားပြီး အိန္ဒိယ ကတော့ INS Viraat၊ INS Vikramaditya နဲ့ INS Vikrant (R11) တို့ကို လေယာဉ်တင် သင်္ဘောတွေအဖြစ် အသီးသီး ပိုင်ဆိုင်ထားကြပါတယ်။

Ref: BBC





-----

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved