ကာချုပ်အသစ် လက်ထက် ဖြုတ် ထုတ် ရှင်း ပွဲ

Thursday, August 11, 2011


ရန်ပိုင်

“ဖြုတ် ထုတ် သတ်” ဆိုတဲ့ ဘန်းစကားက ပဲခူးရိုးမမှာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တွေ အချင်းချင်းသတ်တော့ ထွက်လာတဲ့ စကားပါ။ ဒါပေမယ့် လက်ရှိကာလအထိ ရေပန်းစားနေဆဲပါ။

ဒီကနေ့ မြန်မာတပ်မတော်ထဲမှာ သမ္မတသစ် ဦးသိန်းစိန်ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကြွေးကြော်သံကို အကာအကွယ်ယူပြီး တယောက်ကို တယောက် အပြတ်ရှင်းနေကြတဲ့အတွက် တပ်ထဲမှာ “ဖြုတ် ထုတ် ရှင်း” ဆိုတဲ့ ဘန်းစကားဟာ တကျော့ပြန် ခေတ်စားလာနေပါတယ်။

ကွန်မြူနစ်တွေလိုတော့ အသေသတ်တာ မဟုတ်ပါဘူး။ မသေမရှင် ဖြစ်အောင် ရှင်းထုတ်လိုက်တာပါ။

စစ်တပ်မှာ သောကြာနေ့ဆို ရာထူး အတိုးအလျှော့နဲ့ ပတ်သက်လို့ အမိန့်ပြန်တမ်းတခု ထွက်တတ်တဲ့အတွက် စစ်ဘက်အရာရှိ တော်တော်များများက သောကြာနေ့ကို မျှော်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတော့ အမိန့်တခု ထွက်ခဲ့ပါတယ်။ တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ဗိုလ်ချုပ် ကျော်ဖြိုးကို အနားပေးလိုက်တယ် ဆိုတာပါပဲ။

အကြောင်းအရင်းက ရှမ်းပြည်နယ် အရှေ့ပိုင်း တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူခဲ့စဉ် နယ်စပ်ဖြတ်ကျော် တရားမ၀င် ကားတင်သွင်းခဲ့မှုနဲ့ ဒေသတွင်း မူးယစ်ရာဇာတွေနဲ့ ပတ်သက်ခဲ့ကြောင်း ဒေသခံတွေက ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တိုင်ကြားခဲ့တဲ့အတွက် အရေးယူခံရတာလို့ နေပြည်တော် စစ်ဘက်သတင်းရပ်ကွက် သိရပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း အရင်က တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ဖူးတော့ မြွေမြွေချင်း ခြေမြင်ပုံလည်း ရတယ်။

အရေးယူမှုကတော့ ဗိုလ်ချုပ် ကျော်ဖြိုး တယောက်ထဲနဲ့တင် ရပ်တန့် မနေပါဘူး။ နောက်ဆက်တွဲ အရေးယူမှုအနေနဲ့ မနေ့က တြိဂံတိုင်းမှာ ဗိုလ်မှူးကြီး တာဝန်ယူခဲ့တဲ့ (တပ်တွင်းအခေါ် တိုင်းကာနယ်ကြီး) တဦးကို တာဝန်က ရပ်စဲခဲ့တယ်။

တိုင်းကာနယ်ကြီးကတော် ခမျာလည်း မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေတယ်လို့ သိရတယ်။ နေပြည်တော် စစ်ဘက်မှာ အချင်းချင်း တီးတိုးသဖန်းပိုး ပြောစကားကတော့ သိန်း “သောင်းဂဏန်း” ပြည့်အောင် မရခင် အဖြုတ်ခံရလို့ ငိုတယ်ဆိုပြီး အချင်းချင်း လက်တို့ကြ၊ မေးငေါ့ကြတယ်။

ကာချုပ် ဗိုလ်ချုပ် မင်းအောင်လှိုင် လက်ထက်မှာ အခုအရေးယူခံရတဲ့ ဗိုလ်ချုပ် ကျော်ဖြိုးကတော့ ၃ ယောက်မြောက် ထိပ်တန်းစစ်ဘက် ခေါင်းဆောင်တယောက်ပါ။ အရင်ကတော့ ရန်ကုန်တိုင်း တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ထွန်းသန်း၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ် တင်ငွေ၊ အခု ဗိုလ်ချုပ် ကျော်ဖြိုးပါ။ (ကာချုပ် မင်းအောင်လှိုင် မတိုင်ခင် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကိုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်က ဖြုတ်ခဲ့တာပါ)

အခု အရေးယူခံခဲ့ရတဲ့ စစ်ဘက်အရာရှိ အားလုံးဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ချည်း တပုံစံတည်း အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို ခပ်စိတ်စိတ် အရေးယူမှုတွေ လုပ်တာဟာ အဂတိလိုက်စားမှု တခုတည်းကြောင့် မဟုတ်ပါဘူး။ ဒါဟာ အကြောင်းပြချက် တခုသာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာတပ်မတော်က ခေါင်းဆောင်တွေထဲမှာ လာဘ်ပေးလာဘ်ယူ မကင်းတဲ့သူရှိရင် ညွန်ပြပေးပါ။ လာဘ်ပေးလာဘ်ယူမှုနဲ့ အရေးယူမယ်ဆိုရင်တော့ တပ်လုံးကျွတ် အရေးယူရလိမ့်မယ်။ ခေါင်သူကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စရလိမ့်။ တစ်က စရလိမ့်မယ်ပေါ့။

နောက် လက်ရှိအစိုးရ အဖွဲ့ထဲမှာပါတဲ့ သမ္မတ ဦးသိန်းစိန်ကအစ ၀န်ကြီးအများစုဟာ စစ်ဘက်မှာ ရာထူးတွေမှာ ကြီးကြီးမားမား ထမ်းဆောင်ခဲ့တဲ့သူတွေပါ၊ အနိမ့်ဆုံးအဆင့် တိုင်းမှူးတာဝန် ယူခဲ့ဖူးသူတွေပါ။ ဒါကြောင့်လည်း ညောင်မြစ်တူးရင် ပုတ်သင်ဥ ပေါ်လာနိုင်ပါသေးတယ်။

အခု ဗရမ်းဗတာ အဖြစ်အပျက်တွေဟာ ဒု ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေး ကိုင်တွယ် အထိုင်ချခဲ့တဲ့ စစ်တပ် အသိုင်းအဝိုင်းအတွင်းမှာသာ ဖြစ်ပေါ်နေပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အထိုင်ချပေးထားတဲ့ အစိုးရအဖွဲ့မှာ မဖြစ်ပါဘူး။

ဒါကြောင့်လည်း ကာချုပ်အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်မှူးကြီး အလိုကျ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး သြဇာလွှမ်းမိုးတဲ့ စစ်ဘက်အရာရှိတွေကို ဖြုတ်ထုတ်ပြီး သူ့သြဇာ တည်ဆောက်နေပုံလည်း ရပါတယ်။

ဘယ်လို အနေအထားမှာပဲ ရှိနေပါစေ၊ လက်ရှိအခြေအနေမှာတော့ တပ်ထဲက စစ်ဘက် အရာရှိကြီးများ အနေနဲ့တော့ မျက်ခုံး ခပ်လှုပ်လှုပ်ဖြစ်နေကြတယ်လို့ သိရပါတယ်။


2 comments :

  1. အောင်မြေဘုံစံသား said... :

    ဗိုလ်ချုပ် တင်ငွေက စားလို့ဝပါပြီဗျ။ သူ့အကိုက ပုဂံအနီးက ၀က်ကြီးအင်းရွာမှာ ရှိတယ်။သူ့အကို နာမည်သုံးပြီး မန္တလေးတိုင်းအတွင်း တရားမ၀င် ရောင်းဝယ်တဲ့ တပ်ကြပ်ကြီးလူထွက် တစ်ယောက်တောင် တိုက်တွေ၊ကားတွေနဲ့ ဖြစ်သွားပါပြီဗျာ။

  1. Anonymous said... :

    ___ အချင်းချင်းကိုက်ကြတာပဲ လူတွေအတွက်တော့ မထူးပါဘူး၊ ထ ကြည့်ရင် အိပ်ပျက်တာပဲရှိမှာပါ၊

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved