စရဖ ညွှန်ချုပ်အဖြစ် ဗိုလ်ချုပ်စိုးရှိန်ကို ခန့်အပ်

Tuesday, August 23, 2011




ဗိုလ်ချုပ်မှူးကြီး၏ ကိုယ်ရေးအရာရှိအဖြစ် အမှုထမ်းနေစဉ် ဗိုလ်ချုပ်စိုးရှိန်ကို ဤသို့တွေ့ရသည် (ဓာတ်ပုံ - Reuters)

စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)၏ ညွှန်ကြားရေးမှူးချုပ်ရာထူးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရေးအရာရှိ ဖြစ်ခဲ့သူ ဗိုလ်ချုပ် စိုးရှိန်အား မကြာသေးမီက ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

ယခင် စစ်ဘက်ရေးရာ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ကျော်ဆွေအား ရာထူးမှ ပြောင်းရွှေ့ကာ ဗိုလ်ချုပ် စိုးရှိန်ကို ယင်း၏ နေရာ၌ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

“ဗိုလ်ချုပ်မှူးကြီး အနားမယူခင်မှာ ဗိုလ်မှူးကြီး စိုးရှိန်ကို ဗိုလ်မှူးချုပ် ရာထူးတိုးပေးခဲ့တယ်။ အခု ဗိုလ်ချုပ် ရာထူးတိုးပေးပြီး စစ်ဘက်ရေးရာ လုံခြုံရေး ညွှန်ကြားရေးမှူးချုပ် ရာထူးတိုးပေးလိုက်တာပါ” ဟု နေပြည်တော်အခြေစိုက် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိတဦးက ပြောသည်။

စရဖ ရုံးချုပ်ကို နေပြည်တော်အတွင်းရှိ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် အမျိုးသားမော်ကွန်တိုက်ကြား ထောင့်နေရာတွင် ဖွင့်ထားကြောင်း သူကဆိုသည်။

“ရုံးက နှစ်ထပ်တိုက်ကလေး။ အောက်မှာတော့ မြေအောက်ခန်းတွေနဲ့ အသေအချာ လုပ်ထားတယ်။ ဆိုင်းဘုတ်လည်း တပ်မထားဘူး။ ကြည့်လိုက်ရင် သူလို ကိုယ်လို အဆောက်အအုံပုံစံ ဖန်တီးထားတာ” ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ် ကျော်ဆွေကို ကက (ပြည်) သို့ ပို့လိုက်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းတရပ်မှ သိရသည်။

ယင်းလုပ်ရပ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်ရှိအနေအထားကို မျက်ခြေမပြတ်ဘဲ စောင့်ကြည့်နေသည့် သဘော ဖြစ်ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။

“ဗိုလ်ချုပ် စိုးရှိန်ကို ဗိုလ်ချုပ်မှူးကြီးက အင်မတန် ယုံတယ်။ ချစ်လည်း ချစ်တယ်။ ဘယ်သွားသွား ဗိုလ်ချုပ် စိုးရှိန် အမြဲပါတယ်။ သူ့ကို ဒီရာထူးပေးခိုင်းတာဟာ လက်ရှိ အခြေအနေနဲ့ အဆက်မပြတ်ချင်လို့လို့ ယူဆရတယ်” ဟု သူက ဆိုသည်။

ထောက်လှမ်းရေးခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ အမျိုးသားထောက်လှမ်းရေးကို ဖျက်သိမ်းပြီးနောက် ထူထောင် ခဲ့သော စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့သည် မြန်မာထောက်လှမ်းရေး အဖွဲ့များအကြားတွင် သြဇာအရှိဆုံး အဖွဲ့ ဖြစ်သည်။

“ကျနော်တို့ သတင်းတပ်ဖွဲ့ကလည်း အခုအချိန်အထိ စရဖကို သတင်းပို့နေရတုန်းပါ။ တခြား ထောက်လှမ်းရေး အဖွဲ့တွေလည်း ပို့ရတာပဲ” ဟု ပျဉ်းမနားမြို့ သတင်းတပ်ဖွဲ့မှ အရာရှိငယ် တဦးက ပြောသည်။

ဗိုလ်ချုပ် စိုးရှိန်သည် ပျဉ်းမနားမြို့တွင် မြင့်မိုရ်နန်းအမည်ဖြင့် ဟိုတယ် ဖွင့်ထားသူ ဖြစ်သည်။

စည်သူ

5 comments :

  1. မောင်သန့် ။ said... :

    အဲဒါဘဲ။
    အနီးကပ်လုံ တွေ ရုပ်သိမ်းတယ် ဆိုတဲ့ သတင်း တွေ
    ဘာလဲ။
    တခု ထပ်ပြောပါရစေ။smoke screen နောက်မှာ ရန်သူရှိတယ်။
    ဘာတွေ အကောက်ကြံနေလဲ သာ မပြောတတ်တာ။
    အကောင်းဘက်က တော့ ရန်သူ ကို မမြင်သာပေမဲ့ 
    မီးခိုးဗုံးကြောင့် ရန်သူ ကလဲ မိမိ ကို သိပ်မမြင်သာဘူး။

  1. Anonymous said... :

    ထူးထူးခြားခြား ဒီနေ့ irrawaddyblog ကို တိုက်ရိုက်ဝင်ဖတ်လို့ရနေတယ်ဗျို့ စိတ်ကောင်းဝင်နေတယ်ထင်တယ်

  1. Anonymous said... :

    ဒါဆိုရင်တော့ ဦးသန်းရွှေက ဦးနေဝင်းအချိုးမျိုး ချိုးနေတာလား..။ စရဖကို လက်ထဲထည့်ထားချင်နေတာလား..။ စရဖ တန်ခိုးဘယ်လောက် ထွားလာအောင် အသက်သွင်းမှာလဲ ဆိုတာ စောင့်ကြည့်ရအုံးမယ်..။ အဲဒီ ဗိုလ်ချုပ်စိုးရှိန်က စရဖကို စိတ်ကြိုက် ကိုင်တွယ် ထောက်လှမ်းပြီး ဘယ်သူ.ကို အစီရင်ခံမှာလဲ..။ ဦးသန်းေ၇ွှကိုလား..။ ပြီးခဲ့တဲ့ နဝတ၊ နအဖ ခေတ်တုံးကတော့ ခင်ညွှန်.နဲ. သန်းရွှေတို.က ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖြိုခွဲခဲ့တုံးက တော်တော်လေး လက်တွဲညီခဲ့ကြတယ်..။ ခင်ညွှန်.က သန်းရွှေကို ထောက်လှမ်းရေးသတင်းတွေ ပေးပြီး အသကုန် လုပ်ကျွေးခဲ့တာ..။ သန်းရွှေက အဆင့်သင့် စိတ်ကြိုက် ကောက်စားရုံဘဲ...။ အခုကော..စရဖ၊ ကာချုပ်၊ သမ္မတ..ဘယ်လောက် အတွဲညီမှာလဲ..။ စိတ်ကြိုက်ရွေးထားတဲ့ ဇာတ်ကောင်တွေထဲက ကာချုပ်ရဲ့ ခြေလှမ်းတစ်ခုပေါ့..။ သိန်းစိန်က နိုင်ငံတကာရေးရာနဲ.စီမံခန်.ခွဲရေးရာမှာ အလုပ်လုပ်ဖို.၊ တင်အောင်မြင့်ဦးက သိန်းစိန်ကို ကန်.လန်.တိုက် ထိန်းချုပ်ဖို.၊ သူရ ရွှေမန်းက သူတို.နှစ်ယောက်ကို ထိန်းချုပ်ဖို.၊ သူတို.တွေကို မင်းအောင်လှိုင်က စောင့်ကြည့်ဖို.၊ မင်းအောင်လှိုင်ကို တစ်ခါ သိန်းစိန်နဲ.သူရရွှေမန်းက လွှတ်တော်နဲ. ပြန်ထိန်းဖို.၊ အကုန်လုံးကို စိုးရှိန်က ထောက်လှမ်းဖို.၊..။ မတူညီတဲ့ အဓိကဇာတ်ကောင်တွေ (သိန်းစိန်၊ တင်အောင်မြင်ဦး၊ မင်းအောင်လှိင်၊ သူရရွှေမန်း၊ စိုးရှိန်)ကို ရောသမမွှေထားပြီး အချင်းချင်း လှည့်ပတ် ထိန်းချုပ်ထားတဲ့ ဦးသန်းရွှေရဲ့ ဇာတ်လမ်းကို ဘယ်လို ကပြ အသုံးတော် ခံမှာလဲ ဆိုတာ စောင့်မျှော်ကြည့်ရှုနေပါတယ်..။ သမိုင်းအစဉ်အလာအရတော့ မင်းအောင်လှိုင်က အဓိက ဇာတ်ကောင်ဘဲ..။ ဒါပေမယ့် အခု သူက ပိုပြီး လျှို.ဝှက် လှုပ်ရှားနေတော့ ခန်.မှန်းရ ခက်နေတယ်..။

  1. Anonymous said... :

    နိုင်ငံတော်အသုံးစားရိတ်လျော့တဲ့အနေနဲ့အရင်ပညာရေးဝန်ကြီး(မသာကြီး)ချမ်းငြိမ်းကတက်ကသိုလ်နည်းပြ။သရုပ်ပြတွေကိုရာထူးတိုးချိန်တန်ပေမယ့်မတိုးပေးခဲ့ဘူး။အခုအစိုးရအသစ်လို့ပြောတဲ့အစိုးရဆိုသူတွေလည်းနည်းပြ။သရုပ်ပြတွေကိုလက်ထောက်ကထိကရာထူးတိုးပေးဖို့မေ့ချင်ယောင်ဆောင်နေကြတယ်။ဒါနဲ့ဘယ်လိုလုပ်ပညာရေးကိုပြောင်းလဲနေသလဲ

  1. Anonymous said... :

    ဒီနေ့ ဒီအချိန်အထိ သိရသလောက်ကတော့ စရဖချုပ်ဟာ ဗိုလ်ချုပ်ကျော်ဆွေပါပဲ။ သတင်းကို အတိအကျ သိမှတင်ပါ။ မှားသွားရင်လည်း ပြန်လည်ပြင်ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved