အိန္ဒိယကို ကိုင်လှုပ်နိုင်တဲ့ အန်နာဟာဇာရီ

Wednesday, August 17, 2011


အန်နာ ဟာဇာရီ (ဓာတ်ပုံ - ndtv)

အန်နာဟာဇာရီဆိုတာ ဘယ်သူလဲ

သူဟာ ၁၅ နှစ်ကြာ အိန္ဒိယစစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်း တယောက်ပါ။ စစ်တပ်ကထွက်လို့ သူ့နေရပ်ရွာဖြစ်တဲ့ မဟာရက်ရှ်စတာပြည်နယ်က ပါနာတာလူကာဆိုတဲ့ရွာလေးမှာ မိုးခေါင်ရေရှားဖြစ်လို့ တောင်သူလယ်သမားတွေ ကြုံနေရတဲ့ရေပြဿာနာကို ဖြေရှင်းပေးခဲ့ရာကနေ ရွာလေးရဲ့ ပညာရေး၊ ကျန်းမာရေးစတာတွေ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ပေးခဲ့တဲ့သူအဖြစ် ဒေသခံတွေက လေးစားအားကိုးကြပါတယ်။

နာမည်ရင်းက ခီစန် ဘာဘူရောဝ် ဟာဇာရီ၊ ဒါပေမယ့် အန်နာဟာဇာရီလို့ပဲ လူသိများပါတယ်။
ဒီလို ကြိုးပမ်းမှုတွေကြောင့်လည်း အိန္ဒိယအစိုးရကချီးမြှင့်တဲ့ အမြင့်ဆုံး ပဒ်မာဘူရှန် လူမှု ထူးချွန်ဆုကို ၁၉၉၂ ခုနှစ်မှာ ရခဲ့ပါတယ်။

အိန္ဒိယသတင်းစာတွေရဲ့ စာရင်းကောက်ယူချက်အရ ၂၀၁၁ အတွက် လွှမ်းမိုးမှုအရှိဆုံးလူ ၅၀ မှာ ပါဝင်ပါတယ်။
အိန္ဒိယအစိုးရအဖွဲ့အစည်းအတွင်းမှာ အဂတိလိုက်စားမှု အကျင့်ပျက်ခြစားမှုတွေ တိုက်ဖျက်ဖို့ ဖိအားပေးတဲ့အနေနဲ့ အသက်သေဆုံးတဲ့အထိ အစာငတ်ခံဆန္ဒပြတာကို ၂၀၁၁ ဧပြီလ ၅ ရက်နေ့တုန်းကလည်း လုပ်ခဲ့ပါသေးတယ်။ သူတောင်းဆိုတဲ့အချက်တွေ ရတဲ့ ဧပြီလ ၉ ရက်နေ့မှာတော့ အစာငတ်ခံဆန္ဒပြတာ ရပ်လိုက်ပါတယ်။

ဒီ သြဂုတ်လဆန်း အိန္ဒိယလွတ်လပ်ရေးနေ့မှာတော့ ၂၀၁၁ ခုနှစ်အတွင်း ဒုတိယအကြိမ် အစာငတ်ခံဆန္ဒပြပွဲလုပ်ပြီး ထပ်မံတောင်းဆိုတာတွေ လုပ်နေပါတယ်။

သူ့ကို ရဲက ထိန်းသိမ်းခဲ့ပြီးတဲ့နောက် ပြန်လွှတ်ပေးခဲ့ပေမယ့် သူတောင်းဆိုထားတဲ့ အချက်တွေမရမခြင်း ထောင်ကနေမထွက်ဘူးဆိုတာတွေကြောင့် နယူးဒေလီလမ်းမပေါ်မှာ သူ့ကိုထောက်ခံသူတွေနဲ့ပြည့်လျှံသွားခဲ့ပြီး နိုင်ငံအ၀ှမ်းက မြို့ကြီးတွေမှာလည်း လူထောင်နဲ့ချီဆန္ဒပြမှုတွေ ပြန့်နှံလာနေတာကြောင့် အိန္ဒိယသတင်းသမားတွေ ဝေဖန်ရေးသမားတွေကတော့ အန်နာဟာဇာရီဟာ အိန္ဒိယကို ကိုင်လှုပ်နိုင်တဲ့သူလို့ တင်စားပြောဆိုနေကြပါတယ်။

သူဘာတွေ တောင်းဆိုနေတာလဲ

အစိုးရအဖွဲ့အစည်းထဲမှာဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေ၊ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်တဲ့နေရာမှာ အစိုးရအဖွဲ့အစည်းတခုလုံးကိုအပြင် ၀န်ကြီးချုပ်အဆင့်အထိ ပြည်သူလူထုကနေ စုံစမ်းစောင့်ကြည့်ဖော်ထုတ်နိုင်ခွင့်၊ လက်ရှိပြဌာန်းထားတဲ့ ဥပဒေမူကြမ်းမှာ စုံစမ်းစစ်ဆေးမှုတွေလုပ်မယ့် ဗဟိုထောက်လှမ်းရေးအဖွဲ့ကို အစိုးရကတိုက်ရိုက်ထိန်းချုပ်ထားတာကို လက်မခံပဲ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး သီးသန့်အဖွဲ့ကို ဖွဲ့ပြီး အဲ့ဒီအဖွဲ့ဟာလည်း ဘယ်သူတဦးတယောက် ဘယ်အဖွဲ့အစည်းမှရဲ့ အောက်မှာမရှိနေဖို့ စတဲ့ ဥပဒေမူကြမ်းကို ပါလီမန်မှာ ထည့်သွင်းဆွေးနွေးဖို့ အန်နာဟာဇာရီက တောင်းဆိုပါတယ်။

လက်ရှိ အစိုးရက လုပ်နေတဲ့ အဂတိတိုက်စားမှုတိုက်ဖျက်ရေး ဥပဒေမူကြမ်းဟာ အားနည်းချက်တွေရှိနေတာကြောင့် တကယ်တမ်းလက်တွေ့မှာ ထိရောက်မှုတွေ မဖြစ်နိုင်ဘူးလို့ အန်နာဟာဇာရီက ဆိုပါတယ်။

တကယ်တော့ အန်နာဟာဇာရီက ပါလီမန်မှာ တင်ပြဆွေးနွေးခိုင်းတဲ့မူကြမ်းကို ၁၉၆၈ ခုနှစ်ကတည်းက ရှန်တီဘူရှန်က ရေးဆွဲတင်ပြခဲ့ပြီး ၁၉၆၉ မှာ အောက်လွှတ်တော်အဆင့်အထိ ဖြတ်သန်းအတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အထက်လွှတ်တော်ကတော့ ဒီမူကြမ်းကို ပယ်ချခဲ့ပါတယ်။

ဥပဒေမူကြမ်းရေးဆွဲသူတွေက ပြင်ဆင်ဖြည့်စွက်ချက်တွေလုပ်ပြီး ထပ်ဆင့်တင်ပြတာတွေကို ၁၉၇၁၊ ၁၉၇၇၊ ၁၉၈၅၊ ၁၉၈၉၊ ၁၉၉၆၊ ၁၉၉၈၊ ၂၀၀၁၊ ၂၀၀၅နဲ့ ၂၀၀၈ ခုနှစ်တွေမှာလည်း တင်ပြခဲ့ပေမယ့် ဘယ်တုန်းကမှ အတည်ပြုပြဌာန်းခွင့်မရခဲ့ပါဘူး။

၂၀၁၀ မှာတော့ 2G မိုဘိုင်းဖုန်းတွေချပေးတဲ့ကိစ္စမှာ အစိုးရအဖွဲ့အစည်းတွေထဲက လူတွေ၊ နိုင်ငံရေးသမားတွေရဲ့ အဂတိလိုက်စားမှုတွေ၊ ဓနသဟာယအားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့နေရာမှာ အကျင့်ပျက်ခြစားမှုတွေကြောင့် နိုင်ငံတကာအလယ်မှာ မျက်နှာပျက်ခဲ့ရတာတွေ ဖြစ်လာလို့ ဒီကိစ္စကို ထိထိရောက်ရောက် အရေးယူဖို့လုပ်သင့်ပြီ၊ အစိုးရက ရေးဆွဲထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဟာ အားနည်းချက်တွေ များလွန်းတာကြောင့် အနာဂတ်မှာ ထိရောက်မှု မရှိနိုင်ဘူးဆိုပြီး အာနာဟာဇာရီ အပါအ၀င် ဒီဥပဒေမူကြမ်းပြဌာန်းရေး လှုပ်ရှားသူတွေက ဒီဥပဒေကို ထပ်မံအသက်သွင်းဖို့ ကြိုးစားလာကြတာပဲ ဖြစ်ပါတယ်။

4 comments :

  1. Anonymous said... :

    ဧရာဝတီဘလော့ကို ဖွင်င့်လိုက်ရင် ဘာတွေ ပေါ်လာမှန်းမသိဘူး။ တမင်သက်သက် ဖတ်မရအောင်လုပ်ထားတာလား။ အင်တာနက် ဟတ်တဲ့သူတွေက လုပ်ထားတာလားတော့ မသိဘူး။ ဖတ်ချင်တဲ့သတင်းကို ကွယ်ထားသလိုပဲ။ ကျေးဇူးပြု၍ အဲဒီအခက်အခဲကို ဖြေရှင်းပေးစေချင်ပါတယ်။

  1. Naing said... :

    ဟုတ်ပါတယ်။ ဧရာဝတီရေ ကြည့်လုပ်ပါဦး။ အိမ်မှာဖွင့် ဖွင့် ရုံးမှာဖွင့်ဖွင့် လွယ်လွယ်ကူကူ ဖတ်လို့ မရဘူးဖြစ်နေတယ်။

  1. Anonymous said... :

    ဟုတ်ပါ့။ ကိုယ့်ကွန်ပျုတာကို ရိုက်ချိုးမိတော့မှာပဲ၊ကာဆီးထားတာက ပိတ်မရတာနဲ့ 

  1. Anonymous said... :

    ဟုတ်တယ်ဗျ
    ပြောမယ် ပြောမယ်နဲ့ မပြောဖြစ်တာ။ သတင်းတိုင်းမှာ Advertisement တွေက ကာဆီးကာဆီး လုပ်နေတယ်ဗျ။ အောက်ကို ချပြီး စာဖတ်မယ်လုပ်ရင် အဲဒီကြော်ညာတွေလည်း လိုက်လာပြီး ကာဆီးနေတယ်။ နောက်တခုက မိန်းကလေးပုံနဲ့ ဗီဒီယို (Watch this) တွေလုပ်နေတဲ့ကိစ္စ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved