ဘဂ္ဂဒက်နဲ့ ကဘူးလ်လို အဖြစ်မခံဘူးဆိုတဲ့ ထရီပိုလီ

Monday, August 29, 2011

ကျည်ဆံတွေနဲ့ လမ်းခင်းထားသလို ဖြစ်နေတဲ့ ထရီပိုလီမြို့လယ် မြင်ကွင်း


လစ်ဗျား ပုန်ကုန်ထကြွသူတွေဟာ မြို့တော် ထရီပိုလီထဲ ဝင်ရောက်စီးမိနေပါပြီ။ တမြို့လုံးကို မသိမ်းပိုက်နိုင်သေးပေမယ့် ကဒါဖီရဲ့ နေအိမ်ဝင်းအထိ သိမ်းပိုက်ထားမိနေပြီဖြစ်ပါတယ်။ ကဒါဖီ့အိမ်ဝင်းထဲမှာ ကဒါ့ဖီ့သားတွေရဲ့ နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်းတွေ၊ အသုံးအဆောင်တွေ၊ အရက်အကောင်းစားတွေကို သူပုန်တွေ တွေ့ရှိခဲ့ကြပါတယ်။

ကဒါဖီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မူဆာ အီဘရာဟင်က အာဏာလွှဲပြောင်းရေး ဆွေးနွေးချင်တယ်လို့ နယူးယောက်မြို့မှာရှိတဲ့ AP သတင်းဌာန ရုံးချုပ်တဆင့် သူပုန်များကို အကြောင်းကြားပါတယ်။

ကဒါဖီကို ထောက်ခံသူတွေက ပူးတွဲ အစိုးရဖွဲ့ဖို့ ကမ်းလှမ်းတာကို သူပုန်တွေက ပယ်ချလိုက်ပါတယ်။

“ကျနော်တို့ သူနဲ့ စကားမပြောဘူး။ သူ့ကို လက်ရဖမ်းမှာပဲ” လို့ သူပုန်ခေါင်းဆောင်က ဆိုပါတယ်။

ကဒါဖီဟာ ထိုင်ခုံ လွတ်ခါနီးလေ စကားကြီးစကားကျယ်တွေ ပြောလေပဲလို့ The Independent မှာတော့ ရေးထားပါတယ်။

အီဘရာဟင်ရဲ့ အဆိုအရ ကဒါဖီဟာ လစ်ဗျားနိုင်ငံထဲမှာပဲ ရှိပါသေးတယ်။ ဘယ်နေရာဆိုတာတော့ မသိပါဘူး။

အသွင်းကူးပြောင်းရေး အမျိုးသား ကောင်စီ (TNC) က ထိပ်ပိုင်းတာဝန်ရှိသူတွေက အီဘရာဟင်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချပါတယ်။

“ကဒါဖီနဲ့ ညှိနှိုင်းဆွေးနွေးမှာ မဟုတ်ပါဘူး။ သူ့ကို နှစ်ခုပဲ ကမ်းလှမ်းနိုင်ပါတယ်။ လုံခြုံမှုနဲ့ တရားမျှတတဲ့ တရားစီရင်မှုပါပဲ” လို့ သူပုန်အစိုးရရဲ့ ပြည်တွင်းရေးရာကိုင်တွယ်သူ အာမက် ဒါရတ်က ဆိုပါတယ်။

ယခင်သီတင်းပတ်က ထရီပိုလီကို သူပုန်တွေက အဘက်ဘက်က ထိုးစစ်ဆင်ပြီးတဲ့နောက်မှာ ကဒါဖီဟာ ခြေကုပ်ယူထားတဲ့ ထရီပိုလီကနေ စွန့်ခွာ ထွက်ပြေးရတာ ဖြစ်ပါတယ်။

သူပုန်တွေ မြို့ကို စီးမိလာပြီးနောက် စစ်အခြေစိုက်စခန်းတွေနဲ့ ဆေးရုံတွေမှာ လူသေအလောင်းပေါင်းများစွာကို တွေ့ခဲ့ကြပါတယ်။ ဒဏ်ရာရတဲ့ လစ်ဗျားအများအပြားဟာ တူနီရှားဘက်ထွက်ပြေးခိုလှုံပြီး ဆေးယူသမှုခံယူဖို့ ကြိုးစားကြပါတယ်။

ထရီပိုလီမြို့ပေါ်မှာ ကျန်နေတဲ့ ကဒါဖီအပေါ် သစ္စာခံသူတွေကို ရှင်းလင်းပြီးနောက် အခု သူပုန်တွေဟာ ကဒါဖီရဲ့ အခိုင်အမာခြေကုပ်ယူရာ သူ့ဇာတိမြို့ ဆာ့တ်ကို ထိုးစစ်စဆင်နေကြပါပြီ။

ထရီပိုလီမှာ လျှပ်စစ်ဓာတ်အား၊ သောက်ရေနဲ့ အစားအစာတွေ ပြတ်တောက်မှု ဖြစ်ပေါ်နေပါတယ်။ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီကတော့ ထရီပိုလီမြို့မှာ သောက်ရေ ရရှိရေး ဆောင်ရွက်နေပါတယ်။ သဘာဝဓာတ်ငွေ့နဲ့ ချက်ပြုတ်ရေးအတွက် လောင်စာတွေလည်း မကြာခင်ရောက်ရှိမယ်လို့ ဆိုပါတယ်။

အသွင်ကူးပြောင်းရေးကောင်စီက ရက် ၃၀ အတွင်း ဘဏ်တွေ ပြန်ဖွင့်မယ်၊ အရပ်သားတွေ ငွေထုတ်ယူခွင့်နဲ့ အစိုးရဝန်ထမ်းတွေ လစာထုတ်ယူခွင့်ပြုမယ်လို့ ဆိုပါတယ်။ ဥပဒေမဲ့ လုပ်ရပ်တွေကို တားဆီးဖို့ ရဲစခန်းတွေပြန်ဖွင့်တာလည်း ဆောင်ရွက်ပါလိမ့်မယ်။ ရဲအရေးဆိုင်ရာ လိုအပ်တဲ့ အကူအညီတွေကို အာရပ်နဲ့ တခြား အစ္စလာမ်နိုင်ငံတွေက ယူပါမယ်တဲ့။

အသွင်ပြောင်းရေး ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ရှာမန်းက “ဘဂ္ဂဒက်နဲ့ ကဘူးလ်မှာ တွေ့ရပြီးတဲ့ အမှားမျိုး ကျနော်တို့ ထပ်အဖြစ်မခံဘူး” လို့ ဆိုပါတယ်။

Source: LA Times

1 comments :

  1. Anonymous said... :

    ဘယ်လိုလဲ။ဘာတွေဖြစ်နေတာလဲ။ မြန်မာသတင်း MRTV 4, 5, 6, 7 တွေမှာလဲ ဒီသတင်းတွေနည်းနည်းမှ မကြားရပါလား၊
    မလွှင့်ဖို့အမိန့်ထုတ်ထားလို့လား၊အလိုက်သတိနဲ့ မလွှင့်ကြတာလား၊ သတင်းမရလို့လား။ဒီလိုသတင်းတွေဟာစိတ်ဝင်စားစရာသတင်းတွေဘဲလေ၊လုံးဝမလွှင့်တာစဉ်းစားစရာဘဲ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved