
မြန်မာငွေဈေးဟာ မကြားဘူး၊ မကြုံဘူးမကြုံဘူး လောက်အောင် ကြောက်ခမန်းလိလိ ထိုးတက်နေတဲ့အတွက် နိုင်ငံခြား ထွက် အလုပ်လုပ် သူတွေ၊ ပြည်တွင်းက ဒေါ်လာစားတွေအတွက် တော်တော်လေး အထိနာနေပါတယ်။ အိတ်စ်ပို့စ် စီးပွားရေး သမား တွေလည်း တချို့ ကုန်တွေ လှောင်မထားနိုင်တဲ့သူတွေ အရှုံးခံ တင်ပို့တာကလွဲရင် တော်တော်များများ လုပ်ငန်းတွေ ရပ်ကုန်ကြပါတယ်။ ထိုင်းနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေကတော့ အထိအနာဆုံးလို့ ဆိုရမလားမသိပါဘူး။ ငွေလွှဲနှုန်းတွေ ကြောက်စရာကောင်း လောက်အောင် မြင့်နေတာကြောင့် အတော်များများ ငွေမလွှဲနိုင်ကြတော့ပါဘူး။ အများစုကတော့ တလတခါ အိမ်ကို ငွေမလွှဲပေးလို့ မဖြစ်တဲ့သူတွေ ဆိုတော့ မတန်မှန်းသိသိနဲ့ လွှဲနေကြရပါတယ်။ စင်ကာပူ၊ မလေး စသည်ဖြင့် အလုပ်သွားလုပ် နေသူတွေကလည်း များပြားလှတဲ့ အခွန်ငွေကို မဆောင်နိုင်တာနဲ့ အခွန်မဆောင်ဘဲ နှစ်ရှည်လများ နေနေရာက အခွန်ငွေ ၂ ရာခိုင်နှုန်းထိ လျှော့ချ ပေးတဲ့အချိန်နဲ့ တိုက်ဆိုက်ပြီး အခုလို ငွေလွှဲနှုန်း မြင့်လာတဲ့ အချိန် အလုပ်က ခဏနား၊ အိမ်ပြန်မယ် ပြင်ပြန်တော့လည်း အခွန်က အခု သြဂုတ်လကနေ နောက်ခြောက်လထိပဲ ၂ ရာခိုင်နှုန်း၊ အရင်ကျန်တာတွေက ၁၀ ရာခိုင်နှုန်းပဲ ဆောင်ရမှာ ဆိုတာကြောင့် အလုပ်လည်း ဆက်လုပ်ပြီး အိမ်ငွေပို့ဖို့ကလည်း မတန်တဆ၊ အိမ်လည်း မပြန်နိုင်ဘဲ ဒုက္ခရောက်နေကြပါတယ်။
ဘာကြောင့် ဒီလို မြန်မာငွေ ဈေးမာရတာလဲ၊ ဒါကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကတော့ အားလုံး သိချင်နေတဲ့ အချက် ဖြစ်ပါတယ်။ ဘယ်တော့ ဖြေရှင်းနိုင်မလဲ ဆိုတာကတော့ ဘယ်သူမှ မသိနိုင်တဲ့ ကိစ္စပါ။ ဒါပေမယ့် မကြာသေးခင်က ကျင်းပသွားတဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲမှာ သမ္မတ အကြံပေး စီးပွားရေး ပညာရှင် ဦးမြင့်တင်သွင်းသွားတဲ့စာတမ်း မှာတော့ ဒီအကြောင်းကို အသေးစိတ် ဖော်ပြထားပါတယ်။ ဒီစာတမ်းမှာ ဘာကြောင့် ကျပ်ငွေတန်ဖိုး မြန်မြန်ဆန်ဆန် ထိုးတက်ရတာလဲ၊ ဒီလို ကျပ်ငွေထိုးတက်ရတဲ့အတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်မလဲ၊ ဒါကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာက စလို့ အခုလက်ရှိ ကြုံတွေ့နေရတဲ့ မြန်မာငွေလဲနှုန်းပြဿနာကို အခွင့်ကောင်းယူပြီး ငွေလဲနှုန်း မြန်မြန်ဆန်ဆန် ပြင်ဆင်ဖို့ အချိန်ကောင်းဆိုတဲ့ အကြောင်း တွေကို ရှင်းလင်း တင်ပြထားပါတယ်။
U.Myint
can't read