ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးသက် ၂၃ နှစ် ပြည့်ပြီ

Wednesday, August 24, 2011

-



ရန်ပိုင်




ဒီနေ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးစင်မြင့်ပေါ်တက်ပြီး လူထုကို ဒီမိုကရေစီ တရားဟောခဲ့တာ ၂၃နှစ် တင်းတင်းပြည်ခဲ့ပါပြီ။

အတိတ်သမိုင်းကို ပြန်ကြည့်ရင် လွန်ခဲ့တဲ့ ၂၃နှစ်၊ ၁၉၈၈ သြဂုတ်လဟာ အာဏာရှင် ဦးနေ၀င်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီကို အန်တု ဆန့်ကျင်ရေး ဒီမိုကရေစီ လှုပ်ရှားမှုတွေ ဒီရေတက်နေတဲ့အချိန်ပေါ့။

သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရှေ့ကို ထွက်လာပြီး ပထမဆုံး နိုင်ငံရေး မိန့်ခွန်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး နှလုံးရောဂါကုဌာနရှေ့ သပိတ်စခန်း စင်မြင့်ကနေ လူထုကြီး ကိုပြောကြားခဲ့ပါတယ်။

တရားဟောစင်မြင့်ထက် ငယ်ရွယ်နုပျိုသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကြီးကို စည်းကမ်းရှိဖို့ ညီညွတ်ဖို့ တရားတွေ ဟောပြောခဲ့ပါတယ်။

“အေးအေးချမ်းချမ်း နဲ့ စည်းကမ်းရှိရှိ ဆန္ဒပြကြပါ၊ ကျွန်မတို့ အားလုံးလိုချင်တာ တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စုကြီး၊ အဲသည်လို ပြည်ထောင်စုကြီး ဖြစ်ဖို့ လူထုကြီးကလည်း စည်းကမ်းရှိရမယ်၊ ပထမ ညီညွတ်ရမယ်၊ ညီညွတ်ပြီးရင် စည်းကမ်းရှိရမယ်၊ ညီညွတ်မှုမရှိ၊ စည်းကမ်းမရှိဘူးဆိုရင်တော့ ဘာစနစ်ဖြစ်ဖြစ် တိုင်းပြည်ကို ကောင်းကျိုးမပေးဘူး၊ အန္တရယ် ဖြစ်နိုင်တယ်” လို့ ပြောသွားပါတယ်။

သြဂုတ် ၂၆ ရက်နေ့ နံနက် ၁၁နာရီ ခွဲမှာတော့ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်ကွင်းပြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကို ဒုတိယအကြိမ် တရားဟောခဲ့ပါတယ်၊ ဒီတကြိမ်ကတော့ သူ တဦးတည်း ဟောပြောတာဖြစ်ပါတယ်။

ဒီဟောပြောပွဲမှာ တပ်မတော်နဲ့ ပတ်သက်လို့ “ မိမိသည် တပ်မတော် အပေါ် အင်မတန်မှ သံယောဇဉ် ကြီးကြောင်း၊ ငယ်ငယ်ကတည်းက ရဲဘော်တွေ လက်ထဲမှာ ကြီးလာခဲ့ကြောင်း၊ ဖေဖေ ပြုစုပျိုးထောင်ခဲ့တဲ့ တပ်မတော်နဲ့ ဖေဖေ အပေါ်မှာ အင်မတန် မေတ္တာရှိတဲ့ လူထုကြီးအကြား ပဋိပက္ခ မဖြစ်စေလိုကြောင်း၊ မိမိတို့အားလုံး ညီညွတ်မှသာ တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စုကြီးကို ရောက်နိုင်မှာဖြစ်ကြောင်း” ညီညွတ်ရေးတရားကို ထပ်မံဟောကြားခဲ့ပါတယ်။

ဒါ့အပြင် “မိမိဟာ နိုင်ငံခြားမှာ နေတာမှန်ကြောင်း၊ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျတာလည်း မှန်ကြောင်း၊ သို့သော် ဤအတွက် တိုင်းပြည်အပေါ် မိမိထားသည့် မေတ္တာမှာ မည်သည့်နည်းနှင့်မျှ ကျဆင်းမသွားနိုင်ကြောင်း” တိုင်းပြည်အပေါ်ထားတဲ့ သူ့ရဲ့ စိတ်ထားကိုပါ ထည့်သွင်း ပြောခဲ့ပါတယ်။

အရင်တုန်းက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလို့သာ လူသိများတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ ဒီအချိန်မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ ငြိမ်းချမ်ရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေပါပြီ။

ဒါပေမယ့်လည်း မြန်မာနိုင်ငံရေးဟာ မပြီးဆုံးသေးပါဘူး၊ သူ ဆက်လက်ကြိုးပမ်းနေရဆဲပါ။ မကြာသေးမီ ရက်ပိုင်းကတော့ သဘောထားတင်းမာတဲ့ အစိုးရ စစ်ဗိုလ်ချုပ်ကြီးတွေ ရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ပြီး သမ္မတသစ် ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့၊ မြန်မာနိုင်ငံရေးမှာ တူညီတာတွေကို လက်တွဲလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာလူထုနဲ့ သိအောင် မိတ်ဆက်ပေးခဲ့တာ ကျွန်တော်ပါ” ဆိုတဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးလည်း အင်းစိန်အကျဉ်းထောင်က ထွက်လာလာချင်း သြဂုတ်လ ၂၅ ရက်နေ့ ညနေ လေးနာရီခွဲ စမ်းချောင်းမြို့နယ် ပုဒ္ဓမာကွင်းမှာ လူထုတရားပွဲ ဟောပြောခဲ့ပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးက “တပ်မတော်ဟာ အစဉ်အလာကြီးပြီး ပြည်သူ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်တဲ့ တပ်မတော်ဖြစ်တယ်၊ တပ်မတော်ကို စိတ်နှင့်ပင် မပြစ်မှားသင့်ဘူး၊ အစဉ်လက်တွဲပြီး ရင်ဝယ်သားလို သဘောထားရမှာဖြစ်တယ်၊ စည်းကမ်းရှိပြီး တပ်မတော်ကို ရိုသေရင် ဒီမိုကရေစီရေး ၉၀ ရာခိုင်နှုန်း အောင်မြင်မှာဖြစ်တယ်” လို့ ဟောပြောခဲ့ပါတယ်။

၁၉၈၇-၈၈ တ၀ိုက်က ထွက်ပေါ်ခဲ့တဲ့ စာမျက်နှာ ၄၁ မျက်နှာပါ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးရဲ့ မဆလအစိုးရ ဆန်ကျင့်ရေး စာတွေဟာ အဲ့သည်အချိန်တုန်းက လူထုအကြားမှာ အထူးရေပန်းစားခဲ့တာပေါ့။

ဒါပေမယ့်လည်း “တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့” လို့ ပုဒ္ဓမာကွင်း ဟောပြောမှုကြောင့် ဂယက်ထခဲ့ပြီး နောက်ဆုံး သူ့အပေါ်မှာ လူမုန်းများ ခဲ့တယ် လို့ လျှပ်တစ်ပြက် ဂျာနယ်အယ်ဒီတာ မြတ်ခိုင်နဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဖြေဆိုခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး တယောက် အခုဆိုရင် နိုင်ငံရေး လောကကနေ လုံးဝ အနားယူသွားခဲ့ရပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီမှာတော့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးလည်း ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အရေးပေါ် ဌာနရှေ့ ဆန္ဒပြ ပြည်သူတွေ ထောင်ပေါင်းများစွာကို စနစ်ကျဖို့ စည်းကမ်းရှိဖို့၊ တပ်မတော်ဟာ တဦး တယောက်အတွက် မဟုတ်ဘူး တိုင်းပြည်အတွက် ဖြစ်တယ်ဆိုတဲ့ အကြောင်း ဟောပြောခဲ့ပါတယ်။

လူထုဟောပြောပွဲတွေမှာတော့ ခေါင်းဆောင် သုံးယောက်စလုံးက ပါတီထောင်မှာ မဟုတ်ဘူးလို့ အတိအလင်း ငြင်းဆိုခဲ့ ကြတာကို တွေ့ရပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ သုံးယောက်ပေါင်းပြီး အောင်၊ စု၊ တင်လို့ လူသိများတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကို တည်ထောင်ခဲ့ကြပါတယ်။

NLD ပါတီထောင်ပြီး မကြာခင်မှာပဲ ပါတီအတွင်း ဦးကိုယု၊ ဒေါ်မြင့်မြင့်ခင်၊ ဦးတင်ရွှေ စတဲ့ ကွန်မြူနစ်လိုလားသူတွေကို ထုတ်ပစ်ဖို့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးက တောင်းဆိုခဲ့တယ်၊ ဒါကြောင့် ပါတီအတွင်း မဲခွဲဆုံးဖြတ်ရာမှာ ဦးကြည်မောင်အပါအ၀င် မျိုးချစ်တပ်မှူးကြီးတွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့တဲ့ အတွက် နောက်ဆုံးမှာ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး တယောက် NLD ပါတီက ထွက်ခဲ့ရပါတယ်။













0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved