ထိပ်တိုက်ရင်ဆိုင်ရေး

Tuesday, August 30, 2011


ကျားပေါက်

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ သန့်စင်ရေးလို့ လူပြောများလာတဲ့ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိကြီးများရဲ့ လာဘ်ပေးလာဘ်ယူမှုများနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ် အပြစ်ပေးနေပါတယ်လို့ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

တပ်မတော်အစိုးရလက်ထက် တိုင်းမှူးများ၊ ဗျူဟာမှူးများဟာ စစ်တိုင်းများအတွင်း စစ်ဘုရင်တွေလို သြဇာအာဏာရှိရုံတင်မက ငွေစက္ကူရိုက်စက် အမွေရထားသလို ပရောဂျက်တွေကနေ အမေရိကန်ဒေါ်လာ တရာတန် တွေချည်း စုဆောင်းလေ့ရှိပါတယ်။

စစ်ဘုရင်တွေက တိုင်းအတွင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိကို အိပ်ထဲထည့်ခဲ့ကြပါတယ်။ ဒါဆိုရင် စစ်တိုင်းများအတွင်း မင်းမူနေကြတဲ့ စစ်ဘုရင်လေးတွေ ချမ်းသာကြတာပေါ့လို့ ယူဆစရာရှိပါတယ်။ စစ်ဘုရင်တွေက ရလာတဲ့ နည်းလမ်း ၂ မျိုး ရှိပါတယ်။

(၁) က အဘဆီက တိုက်ရိုက်လာသော စီမံကိန်း၊ နအဖအစိုးရက ဆုံးဖြတ်ပြီး ချပေးတဲ့ စီမံကိန်းများအပေါ် ထိခွင့်မရှိပါဘူး။ ဒါပေမယ့် စီမံကိန်းအတွက် လိုအပ်တဲ့ ထောက်ပို့တွေဆီက ခံစားခွင့်ရှိပါတယ်။
(၂) စစ်ကောင်စီနဲ့လည်းမဆိုင်၊ ဒေသဖွံ့ဖြိုးရေးတွေကို ဘဏ္ဍာရေးဝန်ကြီးဌာန ခွင့်ပြုခဲ့ရင် စားပွဲဝိုင်း ပြင်ထားရုံပါပဲ။ ပို့ဆွမ်းကို စားတယ်ဆိုတဲ့ သဘောပေါ့။

ဒါကြောင့် အထက်အောက် ဆက်ဆံရေးဟာ မြန်မာတပ်မတော်အတွင်း မရှိမဖြစ် အရေးပါတဲ့ လုပ်ငန်းစဉ်တခုဖြစ်ပါတယ်။ စီးပွားရေး ဦးပိုင်ဖြစ်စေ၊ စီးပွားရေးနဲ့ ဆက်စပ်မှုကို ရှစ်လုံး (သီဟသူရတင်အောင်မြင့်ဦး) နဲ့ ဆက်ဆံရေး ပြေလည်ဖို့ စစ်ဘုရင်လေးတွေ ငြိမ်ပိနိုင်မှ စစ်တိုင်းအတွင်းရသမျှ အကုန်ယူစနစ်နဲ့ ရှာဖွေလေ့ရှိပါတယ်။

စီမံကိန်းပြီးတဲ့အခါ၊ စားသောက်ပြီးတဲ့အခါ ရာထူးတက်ရေး ဆက်လုပ်ကြရပါတယ်။ ဒါနဲ့ပဲ လွှတ်တော် ဥက္ကဋ္ဌသစ်နဲ့ ဒုသမ္မတသစ်ဆီ ချဉ်းကပ်၊ တပ်ချုပ်နားပေါက်အောင် ဆောင်ရွက်ကြနဲ့ မြန်မာပြည် အချုပ်အခြာအာဏာ တည်မြဲရေးဆိုတာကို ဘေးထားပြီး စားမယ်ဝါးမယ်၊ ရာထူးတက်အောင် လုပ်မယ်ဆိုတာနဲ့ပဲ လွန်ခဲ့တဲ့ ၂၂ နှစ်ကြာ မြန်မာစီးပွားရေး ဖရိုဖရဲနဲ့ ဖြစ်နေခဲ့ရတာပါ။

စစ်ဘုရင်ဖြစ်တာနဲ့ သူဌေးဖြစ်၊ ဒီတော့ မိသားစု စီးပွားရေးတွေ အခြေခိုင်လာဖို့အတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းဖို့ လိုတာပဲ မဟုတ်လား။ ဒါနဲ့ပဲ အထက်အောက် ဆက်ဆံရေးမှာ နိုင်ငံတော်ကို ဆူပူအောင် ဖန်တီးသူ၊ ဆူပူအောင် ဆောင်ရွက်ဖို့ စဉ်းစားနေသူ၊ ဆူပူမှုကို စိတ်ကူးယဉ်နေသူ အားလုံးကို ၇ နှစ်ကနေ နှစ် ၉၀ ကျော် အပြစ်ပေးတာကို လူသားချင်း မစာနာ၊ သားသမီးချင်း မစာနာနိုင်တော့ဘဲ တပ်ချုပ်ရဲ့ ပြတ်သားတဲ့ မူဝါဒ၊ တပ်ချုပ်ရဲ့ ဗျူဟာတွေလို့ တပ်ရိပ်သာခန်းမတွေ၊ မိသားစု ထမင်းဝိုင်းတွေမှာကို ချီးကျူးနေခဲ့ကြပါတယ်။

အကျိုးစီးပွားအတွက် တပ်ချုပ်ရဲ့ ပြတ်ပြတ်သားသား ကိုင်တွယ်မှုအနေနဲ့ ဗုဒ္ဓဘာသာစစ်စစ် တပ်မင်းတွေ၊ စစ်ဘုရင်တွေက သံဃာတော်တွေကို ရိုက်သတ်နေတာကို လက်ခုပ်သြဘာပေးသံတွေ တညံညံနဲ့ ၂၀၀၇ ကာလတွေမှာ ဖြတ်သန်းခံရပါတယ်။

အတွင်းပြဿနာတွေကိုတော့ တပ်ချုပ်အမိန့်အရဆိုပြီး ဖြုတ်ထုတ်သတ်ကြ၊ နေရာတွေ အရွှေ့ခံရ၊ ဒု ဝန်ကြီး၊ ဝန်ကြီး ဘဝရောက်၊ ကာကွယ်ရေး ဝန်ကြီးဌာန တွဲဘက်ဆိုပြီး နေ့ချင်းညချင်း ဘဝသစ်ရောက်ပြန်ရော။

ဒီမိုနဲ့ တိုင်းရင်းသား နိုင်ငံရေးသမားတွေလည်း ထောင်ထဲရောက်ပြီ၊ အန်တီစုလည်း ထိပ်တိုက် မတွေ့တော့ တပ်မှာ ရန်သူမရှိသောကာလကို ၂၀၁၀ အတွင်း ရင်ဆိုင်ခဲ့ရပါတယ်။ ရန်သူမရှိရင် တပ်အတွက် ရေရှည်အခက်အခဲ ရှိပါတယ်။ ဒါက DSA ကျောင်းဆင်း စစ်ဘုရင်သစ်တွေရဲ့ သုံးသပ်ချက်။

မျိုးဆက်ဟောင်း တချို့လည်း ပြည်ခိုင်ဖြိုး ပလက်ဖောင်းကနေ နိုင်ငံရေးသမားဘဝကို ရောက်သွားတယ်။
တပ်ချုပ်ရဲ့ မင်းတို့ နိုင်ငံရေးထဲ ဝင်မပါနဲ့လို့ တိုင်းမှူးသစ်တွေကို သြဝါဒပေးတာကို မျိုးဆက်ဟောင်းများက အခွင့်အရေးယူပြီး ပါတီဦးဆောင်မှု ရှိရမယ်လို့ တစခန်းထပြန်ရော။ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းဇော် မြစ်ကြီးနားလေဆိပ်မှာ ပြစ်ဒဏ်ပေးမှုကြောင့် ပြည်ခိုင်ဖြိုးနဲ့ စစ်တပ်အကြား တင်းမာမှု ဗွေဆော်ဦး တွေ့ရတာပါပဲ။

မြောက်ပိုင်းတိုင်း တိုင်းမှူး ဇေယျာအောင်ကလည်း အရင် မျိုးဆက်ဟောင်းများ သန်းကြွယ်သူဌေးဖြစ်သွားတဲ့နေရာကို ရောက်လာပေမယ့် ရေအားလျှပ်စစ်၊ သတ္တုတွင်း၊ ကျောက်တွင်းတွေကို ကောက်ရိုးပုံစောင့်တဲ့ ခွေးဘဝရောက်ရပြီလေ။ ဒီစီမံကိန်းကြီးတွေက တိုင်းမှူးအမိန့်နဲ့ ရပ်ပါပြောလို့မရ၊ ပြောရင် သူ့အတွက် ပေါက်ဖော်ဆီက ရေမလာမှာကို အိပ်မက်ပျက်တဲ့ ကလေးတယောက်လို ခံစားရတာပေါ့။

ဒါနဲ့ပဲ အပစ်ရပ် သဘောတူညီချက်က စက်တင်ဘာ ၂၀၁၀ ကတည်းက ကုန်တာကို အကြောင်းပြပြီး KIO ကို ရန်စတော့တာပါပဲ။ KIO ကို တိုက်ချင်လို့တော့ မဟုတ်ပါ။ ငွေတွင်းရှိပါလျက်နဲ့ ဆရာ့ ဆရာများ ပက်ပက်စက်စက် လုပ်သွားတာကို နာလွန်းလို့ပါ။

ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ဒီကနေ့အထိ KIO နဲ့ ဘာဖြစ်လို့ စစ်ဖြစ်ရတာ သိပေမယ့် မပြောကြ။ မူဝါဒတွေကို ရှေ့တန်းတင်နေရတော့ ကာချုပ်လည်း တော်တော်ကို ပင်ပန်းတယ်လို့ ဆိုပါတယ်။

တပ်ချုပ်ကြီးကလည်း မင်းတို့တာဝန်လေဆိုပြီး ပေါက်ဖော်ဆီက ၁ ဘီလီယံကျော် အိတ်ထဲထည့်ပြီး ရွှေတိဂုံဘုရားဖူးလိုက်၊ နေပြည်တော်ခြံဝင်းထဲ တူတူပုန်းတမ်း ကစားလိုက်နဲ့ ကာချုပ် မင်းအောင်လှိုင် အကျပ်တွေ့စေတာပါပဲ။

ကာချုပ်ကလည်း တပ်မင်းတွေ ကျေနပ်အောင် အုပ်ချုပ်ဖို့လိုတယ်လေ။ တိုင်းမှူးတို့ရဲ့ မကျေနပ်သံတွေကို နားထောင်၊ မျိုးဆက်ဟောင်း နောက်ခံတွေကို စရှင်းရတော့တာပါပဲ။ ကာချုပ်အမိန့်ကို ကလန်ကဆန်လုပ်တဲ့ ရန်ကုန်တိုင်း စစ်ဘုရင် (ဗိုလ်မှူးချုပ် ထွန်းသန်း) ကို စပ်စပ်ကလေး ပညာပေးရတော့တယ်။

ကာချုပ်က တကိုယ်တော် လက်စွမ်းမပြရဲသေးဘူး။ ဒါကြောင့် တပ်ချုပ်ဆီကို နေပြည်တော်မြို့တော်ဝန်ကတဆင့် ညတိုင်း တင်ပြရပါတယ်။ သမ္မတကြီးကို တိုးတိုးတိုင်ပင်၊ အဘရွှေမန်းကို ဦးထိပ်ထားပြီး ကစားနေတဲ့ ကာချုပ် မင်းအောင်လှိုင်ရဲ့ပုံရိပ်ကို အလင်းအမှောင် ပိတ်ကားနောက်ခံတွေမှာ မြင်ရပါတယ်။

2 comments :

  1. ကေကေအို said... :

    ဒီပုတ်ထဲက ဒီပဲတွေအကြောင်း ( သိထားသင့်တယ် ဆိုရင်တောင်မှ )အချိန်ကုန်ခံပြီး ပြောမနေပါနဲ့တော့ ဧရာဝတီရယ်။

  1. Anonymous said... :

    Thank you Kya Pauk for this article.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved