လန်ဒန်အစိုးရမှ ကြေငြာချက်ထုတ်ခြင်း

Wednesday, August 10, 2011


(တီဗီမှ ပြနေသော လန်ဒန်မြို့ မီးတဟုန်းဟုန်း ဝရုန်းသုန်းကားမြင်ကွင်းကို ကြည့်၍ အနှီ လူကြီးလူကောင်းတို့ တိုင်းပြည်၌ အဘယ်ကြောင့် ထိုသို့ ပြုမူနေသနည်းဟု ကျွန်ုပ်တို့ ဧရာဝတီ အယ်ဒီတာက မေးခွန်းထုတ်ရာ ကျွန်ုပ်လည်း မဖြေတတ်ရှိသည်နှင့် Myanmar Jokes တွင် အထူးထုတ်ပြန်ထားသော အရေးကြီးသည့် အောက်ပါကြေညာချက်နှင့်သာ အဖြေပေးလိုက်ပါကြောင်း ...)

ယခုရက်ပိုင်းအတွင်း ဖြစ်ပျက်နေသော လန်ဒန်မြို့နှင့် အခြားမြို့များရှိ ဆန္ဒပြ၊ ဆူပူမှုများနှင့် ပတ်သတ်၍ လန်ဒန်အစိုးရ အောက်ပါအတိုင်းကြေငြာချက်ထုတ်ပြန်လိုက်သည်။

၁။ ယခုဖြစ်ရပ်များသည် လူတန်းစားဆင်းရဲချမ်းသာ ကွာခြားမှုပေါ်မူတည်၍ ၎င်းအချက်ကို အခွင့်ကောင်းယူကာ မြန်မာ့အသံ၊ MRTV, MWD တို့၏ သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်ရကြောင်း။

၂။ မိမိတို့အနေဖြင့် ဒီမိုကရေစီနိုင်ငံပီသစွာ ယခင်ကျင်းပခဲ့သော ရွေးကောက်ပွဲများကဲ့သို့ ပါတီကြီး ၂ ခုမှ လက်ဝါးကြီးအုပ်ကာ ယှဉ်ပြိုင်အနိုင်ယူခြင်းမဟုတ်ပဲ ယခုအခါ ပါလီမန်တွင် အဓိကပါတီ ၃ ခုတောင်ရှိလာပြီဖြစ်ကြောင်း။

၃။ အစိုးရဝန်ကြီးအဖွဲ့ ဖွဲ့စည်းရာတွင်လည်း ယခင်ကကဲ့သို့ ပါတီ ၁ ခုတည်းမဟုတ်ပဲ ပါတီ၂ခုပေါင်း ညွန့်ပေါင်းအစိုးရ ဖြစ်လာပြီဖြစ်ကြောင်း။

၎။ မိမိတို့နိုင်ငံတွင် ဘာအလုပ်မှ မယ်မယ်ရရ မရှိပဲ အသုံးအဖြုန်းကြီးသော တော်ဝင်မိသားစု တစ်ခုရှိသည်မှာ မှန်သော်လည်း ၎င်းတော်ဝင်မိသားစုမရှိပါက United Kingdom ဟူသော အမည်မှ Kingdom ကိုဖြုတ်လိုက်လျှင် United သာကျန်တော့မည်ဖြစ်သဖြင့် လွန်စွာကြည့်ရဆိုး၊ ခေါ်ရဆိုးသည့် အမည်ဖြစ် နိုင်သောကြောင့် ဘုရင်စနစ်ကို ဆက်လက်ထားရှိရခြင်းဖြစ်ပါကြောင်း။

၅။ ဆူပူဆန္ဒပြမှုများကို နှိမ်နင်းရာတွင်လည်း မြင်းကဲ့သို့သော လူထက်ကြီးသည့် အကောင်များကို အသုံးပြုခြင်း မရှိဘဲ ခွေးကဲ့သို့လူထက် သေးသည့်အကောင်များကိုသာ အသုံးပြုပါကြောင်း။

၆။ အကယ်၍ လိုအပ်လာပါက ပရီးမီးယားလိဂ် ဘောလုံးအသင်းများမှ ကစားသမားအကုန်ကို ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲအတွက် စီစဉ်ထားပါကြောင်း။

၇။ ယခုလတ်တလောဖြစ်ရပ်များသည် ၂၀၁၂ လန်ဒန်အိုလံပစ်ကို မည်သို့မှ ထိခိုက်စေမည်မဟုတ်ပဲ ထိုအိုလံပစ်ပွဲကြီးကို အေးအေးချမ်းချမ်း အောင်မြင်စွာကျင်းပနိုင်မည်ဟု ယုံကြည်ပါကြောင်း။

၈။ အလုပ်လက်မဲ့လူငယ်များဆူပူရခြင်းမှာ ၎င်းတို့အတွက်အလုပ်အကိုင်များသည် မြန်မာကဲ့သို့သော အင်အားကြီးနိုင်ငံများမှ စီးပွားရေးပိတ်ဆို့ထားခြင်းကြောင့် အလုပ်အကိုင်ရှားပါးခြင်း၊ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်လိုသော အင်္ဂလန်မှ အလုပ်သမားများကို ပြည်ဝင်ခွင့် မပေးခြင်းတို့ကြောင့်ဖြစ်ကြောင်း။

၉။ ထို့အပြင် ရန်ကုန်အခြေစိုက် အင်္ဂလန်ပြည်ပြေးများကလည်း ထိုကိစ္စကို Twitter, Facebook, Google+ မှတဆင့် ပါဝင်ပတ်သက်နေကြောင်းဖော်ထုတ်တွေ့ရှိရကြောင်း။

၁၀။ ဆန္ဒပြဆူပူမှုများကို စစ်တပ်မသုံးပဲ ရဲတပ်ဖွဲ့ဖြင့်သာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ (မှတ်ချက်။ ။ မြောက်အိုင်ယာလန်မှ ခွဲထွက်လိုသူများမပါ။ ၎င်းတို့ပါဝင်ပါက လေယာဉ်ဖြင့်ပါ ဗုံးကြဲမည်ဖြစ်ကြောင်း)

သတင်းပေးပို့သူ

စပ်စုစိန် (စသုံးလုံး) လန်ဒန်နောက်ဖေးလမ်းကြားမှ သတင်းပေးပို့သည်။


5 comments :

  1. Anonymous said... :

    ဟား ဟား ဟား ဟီး ဟီး ... သရော်ချက်က လန်ထွက်နေရောပဲ ... အမှန်တွေချည်း သားစိုး လုပ်ထားတယ် ...

    *ရောသမမွှေ :D

  1. Anonymous said... :

    ထုတ်ပြန်ကြေငြာချက်ခေတ်ကုန်သွားပြီ အိတ်ဖွင့်ပေးစာ ပေးရမှာဗျ

  1. Anonymous said... :

    ရေးစရာသတင်း ဧရာဝတီမှာကုန်သွားပြီထင်တယ် သတင်းမဟုတ် ဟာသမဟုတွေ ရေးနေပါသည်။

  1. ရုရှားရောက် မောင် ဂန်ဒူး said... :

    စစ်အာဏာရှင်နိုင်ငံတွေလို သေနတ်နဲ့ တခါထဲ ပစ်သတ်ပြီး အလောင်းကို ဖျောက်ပစ်လိုက်ရင် ပြီးတဲ့ကိစ္စလေး ကိုများေ သနတ်မသုံးဘဲ နှိမ်နှင်းနေတာကိုးဟ။ အ . လိုက်တဲ့ အင်္ဂလန်
    သန်းရွှေဆီလာပြီး နည်းယူဦး။

  1. Anonymous said... :

    ဧရာဝတီကဲ့သို့ မြန်မာလူမျိုးများ အားထားရာ ဂုဏ်သရေရှိ သတင်းဌာနကြီးအနေနဲ့ အတည်အတန့် သတင်းများနှင့် သရော်စာများကို ဒွေးရောယှက်တင် မတင်စေလိုပါ။ သတင်းအမှတ်ဖြင့် ဝင်ရောက်ဖတ်ရှုရာတွင် သရော်စာဖြစ်နေသောအခါ များတွင် စာဖတ်သူများအဖို့ အလွန်ကသိကအောက်ဖြစ်ကြရပါသည်။ သရော်စာများ၊ ဟာသများအတွက် သီးသန့် ကဏ္ဍတစ်ရပ် ခွဲထုတ်ပြီး တင်ဆက်ပေးမည်ဆိုပါက ပိုမိုသင့်လျှော်မည်ဟု ယူဆပါကြောင်း အကြံပြုလိုပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved