နယူးဒေလီ တရားရုံးချုပ် အနီး ဗုံးကွဲ

Wednesday, September 7, 2011


နယူးဒေလီ တရားရုံးချုပ်တွင် ဗုံးပေါက်ကွဲမှုအပြီး ချထားသော လုံခြုံရေးများ (ဓာတ်ပုံ - sify.com)

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ တရားရုံးချုပ်ရဲ့ လူအစည်းကားဆုံး ဂိတ်အမှတ် ၅ က ကားရပ်နားနေရာမှာ ချိန်ကိုက်ဗုံးတလုံး ဒီနေ့မနက် ၁၀နာရီ ၁၅ မိနစ်လောက်မှာ ကွဲခဲ့လို့ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

အဲ့ဒီနေရာ အနီးအနားမှာရှိနေတဲ့သူတွေက အမျိုးသားတယောက်ဟာ လက်ဆွဲသေတ္တာလေးတလုံး သယ်လာပြီး ဗုံးကွဲမယ့်နေရာနားမှာ ချထားတာတွေ့ရပြီး မကြာခင်မှာ ၀ုန်းခနဲ ထကွဲတော့တာပါပဲ လို့ ပြန်ပြောပြကြပါတယ်။ ဒေလီရဲနဲ့ ကျွမ်းကျင်သူတွေကတော့ ဗုံးဟာချိန်ကိုက်ဗုံးဖြစ်တယ်လို့ ဆိုပါတယ်။

အခုဗုံးပေါက်ကွဲတဲ့ ကားရပ်နားနေရာမှာ CCTV ကင်မရာတွေ မရှိတာကြောင့် ဗုံးဖောက်ခွဲသူလက်သည်ကို စုံစမ်းဖို့ ခက်နေတယ်လို့ ဆိုပါတယ်။

ပြည်ထဲရေးဝန်ကြီး ချီဒန်ဗရန်က စက်တင်ဘာလ ၉ ရက်နေ့ဟာ မွန်ဘိုင်း တက်ခ်ျဟိုတယ်မှာ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု နှစ်ပတ်လည်နေ့ဖြစ်ပြီး အဲ့ဒီနေ့မတိုင်ခင် ဒေလီမှာ ဒီလိုပေါက်ကွဲမှုဖြစ်တာဟာ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ပြောသလို၊ ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းကလည်း ဒီလို ဗုံးတွေခွဲနေတဲ့ လုပ်ရပ်ဟာ သူရဲဘောကြောင်သူတွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဒဏ်ရာရသူတွေကို AIIMS, Safdurjung, LNJP နဲ့ RML ဆေးရုံတွေမှာ ကုသပေးနေပြီး တချို့က ဒဏ်ရာပြင်းပြင်းထန်ထန်ရကြတယ်လို့ သိရပါတယ်။ သေဆုံးသွားသူတွေအတွက် အိန္ဒိယအစိုးရက တယောက်ကို ရူပီး၂သိန်း လျော်ကြေးငွေပေးမယ်လို့ ဆိုပါတယ်။ ဒီဗုံးပေါက်ကွဲမှုကို အမျိုးသားထောက်လှမ်းရေးအဖွဲ့က ကိုင်တွယ်စုံစမ်းမယ်လို့ ဆိုပါတယ်။

ဒီတရားရုံးချုပ်အပြင်ဖက်မှာ ဗုံးကွဲတာဟာ ဒီနှစ်အတွင်းမှာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းက ဂိတ်နံပါတ် ၇ နားက ကားရပ်နားနေရာမှာပါ။ အဲ့ဒီတုန်းကတော့ ရပ်ထားတဲ့ကားအောက်မှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေထည့်ထားပြီး အဝေးထိန်းစနစ်နဲ့ လှမ်းခွဲတဲ့ ဗုံးလို့ ဆိုပါတယ်။ အဲ့ဒီတုန်းကတော့ ထိခိုက်သေကြေမှု တစုံတရာမရှိခဲ့ပါဘူး။

ဒီပေါက်ကွဲမှုဖြစ်ပြီးနောက်မှာတော့ မွန်ဘိုင်းမှာလည်း လုံခြုံရေး တပ်လှန့်ထားသလို ဒေလီတမြို့လုံးမှာလည်း လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားပါတယ်။

အိန္ဒိယသတင်းသမားတွေ၊ ပြည်သူတွေကတော့ အရင်ကလည်း ဗုံးပေါက်ကွဲဖူးတဲ့နေရာမှာ ဘာဖြစ်လို့ လုံခြုံရေးအတွက် CCTV တွေမတပ်ထားသလဲ၊ လုံခြုံရေး ဘာကြောင့် ဒီလောက်ပေါ့ဆရလဲဆိုပြီး အစိုးရကို မေးခွန်းထုတ်နေကြပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved