ပိတ်ထားတဲ့ သတင်းဆိုဒ်တွေ ပြန်ပွင့်၊ အကျဉ်းကျ သတင်းထောက်များလည်း လွှတ်ဖို့လို

Tuesday, September 20, 2011


စက်တင်ဘာလ ၉ ရက်နေ့က ဘန်ကောက်မြို့မြန်မာသံရုံးရှေ့တွင် သတင်းထောက် လှလှဝင်း၊ လူရွှင်တော် ဇာဂနာတို့၏ ရုပ်ပုံများဖြင့် ဆန္ဒပြနေသူတချို့ (ဓာတ်ပုံ - ဧရာဝတီ)

မြန်မာပြည်တွင်းမှာ အရင်က ပိတ်ထားတဲ့ Youtube, ဘီဘီစီ၊ Reuters, ဘန်ကောက်ပို့စ်၊ စထရိတ်တိုင်းမ်၊ အာအက်ဖ်အေ၊ ဧရာဝတီ၊ ဒီဗီဘီနဲ့ ဗီအိုအေ ဝက်ဘ်ဆိုဒ်တွေကို ပြန်ဖွင့်ပေးထားတာ စမ်းသပ်ကြည့်ပြီးကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က သူတို့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ အင်တာနက်ကော်နက်ရှင်ကတော့ ထုံးစံအတိုင်း နှေးနေဆဲပါပဲတဲ့။

“အင်တာနက်ဆိုင်တွေ ကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းတွေကို တင်းကျပ်လိုက်ပြီး လပိုင်းအကြာမှာ ဝက်ဘ်ဆိုဒ်တွေကို ပြန်ဖွင့်ပေးလိုက်တာ စိတ်ဝင်စားစရာပဲ။ ပိတ်ဆို့ ဆင်ဆာဖြတ်ထားတာကို ဖွင့်တယ်ဆိုရင်လည်း အာဏာပိုင်တွေ အနေနဲ့ လူသိရှင်ကြား အသိပေးသင့်ပါတယ်။ အရင်ပိတ်ထားတဲ့ ဆိုဒ်တွေကို ပြန်ဖွင့်ပေးလိုက်ပေမယ့် ကြည့်ရှုသူတွေကို ခြိမ်းခြောက်မှုမျိုး မရှိကြောင်း၊ အနှောက်အယှက်ပေးမှာ မဟုတ်ကြောင်း အာဏာပိုင်တွေက အာမခံသင့်တယ်” လို့ RSF က ဆိုပါတယ်။

ပြည်ပအခြေစိုက် ဦးဆောင်မီဒီယာတွေ ဖြစ်တဲ့ ဧရာဝတီနဲ့ ဒီဗီဘီတို့ကို အခု ကြည့်လို့ ရနေကြောင်း RSF က ရေးထားပြီး ဒီသတင်းဌာနတွေရဲ့ ပြည်တွင်းသတင်းထောက်တွေ အကျဉ်းချထားတာကို ပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

စည်သူဇေယျ (ထောင်ဒဏ် ၁၈ နှစ်)၊ ငွေစိုးလင်း (ထောင်ဒဏ် ၁၃ နှစ်)၊ မောင်မောင်ဇေယျ (ထောင်ဒဏ် ၁၃ နှစ်)၊ ဝင်းမော် (ထောင်ဒဏ် ၁၈ နှစ်)၊ လှလှဝင်း (ထောင်ဒဏ် ၂၇ နှစ်) အပါအဝင် ဂျာနယ်လစ် ၁၇ ဦးနဲ့ အင်တာနက် သုံးစွဲရေးသားနေသူ (Netizen) ၃ ဦးတို့ကို ပြန်လွှတ်ပေးဖို့ RSF က ထုတ်ပြန်ကြေညာထားပါတယ်။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved