ဒါဖတ်ပြီးမှ ကော့သောင်းကို လာပါ

Monday, September 5, 2011

.






ထိုင်း၊ မလေးရှားတို့ကို သွားရာ တံခါးပေါက်တခု ဖြစ်နေတဲ့ ကော့သောင်းမြို့(ဓာတ်ပုံ - wufgaeng/flickr)


သန့်ဟိန်းထွန်း၊ ကော့သောင်း

ထိုင်းမြန်မာ နယ်စပ်မြို့ ကော့သောင်းကို အလုပ်အကိုင် ရှာဖွေသူတွေဟာ အရင်လိုပဲ တဖွဲဖွဲ့ ရောက်နေကြဆဲပါ။ ကော့သောင်းရောက်ရင်တော့ ခရီးသည်ရဲ့ နိုင်ငံသားစိစစ်ရေးကတ်က ၆/ကသန မဟုတ်ဘူး နယ်မြေမှတ်ပုံတင် မဟုတ်ဘူး ဆိုရင်တော့ အဖမ်းခံရနိုင်ပါတယ်။

ငွေသိန်းချီ ပေးရင် လွတ်နိုင်သလို ကိုယ့်အသိအကျွမ်း ကော့သောင်းမြို့ခံက ကူညီရင်လည်း လွတ်ပါတယ်။

ကော့သောင်းကို ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်း တို့ကနေ ရောက်လာပြီး ဂိတ်တွေမှာ သောင်တင်၊ အဖမ်းခံနေရရင် မြို့ခံက အိမ်ထောင်စုစာရင်းပြပြီး သွားရောက်ထုတ်ယူရပါတယ်။

ထုတ်မယ့်သူမရှိရင်တော့ ရပ်ကွက်အုပ်ချုပ်ရေးမူးရုံးများမှာ ရက်ပေါင်းများစွာ ထိမ်းသိမ်းခံထားရမယ်၊ နေရပ်ရင်းကို ပြန်ပို့ခံရမယ်။

ပြန်ပို့ခံရတယ် ဆိုတာ ကိုယ့်စရိတ်နဲ့ကိုယ်ပေါ့။

အပို့မခံရခင် အပြင်သို့ထွက်ခွင့်မရဘဲ ချုပ်ထားတဲ့နေရာမှာပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် စားသောက်ရပါတယ်။ အပိုငွေ မပါလာတဲ့ ခရီးသည်များမှာ စားသောက်ရေးအတွက် အခက်ခဲ များစွာဖြစ်၊ စိတ်ဖိစီးမှုများဖြစ်လို့ သေကြောင်းကြံတာတွေတောင် ရှိတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း ပုလောမြို့နယ်မှ တားဆီးခရီးသည် ကိုမောင်နိုင်ရဲ့ ပြောဆိုချက်ကို နားထောင်ကြည့်ပါအုံး

“ ကျွန်တော်တို့ ပုလောကနေ ဒီကိုရောက်တာ ၁၀ ရက် ရှိပါပြီ အမြန်ယာဉ်နဲ့လာတာပါ (ရှပ်ပြေးရေယာဉ်) ဦးလေး လိပ်စာနဲ့ ရပ်ကွက်ကိုပြောပေမယ့်လည်း (ကော့သောင်းမှတ်ပုံတင် မဟုတ်၍) တစ်ဖက်နိုင်ငံသို့ တရားမ၀င် အလုပ်သွားလုပ် မှာလား ဆိုပြီး အမျိုးမျိုးရစ်ကာ ဖမ်းဆီးထားလိုက်ပါတယ်။ ဖမ်းပြီး အဏ္ဍာဝါရပ်ကွက် အုပ်ချုပ်ရေးမူးရုးံမှာ ထားပါတယ်။ အခုဆိုရင်(၁၀)ရက်ရှိပါပြီ။ အစားသောက်ကိုတော့ ကိုယ့်စရိတ်နဲ့ကိုယ်စားရပါတယ်။ ငွေပိုပါလာမလာတော့ တစ်ရက်နှစ်ရက် လောက်ပဲ စားရပြီး ကျန်တဲ့ရက်တွေမှာတော့ အပြင်က အလှူရှင်ရှိရင် စားရပါတယ်။ အလှူရှင် မရှိရင်တော့ ထမင်းမစားရပါဘူး။ အခုတော့ ကျွန်တော်တို့ နေရပ်ကိုပဲ ပြန်ပါတော့မယ်။ ပြန်မယ်ဆိုရင် ကိုယ့်စရိတ်နဲ့ကိုယ် လက်မှတ်ဝယ်ပြီး ပြန်ရပါတယ်။ ကားဂိတ်မှာ တာဝန်ကျရဲကို လဘ်ထိုးပြီး နေကျန်ခဲ့လို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်မတတ်နိုင်လို့ ပြန်ပါတော့မယ်”

တကယ်ဆိုရင် ဒီခရီးသည်တွေက ပြည်တွင်းမှာ လွတ်လပ်စွာ သွားလာနိုင်ရမယ်။ သူတို့ဟာ နိုင်ငံ သား စီစစ်ရေးကတ် ကိုင်ဆောင်ထားသူတွေပါ။ မှတ်ပုံတင်ရှိပြီး ကိုယ့်နိုင်ငံထဲမှာကိုပဲ လွတ်လပ်စွာ သွားလာခွင့် မရသလိုဖြစ်နေတယ်။ လူ့အခွင့်ရေးဟာမြန်မာပြည်ထဲမှာ မရှိသလောက်ပါပဲ။

တဖက်နိုင်ငံ တရားမ၀င်သွားမှာကို တားဆီးမယ် ဆိုရင်လည်း တစ်ဖက်နိုင်ငံကို ထွက်တဲ့ ဂိတ်ပေါက်တွေမှာ စီစစ်ပြီး ဖမ်းသင့်တာပေါ့ လို့ ဒေသခံ ကိုသန်းနိုင်က ပြောပါတယ်။

လူကုန်ကူးမှုတားဆီးရေးအဖွဲ့လား??? ရှိပါတယ်။ ဒီအဖွဲ့ကို မြို့နယ်အုပ်ချုပ်ရေး ဥကဌ ကအဖွဲ့ခေါင်းဆောင်ပြီး ရဲ၊ SB လို့ ခေါ်တဲ့ ရဲထောက်လှမ်းရေး၊ လ၀က၊ စရဖ စတဲ့ အဖွဲ့စုံနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဖွဲ့ထားတာ ယခင်စစ်အစိုးရ လက်ထက်ကတည်းကပါ။

သူတို့နဲ့ ဆက်သွယ်ပြီး အကျိုးတူ လုပ်ကြတဲ့ လူပွဲစားတွေနဲ့ ညှိနှိုင်း လုပ်ဆောင်မယ် ဆိုရင်တော့ တားဆီး စစ်ဆေးခြင်းမခံရဘဲ လွတ်လပ်စွာ သွားလာခွင့် ရနေတယ်လို့ သိရပါတယ်။



.

1 comments :

  1. aaa said... :

    ကော့သောင်မှတ်ပုံတင်မဟုတ်ရင်ဖမ်းတယ်ဆိုတော့၊
    အဲ့ဒီမြို့ကဘယ်နိုင်ငံမှာလဲဟင်?
    သူတို့ကဆင်ရုပ်တို့၊ Lion ရုပ်တို့ပါတဲ့
    အော်တိုမာတီမှတ်ပုံတင် အထပ်လိုက်ဆိုရတယ်ပေါ့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved