ဦးကျော်ဆန်း တကယ်ပဲ ဇာတ်ထောင်တော့မလား

Thursday, September 8, 2011


မနေ့က လွှတ်တော်ထဲမှာ ပြည်ထောင်စု ဝန်ကြီး ပြန်ကြားရေးဝန်ကြီး ကျွန်ုပ်တို့၏ ဖောက်သည်ကြီး ဦးကျော်ဆန်းတယောက် ဘုရားဟော ဇာတ်တော်ကြီး တပုဒ်ကို တနာရီလောက် ခင်းသွားပါသတဲ့။ လွှတ်တော် ဥက္ကဋ္ဌကတောင် မနည်း တားယူရဆိုပဲ။ ဝါသနာတွေ၊ ဝါသနာတွေ။ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်သားတာတေကလည်း မနေ့က လွှတ်တော်ကြီးနဲ့ တပြိုင်တည်းလိုလို ရုက္ခစိုးနဲ့ ထွေရာလေးပါး အစီအစဉ်မှာ ဘာရေးရင် ကောင်းမလဲ ခေါင်းခြောက်နေရာကနေ ဖောက်သည်ကြီးကိုပဲ ဇာတ်လိုက်တင်တော့မယ်လို့ ဆုံးဖြတ်ပြီး သူ့ကို ဇာတ်ထောင်ခိုင်းမိ ခဲ့ပါတယ်။

ကိုတာတေ့ မိတ်ဆွေတချို့က လှမ်းပြောတယ်။ ကိုတာတေအာရုံများ ရနေသလားတဲ့။ အဲလိုတော့ မဟုတ်လောက်ဘူး သူ့အကြောင်းက ပြောပေါင်းများ၊ ရေးပေါင်းများလို့ အံခွနေပြီဆိုသလို သူ ဘယ်လို ခြေလှမ်းမယ်၊ ဘယ်ခွင်ကို နင်းမယ်ဆိုတာ နည်းနည်း ရိပ်မိသလို ဖြစ်နေတာ။ ဒါပေမယ့် ဒီတခါကိုတာတေ ရုက္ခစိုး ရေးမယ်ဆိုရင်တော့ ဦးကျော်ဆန်းကို အာရုံ လှမ်းပြုဖို့ လိုမယ်ထင်တယ်။

တလောက ဒေါ်အောင်ဆန်းစုကြည်ပုံကြီးနဲ့ အင်တာဗျူးတွေ ဆောင်းပါးတွေ ဖော်ပြခွင့်ရလေတော့ ကိုတာတေ့မိတ်ဆွေ စာပေ ရောင်းရင်း တော်တော်များများက အကောင်းမြင်ကြတယ်။ သတင်းကောင်းတို့၊ မိုင်ပေါင်းများစွာအတွက် ခြေတလှမ်းက စရတယ်တို့ ... ဘာညာသာရကာ မျက်နှာစာအုပ်မှာလည်း တွေ့ရရဲ့။ အင်း ခြေတလှမ်းက စရတာတော့ ဟုတ်ပါရဲ့ ... အဲဒီခြေတလှမ်းကနေ ရှေ့မရောက်တော့ရင်တော့ ပြဿနာရှိသပေါ့။ အကောင်းမြင်တာ အပြစ်မဆိုပါဘူး ကောင်းတာပေါ့။ သို့သော် ကောင်းမှ မကောင်းတာကို ဘယ်နားက အကောင်းကိုရှာပြီး မြင်ရမှာလဲ။ ကိုတာတေက မြန်မာပြည် သတင်းလောကထဲ နည်းနည်း မွှေခဲ့လေတော့ ဘိုးတော် ကျော်ဆန်းရဲ့ လုပ်ပေါက်တွေကို သိထားပြီးသား ... သူတကယ် ကောင်းတာလုပ်ရင်တောင် နည်းနည်းတော့ စောင့်ကြည့်ဦးမှာ။ ဒီလူကြီး ဘာထွင်ပြန်ပလဲ၊ ဘယ်အကွက် ရွှေ့ပြန်ပလဲ လို့ပဲ စဉ်းစားတယ်။ ထင်တဲ့အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးပါတဲ့ ဂျာနယ်ကို ပုံသေးမချုံ့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်ဆက်တွဲတင်ခွင့် ပိတ်လိုက်သတဲ့။ အဲဒါပဲ ... ဒါ ဦးကျော်ဆန်းပါပဲ လို့သာ ပြောရတော့မှာပဲ။

ဒါ ထားဦး ... လွှတ်တော်ထဲမှာ သူပဲ ဘီလူးဆိုင်းတီးလိုက် (မနေ့က လွှတ်တော်မှာ မီဒီယာကို လွှတ်ကောဆိုပဲ၊ တနေ့ကတော့ ပြည်တွင်း ငြိမ်းချမ်းရေး အကြောင်းပြောတဲ့ တိုင်းရင်းသားပါတီတွေကို ကြိမ်းတာ)၊ ဘုရားဟောတွေရွတ်လိုက်၊ သတင်းစာ ရှင်းလင်းပွဲလုပ်ရင်း ငိုချင်းတွေချလိုက်နဲ့ အမျိုးမျိုး ဖြစ်နေတော့ တကယ်ပဲ ဦးကျော်ဆန်း ဇာတ်ထောင်တော့လေမလား စဉ်းစားစရာပဲနော်။ သူ့ပုံစံနဲ့ ဖြစ်နိုင်ခြေတော့ ရှိပါတယ်။ အဝတ်အစားဖိုးလည်း သက်သာမယ်၊ မင်းသားပုဆိုးက ရှည်တော့ တခါဝယ်ရင် နှစ်ပိုင်းဖြတ်ပြီး နှစ်ခါ ဝတ်လို့ရတာပေါ့။

သူ မနေ့က လွှတ်တော်ထဲမှာ ခင်းသွားတဲ့ ဇာတ်က စိတ်ဝင်စားစရာတော့ ကောင်းတယ်။ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်း ဇာတ်တဲ့ဗျ။ ဦးကျော်ဆန်းဇာတ်ထောင်ရင် ဒီဇာတ်တော်ကြီး ကမယ်ထင်တယ်။ အဲဒီအခါကျ သူက အရပ်သိပ်ပု လွန်းတော့ ဆဒ္ဒန်ဆင်မင်း နေရာကလည်း ကလို့မဖြစ်ဘူး၊ သောနုထိုရ် မုဆိုးကြီးဆို ပိုမဖြစ်နိုင်သေးတယ်၊ ထမ်းလာတဲ့လေးနဲ့ သူ့အရပ်က အတူတူလောက်ရှိမှာ၊ ဖြစ်နိုင်ခြေရှိတဲ့ တနေရာကို ကိုတာတေ အကြံလှမ်းပေးလိုက်ဦးမယ်။ စူဠသုဘဒ္ဒါ ပေါ်ကျလာတဲ့ ခါချဉ်ကောင် နေရာကဆိုရင်တော့ ဖြစ်နိုင်မယ်ထင်တယ်။ အကောင်က သေးသလောက် ကိုက်ဖို့ပဲ ချောင်းနေတာ။ ခါချဉ်ကောင် ပြောပါတယ်။ တကယ်တော့ မနေ့က လွှတ်တော်မှာ ဦးကျော်ဆန်းက သတင်းထောက်တွေကို ခါချဉ်ကောင်တွေနဲ့ နှိုင်းခဲ့တာ ဆိုပဲ။ ကိုတာတေ အာရုံရနေတယ်။

(သတင်းကို ဒီနေရာမှာ ဖတ်)

တာတေစ် သဂရိတ်

5 comments :

  1. Anonymous said... :

    http://www.youtube.com/watch?v=5zgvSUXYfGU
    ကြက်ဥခိုးချင်သော ဦးကျော်ဆန်း

  1. ကေကေအို said... :

    ငိုချင်းချတာလဲ လုပ်တတ်နေပြီ။ ဘီလူးဆိုင်းလဲ တီးတတ်နေပြီ။ မီဒီယာကိုလဲ ထိန်းကျောင်းတတ်နေပြီ။ ဇာတ်ထောင်မယ်ဆိုလဲ ထောင်နိုင်နေပါပြီ။ ပါတီထောင်မယ်ဆိုလဲ ဖြစ်နေပါပြီ။ ပုံကြီးမချဲ့နဲ့နော်။

  1. Anonymous said... :

    ဇာတ်နံမည်တောင်ပေးပြီးသွားပြီ အင်္ဂါံဇာတ်တဲ့

  1. Anonymous said... :

    Clearly, Kyaw San is public hate figure of Myanmar people.
    မြန်မာပြည်မှာ လူမုန်းအများဆုံးခံရတဲ့သူတွေကို ရွေးချယ်ရင်
    သေချာတယ်...ဦးကျော်ဆန်း ပါလိမ့်မယ်..။

  1. မောင်ကောင်း said... :

    မီဒီယာတွေကလဲပြောလဲပြောချင်စရာပဲ ကျော်ဆန်းလေးက မီဒီယာတွေရဲ့သဘောကိုစမ်းသပ်တဲ့အနေနဲ့ ဖိန့်ဖိန့်နဲ့ ဧရာဝတီငိုချင်းချပြလိုက်တာ တကယ်တော့အဲ့ဒါစမ်းသပ်လိုက်တာနေမယ် ဟောမီဒီယာတွေက ချက်ချင်းပဲ ကျော်ဆန်းလေးငိုတာကို တကမ္ဘာတလွှားမရပ်မနားကို သတင်းလွှင့်လိုက်တော့ ကျော်ဆန်းလေးက အတေးအမှတ်ထားပြီး မီဒီယာတွေက လွတ်လပ်ခွင့်မတန်သေးဘူးဆိုပြီး လုပ်ချလိုက်တာ ခင်ဗျားတို့ မီဒီယာတွေကလဲ နောင်ဆို ဝန်ကြီးကို ပြောင်သလို ပျက်သလို မလုပ်ကောင်းပါဘူးဗျာ :P

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved