နိုင်ငံကို တကယ်မချစ်လို့ စွန့်ရစ်လေရော့သလား
Thursday, September 1, 2011
(ဒီဆောင်းပါးဟာ ဖေ့စ်ဘုတ်တို့ ဂျီမေးလ်တို့မှာလည်း ပြန့်နေတာ တွေ့ရပါတယ်။ မဖတ်ရသေးသူတွေ ဖတ်နိုင်အောင် ဒီနေရာက ပြန်တင်ပေးလိုက်ပါတယ်။)
အစိုးရသစ်ရဲ့အကြံပေးအဖွဲ့က ဦးဝင်စတန်ဆက်အောင် ပြောလိုက်တဲ့ ပညာတတ်များ ပြန်လည်ခေါ်ယူရေးဆိုတာလေး ကြားပြီးကတည်းက ကျမ ရင်ထဲမှာ ပြောချင်တာလေးတွေ ပလုံစီနေပါတယ်။ ဒါပေမယ့် ကိုယ်ကလည်း စာချောအောင် မရေးတတ်၊ ကွန်ပျူတာကလည်း ဝလုံးတန်းဆိုတော့ စာရိုက်ရမှာ ကြောက်တာတွေပေါင်းပြီး လက်တွန့်နေမိပါတယ်။
၅-၈-၂၀၁၁ ကြေးမုံသတင်းစာမှာပါတဲ့ မောင်တင်အေး (သရက်) ရဲ့ နိုင်ငံကိုစွန့်ခွာခြင်း ဆောင်းပါးကိုဖတ်ရတော့ ပြော ချင်စိတ်တွေ တားမရတော့ပါဘူး။ တတ်သလောက် မှတ်သလောက်နဲ့ဒီ Post လေးတင်ပြီး ရင်ဖွင့်ချင်ပါတယ်။ အပြော မတတ်လို့ ဆဲသလိုဖြစ်ရင်လည်း ခွင့်လွှတ်ကြပါလို့ တောင်းပန်ချင်ပါတယ်။
ပထမဆုံးပြောချင်တာကတော့ ကျမဟာ နိုင်ငံကိုစွန့်ခွါသူထဲမှာ မပါကြောင်းပါ။ အခုထိ ကျမ မြန်မာပြည်ထဲမှာပဲ စွဲစွဲမြဲမြဲ နေထိုင်လျက်ရှိပါတယ်။ ဘယ်ကိုမှလည်း ပြောင်းရွှေ့ဘို့ခြေလှမ်း နေခြင်းမရှိပါ။ ကျမရဲ့ သူငယ်ချင်းမိတ်ဆွေ၊ ဆွေမျိုး သားချင်းတွေထဲမှာတော့ နိုင်ငံကို စွန့်ခွာသူတွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် ကျမ ဘယ်တော့မှ သူတို့ကိုအပြစ် မမြင်၊ အပြစ်မတင်ခဲ့ပါဘူး။ သူတို့တွေ နိုင်ငံကိုမချစ်လို့ စွန့်ခွါသွားကြတယ်လို့လည်း ဘယ်တုံးကမှ မထင်ခဲ့ပါဘူး။ ကျမ တို့ ဒီတိုင်းပြည်ကို ချစ်သလောက် သူတို့လည်း ချစ်ကြမှာပါ။ မေးကြည့်လိုက်ပါ။ အကယ်၍ သူတို့လက်ရှိနေတဲ့ တိုင်း ပြည်နဲ့ မြန်မာပြည် အားကစားပွဲတခုမှာ ထိပ်တိုက်ဆိုရင် ဘယ်သူ့ကိုနိုင် စေချင်သလဲလို့။ သူတို့ မြန်မာလို့ဘဲဖြေကြမှာ ပါ။ ဒါဆိုသူတို့ဘာလို့နိုင်ငံကို စွန့်ခွါသွားကြသလဲလို့မေးရင် ကျမ အမြင်မှာတော့ သူတို့ကို နိုင်ငံတော်ရဲ့တာဝန်ရှိသူများ က တန်ဖိုးမထားခဲ့လို့နဲ့ သူတို့ရဲ့မျိုးဆက်သစ်တွေရဲ့နောင်ရေးအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကိုပေးချင်လို့ ဆို တဲ့အဖြေနှစ်ခု ကျမ တွေ့ပါတယ်။
သူတို့ကိုနိုင်ငံတော်ရဲ့တာဝန်ရှိသူများက တန်ဖိုးမထားလို့ဆိုတဲ့ အကြောင်း ကျမကိုယ်တွေ့တွေနဲ့ ရှင်းပြပါမယ်။ ကျမတို့ ဘွဲ့ရတဲ့ခေတ်က အစိုးရဝန်ထမ်း အလုပ်ရဘို့ အလွန်ခက်ပါတယ်။ ဝန်ထမ်းရွေးချယ်လေ့ကျင့် ရေး စာမေးပွဲကို ရေးဖြေ၊ နှုတ်ဖြေ စစ်ဆေးပြီး အောင်မှ သတ်မှတ်ဦးရေဘဲ ခန့်ထားတဲ့စနစ်ပါ။ ဆရာဝန်တွေ အတွက်တော့ ဝန်ထမ်းလုပ်သက် ၂ နှစ်ရှိမှ ဘွဲ့လွန်ဖြေခွင့်ပေးတဲ့ ခေတ်ပါ။
ကျမဟာ ငယ်ငယ်ကတည်းက ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ “သူ” ၊ဒေါက်တာထွန်းရွှေရဲ့ “သက်ဝေမေကျော့”၊ ဒေါက် တာမောင်သင် ရဲ့“ကိုယ်တွေ့ဝတ္ထုတိုများ” နဲ့ ကြီးခဲ့ရတော့ အဲဒီဝတ္ထုတွေထဲကလို စေတနာဆရာဝန် ဖြစ်ချုင်ခဲ့သူပါ။ ငယ်ငယ်က ရွှေသွေးထဲမှာ ဖတ်ခဲ့ရတဲ့ ကယားပြည်နယ်က ဆရာဝန်မလေး သူလက်ထပ်တဲ့နေ့မှာ ဧည့်ခံပွဲကျင်းပနေရင်း ထားခဲ့ပြီး မီးမဖွားနိုင်တဲ့ လူနာကို ဆေးသွားကုပေးလို့ ယောက္ခမလောင်းက မင်္ဂလာပွဲဖျက်ပစ်တာတွေ၊ သူသေတော့ ဆေးခန်းက “အထက်သို့”ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်လေးကို ကယားလူမျိုးတွေက အုတ်ဂူလေးမှာ တပ်ပေးတာတွေ ဖတ်ရင်း မျက်ရည်ကျမတတ် အားကျမိခဲ့ရသူပါ။ ပြောရရင်တော့ နိုင်ငံ့ဝန်ထမ်း ဆရာဝန်လုပ်ဖို့ စိတ်အားထက်သန်ခဲ့သူ လို့ ပြောချင်ပါတယ်။
ကျမတို့ ရှေ့အတန်းက အကိုအမတွေ အောင်ပြီးသော်လည်း ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးက စာမေးပွဲမကျင်းပပေးလို့ ဆမ လက်မှတ်ကိုင်ပြီးစောင့်နေကြတာ ၄-၅ နှစ်ထက် မနည်းတော့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် ကျမတို့ အောင်တဲ့နှစ်မှာ (ကျမတို့ အတန်းက လူကြီးသားသမီးတွေများတယ်) စာမေးပွဲခေါ်ပြီဆိုတော့ အရမ်းပျော်ရပါတယ်။ အင်္ဂလိပ်စာနဲ့ ဗဟု သုတ စာမေးပွဲ နှစ်ဘာသာအတွက်လည်း လေ့လာရပါတယ်။ ကျူရှင်က နယ်မှာနေတာလည်းဖြစ်၊ တသက်လုံး ကျူရှင် မတက်ခဲ့ဘူးတော့ ဒါအတွက်နဲ့တော့ မတက်တော့ပါဘူး။ နေ့စဉ် ဖတ်နေကျ သတင်းစာတွေလည်း ညက်ညက်ကျေ အောင်ဖတ်မှတ်တာပေါ့။ ရေးဖြေကတော့ လွယ်လွယ်ကူကူပဲ အောင်ပါတယ်။ နှုတ်ဖြေအတွက် အများပြောသလို မြန် မာဆန်ဆန်လေးဝတ်၊ ရိုရိုကျိုးကျိုးလေးနဲ့ Interview ခန်းထဲဝင်၊ ဝန်ထမ်းရွေးချယ်ရေးက လူကြီးတွေ ၅ ယောက် ဝိုင်း ပြီးမေးကြသမျှ ကျမ အထင် ၈၀ – ၉၀ % လောက် ကျမ ဖြေနိုင်မယ်လို့ ထင်ပါတယ်။ နာရီဝက်လောက်ကြာအောင် မေးပြီး တဲ့အခါ တယောက်က သမီးအသက် ဘယ်လောက်ရှိပြီလဲတဲ့။ ကျမက ၂၄ နှစ်လို့ဖြေပါတယ်။ အဲဒီတော့ အော် ငယ်ပါသေးတယ်တဲ့။ ကျမသိလိုက်ပါပြီ။ ကျမကို မရွေးတော့ဘူးလို့။ ပြောဘို့မေ့ ကျန်သွားတယ် ကျောင်းမှာလည်း ကျမ က အမှတ်တွေသိပ်မဆိုးတဲ့အထဲမှာ ပါပါတယ်။
အရည်အချင်း ကိုမရွေးဘဲ ငယ်သေးလို့မခေါ်ချင်ရင်လည်း အစကတည်းက အသက်ကို မြှင့်ပြီးကန့်သတ်ပါလား။ ပြန် အထွက်မှာ အသိတယောက်နဲ့တိုးတော့ စောစောကမှကြိုမပြောဘဲ။ Plaster ရှာပေးလို့ရတယ်တဲ့လေ။ ကျမ အရည်အ ချင်းမရှိဘဲ Plaster နဲ့မှ ရမယ့်အလုပ်ကို ကျမလည်း မလိုချင်တော့ပါဘူး။ နောက်နှစ်တွေမှာ စာမေးပွဲခေါ်တော့ စာ တောင် မဖတ်တော့ဘဲ သွားဖြေပါတယ်။ ရေးဖြေကတော့ အောင်တာပါဘဲ။ နှုတ်ဖြေကတော့ စိတ်နာလို့ သွားကိုမဖြေ တော့ပါဘူး။ ပြောချင်တာကတော့ တကယ် တိုင်းပြည်အတွက်လုပ်ပေးမယ့် ဝန်ထမ်းကောင်းတယောက်ကို သူတို့လွှင့် ပစ်ခဲ့ကြပါတယ်။
နောက် အဖြစ်အပျက်တခုကတော့ ကျမ သူငယ်ချင်းပါ။ သူကစာသိပ်တော်ပါတယ်။ လူရည်ချွန် ခြောက်ထပ်ကွမ်းပါ။ ကျောင်းမှာ Roll No: (2) ပါ။ စာမေးပွဲတိုင်း ဂုဏ်ထူးနဲ့အောင်သူပါ။ ဘွဲ့ရပြီးတော့ ဆေးသုတေသနက အလုပ်ခေါ်တာ သူသွားလျှောက်ပါတယ်။ သူ့မိဘတွေရဲ့ လုပ်ငန်းမေးပြီး၊ အဲဒီအလုပ်ဘဲ ပြန်လုပ်ပါလားလို့ ပြောခံခဲ့ရပါတယ်။ အဲဒီက တည်းက သူပြည်ပထွက်သွားတာ အခု အထူးကုကြီးအဖြစ် ပြည်ပမှာ အခြေချနေပါပြီ။ တော်တဲ့သူက ဘယ်ရောက် ရောက် စင်တော်က ကောက်သွားမှာပါ။ တိုင်းပြည်ကတော့ နစ်နာခဲ့ပါပြီ။ 88 အရေးအခင်းအပြီးမှာ ပြည်ပထွက်ဖို့လည်း လွယ်သွားတော့ ကျမတို့ အတန်းက ဝန်ထမ်းအလုပ်မရတဲ့ သူငယ်ချင်းတွေရော၊ ဆရာတွေ၊ နောင်တော်အမတော်တွေ ရော နိုင်ငံအသီးသီးကို ထွက်ကြပါတယ်။
သူတို့ လွယ်လွယ်ကူကူနဲ့ တိုင်းတပါးမှာ အခြေချနိုင်ကြတာမဟုတ်ပါဘူး။ ဓါတ်ဆီဆိုင်ဝန်ထမ်း၊ အိုက်တိုး ပဂေးဆံ၊ Waiter ၊ ဓါတ်ခွဲခန်းအကူ စသည်ဖြင့် ကိုယ့်ပညာအရည်အချင်းထက်နိမ့်ကျတဲ့ အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ပြီး ဝင်ငွေ ရှာ၊ တဖက်ကလည်း ကျောင်းတက်ကြရပါတယ်။ သက်တောင့်သက်သာနဲ့ မူလအသက်မွေးဝမ်းကျောင်းအတိုင်း ရတဲ့သူ အနည်းအကျဉ်း ရှိနိုင်ပေမယ့် အများစုကတော့ ရုန်းကန်လှုပ်ရှားပြီးမှ ဆရာဝန်အဖြစ်နဲ့ပဲ အသက်မွေးနိုင်တဲ့သူလည်းရှိ၊ တချို့ကတော့ လိုင်းပြောင်းပြီး Sushi ဆိုင်ဖွင့်တာမျိုး၊ အခြားအသက်မွေးဝမ်းကျောင်းလိုင်းကို ပြောင်းလိုက်ကြတဲ့သူ တွေလည်းရှိပါတယ်။
ဒီလိုဆို အစိုးရဝန်ထမ်းအလုပ်မရလည်း G.P လုပ်ပြီး အဆင်ပြေနေတဲ့ သူတွေအများကြီးပါ၊ ပြည်ပထွက်စရာ မလိုပါဘူး လို့ မေးစရာရှိပါတယ်။ ကျမအတွေ့အကြုံပဲပြောပါမယ်။ ကျမ က နယ်မြို့ လေးမှာ G.P ငါးနှစ်လုပ်ခဲ့ပါတယ်။ မိဘပိုင် အိမ်မှာ မိဘကရင်းပေးတဲ့ ငွေငါးသောင်းနဲ့ ဆေးခန်းပရိဘောဂတွေလုပ်၊ ဆေးတွေဝယ်ပြီးတော့ ဆေးခန်းဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်က တရုပ်ကလာတဲ့ ထိုးဆေး စားဆေး တွေက B.P.I ထက် ဈေးသက်သာပြီး Effective လည်းဖြစ်ပါတယ်။ ထိုးဆေးတလုံးကို တကျပ် ပတ်ဝန်းကျင်၊ ပါရာစီတမော တလုံးကို ၁၀ ပြား၊ Ampicillin တလုံးကို တမတ်လောက်ကျတဲ့ ခေတ်ပါ။ အဲဒီအချိန်က အသားဆေးတလုံးထိုးပေးပြီး တရက်စာဆေးပေးရင် (ကျမက ဆေးကို စာအုပ်ထဲကအတိုင်း Dose အပြည့်ပဲပေးပါတယ်) ဆေးဖိုး သုံးကျပ်လောက်ကျပါတယ်။ ကျမ လူနာဆီက ငါးကျပ်ယူတယ်။ တောကလူနာ ဆိုရင် သူထပ်မလာနိုင်မှာစိုးလို့ Antibiotics ကို ငါးရက်စာ တခါတည်း ပေးလိုက်ရတယ်။ ဆင်းရဲတဲ့လူနာဆိုရင် ဆေးဖိုး မယူတဲ့အပြင် ဝမ်းလျှောနေရင် ဓာတ်ဆား ရည်ပါဖျော်တိုက်လိုက်ရတယ်။ အာဟာရမပြည့်တဲ့ ကလေးတွေဆိုရင် မုန့်ပါ ဝယ်ပေးလိုက်ရတယ်။
တခါသုံးဆေးထိုးအပ်တွေမပေါ်သေးတော့ Syringe နဲ့ Needle တွေကို အနည်းဆုံး မိနစ် ၂၀ ကြာ အောင် ပြုတ်ပြီးမှ ဆေးထိုးတယ်။
မီးမလာတဲ့နေ့တွေမှာ ကျမရဲ့လူနာတွေဟာ မီးသွေးမီးဖိုလေးကို ကူပြီး မီးမွှေးပေးကြရတယ်။ လူနာရှင်းသွားပြီးချိန် Syringe နဲ့ Needle ပြုတ်တဲ့အိုးလေး မေ့ထားမိလို့ တူးခြစ်ပြီး လွှင့်ပစ်ရပေါင်းလည်း မနည်းဘူး။ အဲဒီလို မိဘလုပ်စာ ထိုင်စား၊ မိဘဆင်တဲ့ အဝတ် ဝတ်ပြီး ၅ နှစ်လောက် ဆေးခန်းဖွင့်လိုက်တာ ကျမလက်ထဲ ဆေးခန်းထဲက ဆေးတွေနဲ့ ငွေ ငါးသောင်းဘဲ စုမိတယ်။ ကျမ မိဘကလည်း ကြည်ကြည်ဖြူဖြူ တင်ကျွေးထားလို့ပေါ့။ အဲဒီအချိန် ကျမအဖေ ကလည်း အသက်ကြီး ကူဖော်လောင်ဖက်လည်းမရှိတော့ အဖေ့စီးပွားရေးလုပ်ငန်းကို ကျမတာဝန်ယူ လိုက်ရတယ်။ ကျမရဲ့ဆေး ခန်းလေးပိတ်လိုက်ချိန်မှာ လူနာတွေလာမေးရင် ဆေးခန်းနဲ့တွဲလျက် ပွဲရုံ စားပွဲနောက်မှာ ကျမပုန်းနေရတယ်။ မျက်နှာ ပူလို့။ ခုထိလည်း ကျွန်ရဲ့တောကလူနာတွေ ကျမကိုတွေ့ရင် ဝမ်းသာအားရ နှုတ်ဆက်ကြတုန်းပဲ။ ကျမကတော့ ဒီ Profession မှာ ကျမဆက်လက် မရပ်တည်နိုင်ခဲ့တာကို ခုထိ လိပ်ပြာမလုံနိုင်သေးပါဘူး။
G.P နဲ့ အောင်မြင်နေတဲ့ ဆရာဝန်တွေ အများကြီးပါပဲ။ ဒါပေမယ့် မိဘဆွေမျိုးတွေရဲ့ ထောက်ပံ့ ကူညီမှုမပါရင် စေတနာ ဆရာဝန်မလုပ်နိုင်ပါဘူး။ အစိုးရဝန်ထမ်းအဖြစ်ဆိုရင်တော့ သူ့ရဲ့စေတနာတွေ ပြည်သူအပေါ် ပိုပြီးထင်ဟပ်နိုင်မှာပါ။
အခုပြည်ပရောက်နေတဲ့ ဆရာတယောက်အကြောင်းလည်းပြော ပြချင်ပါသေးတယ်။ 88 မတိုင်မီက အဖြစ်ပါ။ M.Sc အောင်ပြီး M.R.C.P ဝင်ခွင့်ကို အကြိမ်ကြိမ်ဖြေပါ တယ်။ တနှစ်ပြီးတနှစ် နောက်ဆုံးဆန်ကာတင်မှာ သူကျန်ခဲ့တယ်။ နောက်ဆုံးတနှစ် Viva ဖြေပြီး တော့ ဆရာမကြီး ကိုယ်တိုင်က မောင်…ရယ် ဒီနှစ်မင်းပါမှာ သေချာပြီလို့ပြောခဲ့ပါတယ်။ ဒါလည်း သူပြုတ် ကျန်ခဲ့တာပါဘဲ။ ဆရာကစာတော်ပေမယ့် ကျောထောက်နောက်ခံမှ မကောင်းခဲ့တာကိုး။ အဲဒီတော့ ထွက်ခွင့်ရတဲ့ အချိန်မှာ ဆရာထွက်သွားပါတယ်။ ဆုံးရှုံးမှုတခု ပါပဲ။
မကြာသေးခင်က House Surgeon လေးတွေ လစာ ၁၂၀၀ ကျပ်ကနေ ၅၅၀၀၀ ကျပ် ကို တိုးပေးလိုက်တယ်ဆိုလို့ မုဒိ တာပွားရပါတယ်။ အခုအပြင်မှာ စာမတတ်တဲ့ စည်ပင်ဝန်ထမ်းက တနေ့ ၁၅၀၀ ကျပ် ရပါတယ်။ ၈ တန်းလောက်တတ် တဲ့ အထည်ချုပ်သမလေးတွေ(ချည်မွှေးညှပ်လေးတွေ) အောက်ထစ် တလကို ၅၀၀၀၀ ကျပ် ရပါတယ်။ House Surgeon ဘဝ သိပ်ပင်ပန်းပါတယ်။ မိဘလုပ်စာ စားနေလို့သာ ဒီလိုလုပ်နေနိုင်ကြတာပါ။
ဒီလိုဆိုရင် ဘွဲ့လွန်တွေရပြီးမှ ထွက်သွားတဲ့သူတွေ ဘယ်လိုကြောင့်လဲလို့မေးစရာရှိပါတယ်။ ကျမသူငယ်ချင်း M.R.C.P ယူပြီး ပြန်လာခါစမှာ Ward တိုင်းမှာ Defibrillator ခေါ်တဲ့ နှလုံးနှိုးစက် ထားပေးသင့်တဲ့အကြောင်း ( နိုင်ငံခြားမှာ ဆရာ ဝန်မဟုတ်တဲ့ သူတောင်တတ်ရပါတယ်) အကြံပေးတော့ သူအဆူခံလိုက်ရပါတယ်။ ဒီနောက်ပိုင်းတော့ သူလည်း ဆင် ဆင်ခြင်ခြင်အလိုက်သင့် နေသွားရပါတယ်။
M.Sc အောင်ထားတဲ့ အမတယောက်ကတော့ သူ့အမျိုးသားကလဲ ဝန်ထမ်းပါ၊ကလေးတွေ ငယ်စဉ်မှာတော့ အမနဲ့က လေးတွေက တမြို့၊ သူ့အမျိုးသားကတမြို့နဲ့နှစ်ပေါင်းများစွာ နိုင်ငံ့ဝန်ထမ်း လုပ်ခဲ့ကြတယ်။ သမီးလေးတွေ ကိုးတန်း ဆယ်တန်းမှာ ကျောင်းကောင်းတဲ့ မြို့ကြီးမှာလည်းထားချင်ရှာ တာပေါ့။ အဲဒီအချိန် ဒီဆရာဝန်မကို ပိုသေးတဲ့မြို့လေးကို Transfer ထွက်လာပါတယ်။ သူလည်း စေလွှတ်ရာသွားရင်း သူ့အမျိုးသားတာဝန်ကျရာ တိုင်းမြို့ကြီးတမြို့(ရန်ကုန်၊မန္တ လေး မဟုတ်ဘူးနော်) ကို ရွှေ့ပေးဘို့ အသနားခံတာ၊ စာသင်နှစ် နှစ်ဝက်သာကျိုးသွားရော ပြောင်းမပေးပါဘူး။ ဒါနဲ့သူ လည်း ကလေးတွေ ရှေ့ရေးအတွက် Absconded အလုပ်က ထွက်ပြေးလိုက်ရပါတော့တယ်။ အဲဒီအတွက် ပြစ်ဒဏ်က (၁၅ နှစ်လောက်နိုင်ငံ့တာဝန်ထမ်းခဲ့သူပါ) ဆမ ၅ နှစ် ပိတ်ခံရပါတယ်။ ဆမ မရှိတဲ့ ဆရာဝန်ဟာ စိတ်ထဲ မလုံခြုံပါဘူး။ ကိုယ်ပိုင်ဆေးခန်းလည်း မဖွင့်ရဲ၊ ပုဂ္ဂလိကဆေးရုံတွေမှာလည်း ကိုယ့်နာမည်နဲ့ မလုပ်ရဲပါဘူး။
အဲဒီလိုဘဲ သားသမီးရှေ့ရေးကိုကြည့်ပြီး ဒီနိုင်ငံကို စွန့်ခွါရတဲ့သူတွေ အများကြီးပါပဲ။
နယ်မှာနေတုံးက ကျမတူလေးရဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ မောင်မောင်ဆိုတဲ့ ကလေးလေးဟာ သူ့အဖေက သွားဆရာဝန်၊ အမေက ဆရာဝန်ပါ။ ဆိုလိုတာက Gene ကိုက ဥာဏ်ရည်မြင့်ပါတယ်။ အဲဒီကလေးဟာ သိပ်တော်ပါ တယ်။ genius ကလေးပါပဲ။ သူငယ်တန်းတောင်မတက်ရသေးခင် ကာတွန်းတွေကို သွက်သွက်ကြီးဖတ်နိုင်နေပါပြီ။ နောက်တယောက်က အောင်အောင် ဆိုပါတော့။ သူ့မိဘက ဆယ်တန်းတောင်မအောင်တဲ့ ကုန်သည်တွေပါ။ ချမ်းသာပါ တယ်။ သူ့ဥာဏ်ရည်က သာမာန် ပါဘဲ။ သူငယ်တန်းကနေ စတုတ္ထတန်းထိ စာမေးပွဲတိုင်းမှာ မောင်မောင်က အမြဲ ပထမ ပါ။ အောင်အောင်က အဆင့် ၅ လောက်မှာရှိပါတယ်။ မူလတန်းကျောင်းကနေ အထက်တန်းကျောင်းပြောင်းပြီးတော့ နောက်ပိုင်းမှာ မေးလိုက်ရင် အောင်အောင်က ပထမ အမြဲရသွားတယ်။ မောင်မောင်လေး က အဆင့် ၃ လောက်ရောက် သွားတယ်။ ကလေးက အဲဒီအတွက် မျက်နှာမကောင်းရှာပါဘူး။ သေချာမေးကြည့်တော့မှ အောင်အောင့် အမေက အောင်အောင့် ကို အတန်းပိုင်ဆရာမအိမ်မှာ ညအိပ်ကျူရှင်ထားပေးလိုက်ပါတယ်။ ဖိဖိစီးစီး သင်ပေးလို့တော်လာတယ် လို့ ပြောနိုင်ပေမယ့် မောင်မောင်လေး ခမျာမှာ သူဖြေတာတွေ ဘယ်လိုမှန်မှန် ရသင့်တဲ့အမှတ်မရလို့ စိတ်ဓာတ်တွေကျ လာပါတယ်။ အဲဒါကို သူ့မိဘတွေ မခံစားနိုင်ကြပါဘူး။ အဲဒီအချိန် သူ့အဖေရဲ့ မိတ်ဆွေက ပြည်ပက သွားဆေးခန်းမှာ အကူလိုတယ်ဆိုတော့ အဲဒီသွားဆရာဝန်ဟာ ဆေးခန်းအကူအဖြစ်နဲ့ ထွက်သွားပါတော့တယ်။ မကြာခင် ဆရာဝန်မနဲ့ သူ့ကလေးတွေပါ လိုက်သွားပါတယ်။ ဒီနေရာမှာ ကျမတို့တိုင်းပြည်ဟာ သွားဆရာဝန် တယောက်၊ ဆရာဝန်တယောက် သာမက အနာဂတ်ရဲ့လူတော်လေးတွေပါ ဆုံးရှုံးသွားရပါတယ်။
ဒီလို သားသမီးရှေ့ရေး ဦးစားပေးပြီး ထွက်သွားကြပေမယ့် သူတို့တွေ နိုင်ငံရပ်ခြားမှာ သိပ်ပျော်နေကြတယ်လို့ မစွပ်စွဲ လိုက်ကြပါနဲ့။ မကြာသေးခင်က ကျမသူငယ်ချင်းတယောက်ရဲ့အဖေဆုံးသွားတယ်။ သူငယ်ချင်းကပြည်ပမှာ။ သူ့အဖေ ပြည်တွင်းမှာ နာမကျန်းဖြစ်နေတဲ့အချိန် ပြန်လာလို့လည်း မရတော့ စိတ်ထဲမှာ မချင့်မရဲခံစားနေရရှာပါတယ်။ မိဘအ ပေါ် တာဝန်မကြေဘူးလို့ ဝမ်းနည်းနေရှာတယ်။ ကျမတို့ ဘယ်လိုဖျောင့်ဖျပေမယ့် တသက်လုံး ဒီအတွက်ကို Guilty အပြစ်ရှိသလို ခံစားသွားရရှာပါတော့မယ်။ ဘယ်သူမဆို ကိုယ့်မိဘ ဆွေမျိုးအသိုင်းအဝိုင်းထဲမှာ ပျော်ပျော်ရွှင်ရွှင် နေချင် ကြမှာပါ။ ကိုယ့်ရေမြေမှာ ကိုယ့်စကားကို သွက်သွက်ပြောပြီး နေချင်ကြမှာပါ။ လူဆိုတာရေကြည်ရာ၊ မြက်နုရာ ရှာတတ် တာ ကမ္ဘာဦးအစထဲကပါ။ ကျမတို့ တိုင်းပြည်သာ ရေကြည်အောင်၊ မြက်နုအောင် မျှတတဲ့အခြေအနေတွေ ဖန်တီးပေးနိုင် ရင် ဒီလိုတိုင်းပြည်ကို စွန့်ခွာရတဲ့အဖြစ်တွေ ဖြစ်လာမယ်မထင်ပါဘူး။
ကျမက ကျွမ်းကျင်ရာ ဆရာဝန်တွေအနေနဲ့ ပြောရပေမယ့် ဒီလိုအဖြစ်တွေ အင်ဂျင်နီယာလောက၊ စီပွားရေးပညာရှင် လောက၊ ကွန်ပျူတာပညာရှင်လောက စသည်ဖြင့် အများကြီးပဲနေမှာပါ။
ကျမတို့မှာ …
MRT,Sky Train,Subway ဆိုတာတွေ မရှိရင်နေပါစေ စစ်ကျန်Bus တွေ စီးနေရလည်း နေနိုင်ပါတယ်။
Charles & Keith မစီးရလည်း ကတ္တီပါ ပုံတော်ဖိနပ်နဲ့ ကျေနပ်ပါမယ်။
Chocolate နဲ့ Pistachio မစားရလည်း ဘိန်းမုန့်နဲ့ ကောက်ညှင်းပေါင်းစားပြီး ဗိုက်ဝနိုင်ပါတယ်။
Ashworth ,Victoria Secret ဆိုတာတွေ မ၀တ်ရလည်း ယောလုံချည်၊ ကချင်လုံချည်၊ ရှမ်းအင်္ကျီလေးတွေ ၀တ်ပြီး လှတယ်လို့ ခံယူပါမယ်၊
ATM card,Credit card တွေမရှိလည်း ပိုက်ဆံ နွမ်းနွမ်းလေးတွေကို ဆာလာအိတ်တွေနဲ့ထမ်းပြီး အလုပ်လုပ်ပါမယ်။
Internet connection နှေးနေလည်းစိတ်ရှည်ရှည်နဲ့ စောင့်ဖတ်ပါမယ်။ ပေါက်ပြဲနေတဲ့ လမ်းတွေ ဖာမပေးရင်နေပါစေ ချိုင့်ခွက်တွေ ကြည့်ရှောင်ပါမယ်။
လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ ကောင်းမွန်မျှတတဲ့ ပညာရေးစံနစ်၊ မိမိအရည်အချင်းလိုက်ခံစားခွင့် ဆိုတာ တွေရှိရင် ကိုယ့်ရဲ့ မျိုးဆက်သစ်တွေအတွက် စိုးရိမ်စရာမလိုဘဲ၊ ဒီမြေ ဒီရေ ဒီနိုင်ငံတော်ကို တတ်ခဲ့တဲ့ ပညာတွေနဲ့ အလုပ်အကျွေးပြုမယ့်သူတွေ ပေါများလာမှာပါ။
တရုတ်ပြည် တခါးဖွင့်ဝါဒ ကျင့်သုံးတော့ နိုင်ငံရပ်ခြားရောက်နေတဲ့ Oversea Chinese တွေကို လှိုက်လှိုက်လှဲလှဲ ဖိတ် ခေါ်ပါတယ်။ သူတို့ နိုင်ငံခြားမှာရနေတဲ့ လစာ၊ အခွင့်အရေးတွေထက်မနည်း ရစေမယ်လို့ ဖိတ်လိုက်တာ တော်တော် များများ ပြန်လာကြပါတယ်။ ကျမသိသလောက် တရုတ်ပြည်ရဲ့ ပထမဆုံး အဏုမြူဗုံးထွင်တဲ့သူဟာ အမေရိကားက ပြန်လာတဲ့သူလို့ မှတ်ဘူးပါတယ်။
အခု ကျမတို့ တိုင်းပြည်မှာ မကြာခဏ ကြားနေရတဲ့ လူနာနဲ့ ဆရာဝန်ကြား ပြဿနာတွေဟာ ကျွမ်းကျင်ဆရာဝန် မလုံ လောက်မှု ကနေစပြီးဖြစ်လာတာပါ။ အထူးကုဦးရေနဲ့ လူနာဦးရေဟာ မမျှတ တော့ပါဘူး။ လူနာတွေကလည်း ကိုယ့်ဝေ ဒနာကို အတော်ဆုံး၊ နာမည်အကြီးဆုံးနဲ့မှ ရွေးပြချင်တာ အပြစ်ဆိုလို့မရပါဘူး။ ဆရာဝန်ကြီးတွေခမျာ မနက်ရုံးချိန်မှာ ဆေးရုံတာဝန်ထမ်းရတယ်။ ညနေ ဆေးရုံကပြန်တော့ တန်းစီနေတဲ့ ဆေးခန်းက လူနာတွေကို ကြည့်ရတယ်။ ပြီးရင် ပုဂ္ဂလိကဆေးရုံ အတွင်းလူနာတွေကို ကြည့်ရတယ်။ တခါတလေ လူနာကြည့်ချိန်ဟာ ညသန်းခေါင်ဖြစ်လို့ လူနာရော လူနာရှင်ပါ အိပ်မောကျနေတာကို နှိုးပြီးကြည့်ရတာမျိုးလည်း ကြားနေကျပါ။ ဆရာဝန်ကြီးမှာလည်း လူနာကြည့်ရင်း ပင်ပန်းလွန်းလို့ ပြောတာတွေ နားထဲမဝင်ဘဲ ငိုက်နေတယ်ဆိုတာလည်း ကြားဖူးကြမှာပါ။ ဒီလိုအခါမှာ အမှားအယွင်း တွေဆိုတာ ပေါ်လာတော့တာပါပဲ။ ဘာဖြစ်လို့ ဒီလို ဆရာဝန် လူနာ အချိုးမမျှတရလဲ။ ကျမတို့ တိုင်းပြည်က လူတော် တွေကို ကျမတို့ ပြည်သူပြည်သားတွေ ဘာကြောင့် အသုံးချခွင့်မရတာလဲ။ ဆရာဝန်တွေကလည်း ပြည်ပထွက်အလုပ် လုပ်တယ်။ လူနာတွေကလည်း ပြည်ပထွက် ဆေးကုခံတယ်။ မြန်မာဆရာဝန်ကို ပြည်ပကတောင် လက်ခံ အသုံးပြု သေးတာ ပြည်တွင်းက ဘာလို့ မသုံးချင်ရမှာလဲ။ တောလက်ကျေးရွာတွေမှာလည်း လိုအပ်နေဆဲ၊ မြို့ကြီး ပြကြီးတွေမှာ လည်း လိုအပ်နေဆဲပါ။ အသစ်အသစ်တွေ မွေးထုတ်တာထက် ကျွမ်းကျင်ပြီးသူများ ပြန်လာရင် ပိုမကောင်းပေဘူးလား။
မြန်မာနိုင်ငံသားတွေအတွက် လူမျိုးလူတန်းစားမရွေးကိုစောင့်ရှောက် လွှမ်းခြုံမှုပြုနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးတခုကို စနစ်တကျ အကောင်အထည်ဖေါ်ဘို့ လိုနေပါပြီ။
ဒီအတွက် နိုင်ငံတကာမှာ Healthcare System management ပါရဂူဘွဲ့ရသူတွေ ကမြန်မာနိုင်ငံကို ပြန်အကျိုးပြုကြဘို့ ဆန္ဒတွေ အလျံပယ်ရှိနေကြောင်းလည်း ကြားနေရပါတယ်။
ကျမအမြင်မှာတော့ နိုင်ငံကို စွန့်ခွါသူတွေဟာ Salmon ငါးတွေနဲ့ တူပါတယ်။ Salmon ငါးတွေဟာ ပင်လယ်ထဲက ရေငန် ငါးတွေပါ။ သူတို့ဓလေ့က မြစ်ညာထိ ဆန်တက်ပြီး ဥချကြပါတယ်။ အဲဒီမှာ အကောင်ပေါက်မှ ပင်လယ်ကို ပြန်စုန်ဆင်း လာကြပါတယ်။
ကျမတို့ ဆရာတွေ မိတ်ဆွေသူငယ်ချင်းတွေလည်း ရေမြေရာသီဥတု အဆင်ပြေမယ့် မြစ်ညာနဲ့တူတဲ့ နိုင်ငံရပ်ခြားတွေကို ရုန်းကန်လှုပ်ရှား ဆန်တက်သွားတယ်လို့ မြင်ပါတယ်။ Salmon ငါးတွေ ကြင်ဖော်နဲ့တကွ သားသမီးတွေနဲ့ မိခင်ပင်လယ် ဆီ ပြန်လာတာကို ငါ့ကိုပစ်သွားရကောင်းလားလို့ အပြစ် တင်မစောနေကြပါနဲ့တော့။ သူ့ သဘာဝပါဘဲ။
ပြန်ချိန်သင့်လို့ ပြန်လာကြတဲ့သူတွေကို လမ်းကနေ အတားအဆီးပိုက်ကွန်တွေနဲ့လည်း မဖမ်းသင့်ပါဘူး။ ဝမ်းမြောက် ဝမ်းသာ လက်ကမ်းလို့ ကြိုသင့်ပါတယ်လို့ပဲ ပြောချင်ပါတယ်။
ကျမရဲ့ ပေါက်ကွဲသံစဉ်လေးကို သည်းခံဖတ်ရှုပေးတာကျေးဇူးပါ၊ တေးရေးတေးဆို ခင်ဝမ်းရဲ့သီချင်းတွေထဲက ကျမ နှစ်သက်မိတဲ့ ဆယ်လမွန်ငါးတို့အပြန် သီချင်းထဲကလိုဘဲ oversea burmese တွေ အမိမြန်မာပြည်ကို ပြန်လာပြီး ပြန် လည်တည်ထောင်ရေးမှာ တတပ်တအားပါဝင်နိုင်မယ့် အိပ်မက်လေးတွေ မက်ရင်း ဒီသီချင်းစာသားလေး လက်ဆောင် ပေးခဲ့ပါရစေ။
“ရေလွှာလဲခင်းပြန့် ကြည်လင်စေ
မိုးဦးလဲလှပသာယာစေ
ဘ၀စေရာတာဝန် ကျေပွန်ဆောင်ရွက်ခဲ့သူတို့
ရေစုန်ကိုဆန်ကာ ပြန်ခဲ့ပြီ
(မိုးဦးရေဆန် မိုးဦးရေဆန် ဆယ်လမွန်ငါးတို့ အပြန် …
ဆယ်လမွန်ငါးတို့ အပြန် … ဆယ်လမွန်ငါးတို့ အပြန် …
အပြန်အပြန် အပြန် ဆယ်လမွန်ငါးတို့ … အပြန် … )
ပြန်ချိန်လည်းဆုံးဖြတ်ခိုင်မာစေ
ရာသီလဲတွက်ချက်မှန်ကန်စေ
စိတ်တူရာခိုဝင် ပြည့်စုံချိန်ပြန်ခဲ့မယ်တဲ့
ငယ်ရွယ်စဉ်ရှာဖွေစွန့်ခဲ့ပြီ…
(မိုးဦးရေဆန် မိုးဦးရေဆန် ဆယ်လမွန်ငါးတို့ အပြန် …
ဆယ်လမွန်ငါးတို့ အပြန် … ဆယ်လမွန်ငါးတို့ အပြန် …
အပြန်အပြန် အပြန် ဆယ်လမွန်ငါးတို့ …… အပြန် … )
padonmar
(ပဒုမ္မာ့ကိုယ်တွေ့)
Min Thant Syn
28 comments :
  1. မောင်သန့် ။ said... :
    ဟာဗျာ။ မရေးတတ်ပေလို့ ဘဲ ဆရာမ ရယ်။
    ဒုတ်ဒုတ်ထိ ရင်ထဲ ရှ သွားပါ တယ်ခင်ဗျာ။
    ဥဿုံ အမှန်တွေချည်းပါဘဲ။
    ငွေပိုးကိုက်လို့ ဖြစ်ဖြစ်၊ ဘီပိုးကိုက်လို့ ဖြစ်ဖြစ် အပေါ်က
    ဖြုတ်ဆိုကျလာပီး လုပ်သက်ရင့်ပညာရှင်တွေအပေါ် သူတို့ လောက် တိုင်းချစ်ပြည်ချစ်စိတ် မရှိလေသယောင်
    သဟောက်သဟာ လုပ်စားတာတွေ တွေ့ ဘူးကြုံဘူးရင်
    ပိုခံစားရ ပါတယ်။
  1. ကေကေအို said... :
    ဒီဆောင်းပါးရေးသူကိုလဲ ကျေးဇူးတင်ပါတယ်။ တဆင့် ပြန်လည်မျှဝေတဲ့ ဧရာဝတီကိုလဲ ကျေးဇူးတင်ပါတယ်။
  1. ywarthar said... :
    ဆောင်းပါးရှည်ကြီးဖတ်လိုက်ရတာ ကိုယ့်နိုင်ငံအတွက် တော်တော်ဝမ်းနည်းသွားပါတယ်။ ဒါတွေကို ခေါင်းဆောင် ကြီးတွေ အမြန်သိပြီး အမြန်ပြင်နိုင်ပါစေ။
    လူသားချင်းစာနာစေချင်ပါတယ်။
    ကိုယ့်သမိုင်းကိုရေးနေကြတာ တိုတောင်းလှတဲ့ ကာလလေးမှာ ဘာတွေရေးခဲ့ကြမလဲ၊
    ရွေးချယ်ကြပါ
  1. Anonymous said... :
    ကျွန်တော်လဲ နိုင်ငံရပ်ခြားမှာနေတဲ့သူတယ်ယောက်ပါ တစ်ကယ့် လက်တွေ့ ဘဝကိုမြင်သာအောင် ရေးနိုင်ပါပေတယ်ဗျာ... အရမ်းကိုကျေးဇူးတင်မိပါတယ်...
  1. Anonymous said... :
    hello aunty...
    really good!After reading this story,i feel really sad and really thank u for ur kindness upon us..now im also living in japan ..i`ve graduated with engineer since 7 years..my husband also like that..but we throw away our graduate sadly and came here and working as waiter, waitress .why we r doing like that ,if u ask me, i can ask right now ..(cozof bad government)
    in 2007,september i joined with monks activities and then september 27 they caught me and hitted me badly..i never forgot that manner of government soldiers ..thats why even though, i love my family, my country, i came here and trying to live here forever sadly ...
  1. Anonymous said... :
    အားပါး ..ပါး...ဆရာမရယ်..ထပ်ပြီးတော့လဲ ဖတ်ချင်ပါသေးတယ်ဗျို့..
  1. steve said... :
    Because soldiers are not able to work orther country. So they jealous. One more thing, they want to cover their guilt, so blame other first. That is our generals attitude. Only want to use power but Dont want to take responsibility. they always say Golden Land, many rich resourses!!! timber, jade, gas, mineral, so why the country so poor!!! Because wrong management, narrow minded and poor attitude of Generals. they dont want to admit. That's why many people have to leave the country for survival.
  1. Anonymous said... :
    Dear Writer of Article,
    What you write in the article is what we feel and what we want to say and share among all the citizen of Burma.
    I rally wish that so called leaders of Burma could read this article and feel it and brave enough to change the policy of national polical and economy for citizen of Burma.
  1. ကျွန်တော်လည်း ၂၀၀၈ မှာမှ နိုင်ငံခြားကို ထွက်လာသူတစ်ယောက်ပါ။ ဆရာမလိုပဲ ၁၉၉၅ ကျောင်းပြီးခါစမှာ PSC ရေးဖြေအောင်
    ဖူးပါတယ်။ နှုတ်ဖြေကတော့ ထိုနည်းလည်းကောင်းပါပဲ။ တစ်ခုပဲကွာတာက ကျွန်တော်ကဆေးကျောင်းကမဟုတ်ပဲ စိုက်ပျိုးရေးကျောင်းကပါ။ အောက်က Blog ကိုလည်းဖိတ်ခေါ်ပါတယ်။
    http://backstories-of-me.blogspot.com/2011/08/blog-post_29.html
  1. ဘုန်းကြီးကျောင်းသား said... :
    ဆောင်းပါးက ရှည်လွန်းလို့ ဖတ်ရတာ ပျင်းစရာများ ဖြစ်နေမလားအောက်မေ့တယ်။ အားပါး ကောင်းလိုက်တာဗျာ။ အခြေအနေမှန်ကို ကွင်းကနဲ ကွက်ကနဲ မြင်အောင် မီးမောင်းထိုးပြလိုက်သလိုပါဘဲ။ အရေးအသားကလည်း အရမ်းကို သွက်လက်ပေါ့ပါးပါတယ်။ ကျေးဇူးတင်ပါတယ်၊ လေးစားပါတယ်ဆရာမ။
  1. Anonymous said... :
    ဒီဆောင်းပါးလေး ဖတ်ရတာ ရင်ထဲမှာ နင့်နေအောင်ကို heart ထိသွားတာဘဲ။ အမှန်ပါ။ သတင်းစာထဲမှာ ရေးတဲ့သူက သူအရှက်မရှိလို့ ကယောင်ကတမ်းနဲ့ ရေးမှန်း လူတိုင်းသိပါတယ်။
  1. Anonymous said... :
    ဖတ်ပီး မျက်ရည်တောင်လည်မိတယ် ... ဆောင်းပါးရေးတဲ့ ဆရာမကို ကျေးဇူးတင်ပါတယ် ပြန်လည်ဝေငှတဲ့ ဧရာဝတီကိုလည်းကျေးဇူးတင်ပါတယ် ...
  1. Anonymous said... :
    This article really breaks my heart. I have been living in U.S.A for 7 years, and I have no word to describe how I miss my country, especially religious activities. Now, I know my generations will be extincted no later than 30 years from now- in both culture and religion. I am very sad every time I am thinking a bout it. Now I am seeking for ways back to my golden land. I think every Burmese American- I mean adults not kids- people feel like the way I do. Thank for your article.
  1. Anonymous said... :
    bloody true, we always want to be at home with our parents and relatives even though we earning lot of dollar.
    we left because we can't survive in there, we struggle in other country but we like the freedom of individidual.
  1. Anonymous said... :
    I wanted to be a Salmon fish as in the Khin One soung to return my country but the weather and conditions are not ready yet.
    I am working at other country with good salary but I can't save money for my self.
    Because , I providing My Father and Mother (nearly 80s , both, no earning ),
    My syster's family with 2 kids (low earning ,),
    My Brother's Family with 4 kids (, Low earning,1 dauther is going to university ) and
    another brother (low earning ).You think, what will happen to them if I do not support .
    finally, I could not save the money for me.I try to save my generation first.
    so, I can't estimate the time to go my country eventhough I wanted.
  1. Anonymous said... :
    ဟုတ်လိုက်လေဆရာမ ဘွဲ့ရတယောက်ဟာအာက်တန်းစာရေးအဆင့်ထိဘဲရနိုင်တယ်မိသားတစုစားဖို့တောင်အနိုင်နိုင် ထိုင်းနိုင်ငံကကာယလုပ်သားမြန်မာလူမျိုး၈သိန်းလောက်ရဲ့ဝမ်းရေးကိုဖြည့်ပေးနေတယ် ရှက်တတ်တဲ့လူဆိုယင်မြက်နှာတောင်ဖော်ရဲမှာမဟုတ်ဘူး
    အလွန်ဖတ်လို့ကောင်းပါတယ်နောက်ကိုလဲစာများများရေးနိုင်ပါစေလို့ဆုတောင်းပါတယ်
  1. ant said... :
    ကိုယ့်နိုင်ငံနဲ.လူမျိုးကို မချစ်လို.စွန်.သွားတာမဟုတ်ပါ
    ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ဖူးတဲ့စကားတစ်ခွန်းကို မှတ်မိကြမှာပါ ဒီေ-ာက်ကျင့်တွေကို မပြင်နိုင်သေးရင် နောင်တစ်ချိန်မှာ ကျုပ်တို.တိုင်းပြည်ဟာ -ာနိုင်ငံအဖြစ် ရပ်တည်နေရလိမ့်မယ် ဆိုတာကိုပါ
    အခုကျုပ်တို.နိုင်ငံဟာ နိုင်ငံရဲ. ပထ၀ီအရင်းအမြစ်ဖြစ်တဲ. မိခင်ဧရာဝတီမြစ်ကြီးကိုပါ ပထွေးရဲ.လက်ထဲထို.ထည့်လိုက် တဲ့အထိ အမျိုးသားရေးနဲ.တိုင်းပြည်ကို ဖောက်လွဲဖောက်ပြန် စော်ကားနေတဲ့ လူတစ်စုအုပ်ချုပ်နေတဲ့နောက် အတိုက်အခံမှန်သမျှကို တပ်ချင်သလို ပုဒ်မတွေတပ်ပြီး နှစ်ရှည်ချုပ်နှောင်ထားပြီး လာမေးတိုင်း နိုင်ငံရေးအကျဉ်းသားမရှိပါဘူးလို. အရှက်မရှိဖြေရဲတတ်တဲ. လူတွေကချယ်လှယ်နေတဲ.နောက် ကျုပ်တို.နိုင်ငံကြီးဟာ ဗိုလ်ချုပ်ပြောခဲ့တဲ့ နိုင်ငံမျိုး ဖြစ်နေပြီပေါ့ဗျာ ဒီတော့ ချစ်လွန်းလှပေမယ့် အနာဂတ် ချုပ်ငြိမ်းနေတဲ့ မိခင်တိုင်းပြည်ကို ရင်နာနာနဲ. ခွဲခွာနေကြ ရတာပါဗျာ
  1. Anonymous said... :
    ကိုယ့်နိုင်ငံအကြောင်း ပြောပြရတာ ..
    ကိုယ့်ပေါင်ကို လှန်ထောင်းရသလိုပါပဲ
    ...တစ်ကယ့်ကို အမိမြေကို လွမ်းလှပါတယ် ဗျာ ..ဒါပေမယ့် ...ပေါ့
  1. Anonymous said... :
    ကျနော်တို့ ချစ်တဲ့ မြန်မာပြည်ရဲ့ ပျမ်းမျှလူ့ သက်တမ်းဟာ ၅၈နှစ်ပဲရှိပြီး အိမ်နီးချင်းထိုင်းနိုင်ငံကတော့ ၇၀နှစ် ရှိနေတယ်လို့ ကုလအစီရင်ခံစာမှာ ဆိုပါတယ်။
    ဒါကြောင့် လက်ရှိအစိုးရအနေနဲ့ တိုင်းပြည်ပြန်လည်ထူထောင်ရေးကို လုပ်မယ်ဆိုရင် အမျိုးသားအဆင့် စီးပွားရေးဖွံ့ ဖြိုးမှုအလုပ်ရုံဆွေးနွေးပွဲ လုပ်ခဲ့သလို အမျိုးသားအဆင့်ကျမ်းမာရေးနဲ့ ပညာရေးဆွေးနွေးပွဲ အမြန်ဆုံးလုပ်သင့်ပါတယ်။ အဲဒီကနေတဆင့် ပညာရေးကျမ်းမာရေးကို အမျိုးသားစီမံကိန်းအဖြစ် ထိရောက်အောင် တပြည်လုံးမှာ အမြန်ဆုံး အကောင်ထည် ဖေါ်သင့်ပါတယ်။ တည်တန့် ခိုင်မြဲတဲ့ ဖွံ့ ဖြိုးတိုးတက်မှု(Sustainable Development)မှာ စီးပွားရေးရာ၊လူမှုရေးရာ၊ သဘာ၀၀န်းကျင်ရေးရာ သုံးချောင်းထောက် အပြန်အလှန်အမှီပြုဖို့ လိုပါတယ်။ လူသားအရင်းအမြစ်ဖွံ့ ဖြိုးရေး(HRD)အတွက် ပညာရေးနဲ့ ကျမ်းမာရေးက အဓိကအကျဆုံးပါပဲ။ ပညာမတတ်တဲ့သူတွေ၊ ကျမ်းမာရေးချို့ တဲ့သူတွေ များလေလေ တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်ရာမှာ အချိန်ကြာအကျိုးနည်းလေလေပါပဲ။
    ဆောင်းပါးရှင်ဆရာမကို အထူးလေးစားလျှက် . . .
  1. Anonymous said... :
    မင်းတို့ ..!!
    နိုင်ငံကို မချစ်တဲ့လူလို့  အထင်မခံချင်ရင် ဒို့ နိုင်ငံတွင်းမှာပဲ ရေသောက်ဗိုက်မှောက်ပြီးအသေခံကြ။ ( ငါနဲ့ ငါ့မိသားစုမပါ)
    ပုံ/
    ဒုဂျိုကုပ်ကြီး ခိုခို
    (ဤအမိန့် ကို လွှတ်တော်အမည် ရှိ နိုက်ကလပ်တွင် မူးကြောင်ရူးကြောင်ထုတ်ပြန်ထားသည်)
  1. Anonymous said... :
    ကျနော်သည် နိုင်ငံချစ်စိတ်ကိုခံအားနည်းပါသည်။အဘယ့်ကြောင့်ဆိုသော် ဗိုလ်ချုပ်ကြီး ကိုကို လို တိုက်,ကား, company, ကိုယ်ပိုင်မရှိ၍ မိသားစုငတ်မသေအောင် နိုင်ငံရပ်ခြားတွင် မိဝေးဖဝေးဖြင့်  ကျွန်ခံနေရ၍ ဖြစ်ပါ သည်။
  1. Anonymous said... :
    ဒီဆောင်းပါးရေးသူကိုလဲ ကျေးဇူးတင်ပါတယ်။ တဆင့် ပြန်လည်မျှဝေတဲ့ ဧရာဝတီကိုလဲ ကျေးဇူးတင်ပါတယ်။
    ဆရာမရယ်..ထပ်ပြီးတော့လဲ ဖတ်ချင်ပါသေးတယ်ဗျို့..
  1. Anonymous said... :
    This article is really really good. It is a real situation of Burma. I'm living in USA. I don't have any word to express how i miss and love my country. I don't want our next generation will face the same problem like us. I wish to see my country in a good situation before i leave from this plant.
  1. Anonymous said... :
    မင်္ဂလာပါ...
    ဒီဆောင်းပါးကို ဖတ်ရတာ ရင်ထဲမှာ ပြောမပြတတ်အောင် ခံစားရပါတရ်ရှင်...။ တပါးသော နိုင်ငံမှာမွေး၊ တပါးသောနိုင်ငံမှာ ကြီးပြင်းလာပေမရ့် မြန်မာပြည်ကို တနေ့ပြန်နေရမရ်ဆိုတဲ့ စိတ်က ရှိနေတာကြောင့် မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာ ကြီးပြင်းတဲ့လူတွေက ဘရ်လိုလုပ်ပြီး မြန်မာပြည်မှာ မနေချင်ရမှာလဲ...။ တပ်ချင်တဲ့ ပုဒ်မတွေမတပ်ပဲ၊ မဖမ်းရင် မြန်မာပြည်ကို ပြန်ကြမှာပါ...။
  1. အကြံပေး said... :
    ကျနော်ကတော့ PSC လို့ပဲခေါ်ခေါ် CSSTB လို့ပဲခေါ်ခေါ် အဲစာမေးပဲပွဲကို ကိုယ့်အရည်အချင်းနဲ့ကိုယ် အစိုးရအကြိုက် ပေါ်လစီတွေရွှီးထည့်ပြီးဖြေတယ်။ မကောင်းတတ်လို့ အအောင်ပေးလိုက်တယ်။
    အရာရှိဘ၀နဲ့ ငါးနှစ်ကျော် လုပ်တယ်။ စာမတတ်တဲ့ကောင်တွေ ခေါင်းပေါ်တက်ခွတာ မခံနိုင်လို့ အလုပ်ထွက်တယ်။ ခု ပြည်ပမှာ ကိုယ့်ဝမ်း ကိုယ်ရှာစားတယ်။ ပြောချင်တာလား။ အသိပညာရှင်တွေ အတတ်ပညာရှင်တွေ ပြန်ခေါ်တယ်တွေ ဘာတွေလုပ်
    လုပ်မနေနဲ့။ အဲအစိုးရကိုပြောလိုက်ပါဗျာ။ ပြည်တွင်းက ရှိတဲ့ စစ်တပ်သူခိုးတွေ ၀န်ထမ်းသူခိုးတွေ စီးပွားသမားသူခိုးတွေ အရင်ဆုံး မြေလှန်ရှင်းလိုက် နိုင်ငံ သူ့ဘာသာ သန့်သွားမယ်။ ပြီးရင် တိုးတက်မှုဆိုတာ ဖြစ်လာလိမ့်မယ်။ အကြံပေးတွေ အမြန်ပေးတွေ လုပ်မနေနဲ့။ ပေါက်ကရတွေ လျှောက်လက်ညှိုးထိုးနေတာ။နိုင်ငံတော်ကို နှစ်ပေါင်းများစွာ တည်ဆောက်လိုက်ကြတာလည်း နောက်ဆုံးကျတော့ သူများနိုင်ငံတွေ ထက်နောက်ကျနေပါပြီ ဆို ပြီး အရှက်မရှိဝန်ခံရတယ်။ ခုလည်း စီးပွားရေးတိုးတက်ဖို့ အကြံပေးတွေနဲ့ တိုင်ပင်တာနောက် နှစ်နှစ်ဆယ်။ နောက်ဆုံးကျတော့ ပြည်ပက လူတွေပဲ ပြန်မလာလို့ နိုင်ငံမတိုးတက်ရပါဘူးလို့ ဖြစ်အုံးမယ်။ တော်ပါတော့ ... သူခိုးတွေရယ်။ ဒေါ်စုများ နေပြည်တော် အစည်းအဝေးရောက်ရုံပဲရှိသေးတယ် ဟိုသူခိုးစီးပွားရေးသမားတွေက ဒေါ်စုနားရောက်နေပြီ။ အဲတော့ ဘာမှတွေးမနေကြပါနဲ့ဗျာ။ solution က တစ်ခုပဲရှိတယ်။ နိုင်ငံတကာ ခုံရုံးတင် ဂါဒါဖီ ကို ကျွေးသလို ကျွေးလိုက် ပြီးပြီ။ တကယ် ပြောတာ။ ကြည့်နေလေ ပြုပြင်ပြောင်းလဲတာ နောင်အနှစ်တစ်ရာ လောက် လုပ်အုံးမှာ။ စိတ်ချ။ တို့ကတော့ အဲသူတောင်းစားတွေ ရှိနေသမျှ ဆောရီးပဲ။ ကြုံတုန်း ပြောလိုက်အုံးမယ်။ နအဖ နှစ်နှစ်ဆယ်ကျော် အတွင်း ဘာဖြစ်သွားလဲ သိလား။ သူတို့ဆွေစဉ်မျိုးဆက် အကုန်ချမ်းသာသွားကြပြီ။ ခင်ဗျားတို့ ပြန်ရင် ဖိုးလပြည့်လို့ သူတောင်းစားလေးတွေက သူဌေးနေရာယူ ခင်ဗျားတို့က နွားဖြစ်။ ပြန်လာကြပါ လို့ ပြောတာ ဘာသဘောလဲ သိလား။ အေးကွာ ငါတို့သားသမီးတွေ စီးပွားရေး ဒီထက်ကောင်းအောင် မင်းတို့ ပြန်လာကြပါနော် ဖြစ်နေပြီ။
  1. Anonymous said... :
    ကောင်းပါတယ်။သတင်းစာကနေ မဟုတ်မမှန်ဝါဒဖြန့်  ပြောချင်ရာပြောနေတာတွေကို ဆရာမတို့ လိုတတ်သိနားလည်သူတွေက ချက်နဲ့ လက်နဲ့ ပြန်ရေးတော့ အများပြည်သူ ကွင်းကနဲကွက်ကနဲ ရှင်းရှင်းလင်းလင်း သိရတာပေါ့ ။စစ်အုပ်စုက ပြောတာကြားဘူးတယ် ၈၈တုံးက မမွေးသေးတဲ့သူတွေ ၈၈စိတ်ဓါတ်ပြင်းထန်သတဲ့ ။အင်တာနက်ရှိရင် ကမ္ဘာဦးက အကြောင်းတောင်သိနိုင်တယ် ဆိုတာ ဒင်းတို့ ဥာဏ်မမှီလေရော့သလား ။
  1. WASP17 said... :
  1. မောင်ယုဝ said... :
    မတူတဲ့အမြင်လေးနဲ့ ဒီဆောင်းပါကိုဝေဖန်ပါရစေ...ပြည်ပရောက် မြန်မာတွေကို အစိုးရသစ်က အမိမြေပြန်လည်တည်ဆောက်ရေးမှာ ပါဝင်ကူညီဖို့ ဖိတ်ခေါ်ဒါဟာ အစိုးရသစ်ရဲ့ နိုင်ငံကိုတိုးတက်စေချင်တဲ့စေတနာလို့ယူဆမိပါတယ်၊၊ ဒါပေမယ့် လက်တွေ့ကျကျလုပ်သင့်ဒါတွေကတော့...
    ၁) ပြည်တွင်းရှိ လူ့သားအရင်းအမြစ်များ Brain Drain မဖြစ်အောင် ဘာတွေလုပ်မလဲ
    ၂) စစ်အစိုးရရဲ့ အကျင့်ဆိုးများ (လာဘ်စားခြင်း...) ကိုဘယ်လို correct လုပ်မလဲ
    ၃) အောက်တန်းကျသောလူတွေရဲ့ စိတ်ဓိတ် (တကောက်ပေါ်တယေက် ဖြတ်ခုတ်ဒါ...အလွယ်လိုက်တာ...လာဘ်စာဒါ..စသဖြင့်) များကိုဘယ်လိုမြှင့်တင်မလဲ
    ၄) နိမ့်ကျနေသောပညာရေးစနစ်ကို ဘယ်လိုမြင့်တင်မလဲ
    ၅) လူသားဆန်သောတရားဥပဒေစိုးမိုးရေး (ဥပဒေ က ပြည်သူတွေကိုကာကွယ်ရေး .... နိုင်ငံတိုးတက်ရေးအတွက်လုပ်သင့်ဒါတွေကတော့ ဆက်ရေးလို့ ဆုံးမယ်မထင်ပါဘူး...လုပ်စရာအများကြီပါ၊၊
    ကျွန်တော်ဒီဆောင်းပါးရှင်ကို တွေးစေချင်ဒါလေးတွေပါ...နိုင်ငံရပ်ခြားက ပညာတတ်တွေပြန်လာရေး အတွေးဟာ အင်မတန်မှပဲ လက်တွေ့မကျဘူးလို့ယူဆမိပါကြောင်း....
    မောက်ယုဝ (စင်ကာပူရောက် မြန်မာနိုင်ငံသား)
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved