တစ်ရှက်က နှစ်ရှက် ...

Sunday, September 18, 2011

လာအိုကတောင် နှာခေါင်းရှုံ့တဲ့ မြန်မာ ဘောလုံးကွင်း (ဓာတ်ပုံ - Soccer Myanmar)

ကိုရန်ပိုင်

မြန်မာ့ဘောလုံးနဲ့ ပတ်သက်လို့ သူတပါးက ဝေဖန်တဲ့ အကြောင်းအရာလေးတခု မနေ့က ကြားရပြန်တော့ ကိုယ့် လူမျိုး၊ ကိုယ်နိုင်ငံ အပြစ်ပြောရင် မကြိုက်တဲ့ ဥာဉ်လေးက ထောင်းကနဲ ပေါ်လာမိတယ်။ ဒါပေမယ့် အသေအချာ စဉ်းစားပြန်တော့ သူတပါးဝေဖန်တာလည်း ဟုတ်နေပါလားဆိုပြီး ခေါင်း အသာငုံ့ရင်း ဆန်ရင်းပဲ နာနာ ဖွပ်ရတော့မှာပဲလို့ တွေးမိတယ်။

ဖြစ်ပုံက အောင်ဆန်းကွင်းမှာ မနေ့က အာဆီယံ ယူ-၁၉ ထိုင်းနဲ့ စင်ကာပူ အသင်းကစားပွဲမှာ ထိုင်းကစားသမား နာပွန်ဂရစ်၊ တဖက်အသင်း ကစားသမားတယောက်နဲ့ ဘောလုံးယှဉ်လုရာက ခေါင်းချင်းတိုက်မိပြီး သတိလစ် သွားပါတယ်။

ဒီလို စိုးရိမ်စရာ ကစားသမားကို လူနာတင်ကားနဲ့ ဆေးရုံပို့ဖို့ တာဝန်ရှိ ဆေးဝန်ထမ်းတွေက ကြိုးစားကြပေမယ့် အောင်ဆန်းကွင်းအပြင် ထွက်ပေါက် တံခါးသော့ခတ်ထားလို့ ၅ မိနစ် ကျော်ကျော်လောက် စောင့်ဆိုင်းနေရတဲ့အတွက် ထိုင်းအသင်းကို လာရောက် ကြည့်ရှု အားပေးကြတဲ့ တာဝန်ရှိသူများ မကျေမနပ် ပေါက်ကွဲခဲ့ကြတယ်လို့ သိရတယ်။

ထိုင်းအသင်းတာဝန်ရှိသူတွေရဲ့ ပေါက်ကွဲမှုကို နားလည်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခန့်မသင့်ရင် အသက်တချောင်း ဆုံးရှုံးသွားနိုင်တဲ့အတွက်ပါ။

ဘတ်စ်ကားနောက်ကျ၊ ကျောင်းနောက်ကျ၊ အရာရာမှာ နောက်ကျမှုတွေနဲ ယှဉ်ပါးပြီး ခန္တီစ သည်းခံခြင်းကို မင်္ဂလာ တပါးလို့ လက်ကိုင်ထားတဲ့ ကျနော်တို့ လူမျိုးအဖို့ကတော့ မထောင်းတာလှပေမယ့် နိုင်ငံတကာ စံချိန်စံညွန်းနဲ့ ယှဉ်ရင်တော့ ဒါတွေဟာ အပြစ်ပြောစရာ မှတ်တမ်းဆိုးတွေပါပဲ။

နိုင်ငံတကာနဲ့ ယှဉ်ဘောင်တန်းဖို့ လုပ်နေပါတယ်လို့ တစာစာ ကြွေးကြော်ပြီး အာဆီယံ ဥက္ကဋ္ဌ ရာထူးကိုယူဖို့ ကြိုးစား၊ အားကစား ဆိုရင်လည်း ၂၀၁၃ ခုနှစ်မှာ ဆီးဂိမ်းလက်ခံကျင်းပခွင့် ရရှိထားတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ မဖြစ်သင့်တဲ့ ဖြစ်ရပ်ပါ။

ပြီးခဲ့တဲ့ ၂၀၁၀ မေလအတွင်းကလည်း ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား AFC President's Cup တာ့ခ်မင်နစ္စတန် နိုင်ငံက HTTU အသင်းနှင့် ဘူတန် နိုင်ငံ ဒရုခ်စတား အသင်း ပွဲစဉ်မှာ ကိုရီးယားလူမျိုး ကွင်းလယ်ဒိုင်တဦး ရာသီဥတု ပူပြင်းတဲ့အတွက် သတိလစ် မေ့လဲကျခဲ့ဖူးပါတယ်။ ဒီတုန်းကလည်း အရေးပေါ် အခြေအနေမှာ လူနာတင်ကား အဆင်သင့်မရှိလို့ ဝေဖန်ခံခဲ့ရဖူးပါတယ်။

မြန်မာဘောလုံးအဖွဲ့ချုပ်အနေနဲ့ နိုင်ငံတကာပွဲတွေကို လက်ခံကျင်းပမယ်ဆိုရင် တခြားသော ချမ်းသာကြွယ်ဝတဲ့ ဘောလုံးအင်အားကြီး နိုင်ငံတွေလို မဟုတ်တောင် အဖက်ဖက်က ထောင့်စေအောင် ပြင်ဆင်သင့်ပါတယ်။

အာဆီယံ ယူ-၁၉ ဘောလုံးပွဲတွေကို အောင်ဆန်းကွင်းနဲ့ သုဝဏ္ဏကွင်းမှာ အုပ်စု ၂စုခွဲပြီး ကျင်းပနေပေမယ့် သုဝဏ္ဏကွင်း အခြေအနေကို ပြောရရင် ရွံတွေ ဗွက်တွေ ပေါက်နေတဲ့အတွက် နိုင်ငံတကာပွဲ ကျင်းပဖို့ လုံးဝ မသင့်တော်တဲ့ အခြေအနေပါ။

ဒီလိုအခြေအနေမှာပဲ အင်ဒိုနီးရှား ဘောလုံးအသင်းဟာ အိမ်ရှင်မြန်မာအသင်းကို ယှဉ်ပြိုင်ခဲ့ရပါတယ်။ ပြိုင်ဘက် အင်ဒိုနီးရှား အသင်းအနေနဲ့ ကွင်းအခြေအနေကြောင့် ပွဲကိုရွှေ့ဆိုင်းနိုင်ပေမယ့်လည်း အိမ်ရှင်အသင်းကို ရင်ဆိုင်ခဲ့ပါတယ်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှားနည်းပြက သူတို့အနေနဲ့ ကွင်းအခြေအနေကို ကြည့်ပြီး ကစားဖို့ ရွှေ့ဆိုင်းချင်ပေမယ့် ပရိသတ်နဲ့ ပွဲစီစဉ်သူတွေကို ငဲ့ညှာတဲ့အတွက် ကစားခဲ့တာပါလို့ လူကြီး လူကောင်းဆန်ဆန် ပြောဆိုလိုက်တဲ့စကားဟာ မြန်မာဘောလုံးအဖွဲ့ချုပ်သာမက တမျိုးသားလုံးအတွက်လည်း အရှက်ရစရာပါ။

အလားတူ လာအိုအသင်းနည်းပြကလည်း အဆင့်မြင့် ကစားကွင်းမရှိရင် နိုင်ငံတကာပွဲ မကျင်းပနဲ့၊ မိမိတို့ နိုင်ငံမှာတောင် ဒါမျိုးကွင်းမရှိဘူးဆိုပြီး အပြစ်တင်စကားပြောခဲ့ပါသေးတယ်။

တကယ်တော့ တရုတ်နည်းပညာနဲ့ တည်ဆောက်ထားတဲ့ သုဝဏ္ဏအားကစားကွင်းဟာ လေ့ကျင်ကွင်း အဆင့်သာရှိပြီး နိုင်ငံတကာပြိုင်ပွဲ လက်ခံကျင်းပနိုင်တဲ့ အခြေအနေမရှိပါဘူး။ ဒါပေမယ့် ပြိုင်ပွဲမစတင်ခင် ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ ဦးဘန်နီတင်အောင်က သုဝဏ္ဏကွင်းကို လုပ်သား ၅ ဦးနဲ့ ပြုပြင်နေပါတယ်လို့ ပြောဆိုလိုက်တဲ့အတွက် အားကစားမီဒီယာများနဲ့ စာဖတ်ပရိသတ်အကြား ရယ်စရာ ပျက်လုံးတခုလို ပွဲကျခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာဖလားခြေစစ်ပွဲတုန်းကလည်း ပရိသတ်အားကိုးနဲ့ အိုမန်ကို အနိုင်ယူမယ်ဆိုတဲ့ အကြံနဲ့ တလွဲဆံပင်ကောင်း မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် နိုင်ငံတကာအလယ်မှာ အရှက်ရခဲ့ရပါပြီ။

ဒါပေမယ့် အဖွဲ့ချုပ် ကတော့တာဝန်ရှိပါတယ်ဆိုပြီး ၀န်ခံခြင်း၊ တောင်းပန်ခြင်းမရှိပါဘူး။ ဆိုးသွမ်းတဲ့ ပရိသတ်ကြောင့်ဆိုကာ လက်ညိုးထိုးအပြစ်ပုံခဲ့ပေမယ့် ဆိုးသွမ်းတဲ့ ပရိသတ်ကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အစီအစဉ် အကျအနမရှိ တာကို ဖုံးကွယ်ခဲ့ပါတယ်။

ဘောလုံးဝါသနာအိုးတွေက ကျဆင်းနေတဲ့ မြန်မာဘောလုံးအတွက် အရာရာကို ခွင့်လွတ်အားပေးနေပေမယ့်လည်း ဥက္ကဋ္ဌ ဦးဇော်ဇော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘောလုံးကွင်းအတွင်း ဖိတ်နိုင်ရုံ၊ မိမိကုမ္ပဏီ အားကစားကွင်း တည်ဆောက်ခွင့်ရရုံနဲ့ ကျေနပ်မနေပဲ အားကစားကဏ္ဍကို စံချိန်စံညွန်းမှီမှီ အခုကတည်းက စတင်ဆောင်ရွက်သင့်ပြီလို့ အကြံပေးချင်ပါတယ်။

7 comments :

  1. Anonymous said... :

    မြန်မာဘောလုံးနဲ့ ပက်သက်လာယင် မရှက်တော့ပါဘူးဗျာ။

  1. Anonymous said... :

    ရေဘူးပေါက်တာမလိုချင်ဘူး ရေပါတာပါလို့ချင်တယ်လို့ မိန့်ကြားခဲ့တဲ့လူမိုက်တွေ ဦးဆောင်ခဲ့လို့ရတဲ့ ရလာဒ်တွေ ပါ။
    ကွင်းကောင်းမကောင်း အရေးမကြီးဘူး ဘောလုံးနိုင်တာပဲလိုချင်တယ်ဆိုတဲ့ idea ရှိနေသရွေ့  နောက် အနှစ် ၁၀၀ ဘာမှ ဖြစ်မလာဘူး။ ကစားရာကွင်းမရှိပဲ အားကစားဘက်မှာမတိုးတက်နိုင်။ အဆင့်မှီကွင်းမှာမကန်ဘူးပဲ အဆင့်မှီ ကွင်းမှာ သွားပြိုင်ပြီးနိုင်ပါမလား။

    ထည့်စရာ တစ်ခုခုမရှိပဲ ရေကဘယ်လိုရောက်လာမလဲ။

  1. Anonymous said... :

    ယခုလိုပွဲမျိုးတွေက Y.U.S.C ကွင်းမှာဆိုမျက်နှာပျက်ရမှာမဟုတ်ပါဘူး

  1. Anonymous said... :

    ရေဘူးပေါက်တာမလိုချင်ဘူး... ရေပါတာပါလို့
    ချင်တယ်လို့ မိန့်ကြားခဲ့တဲ့...စစ်ဗိုလ်ကြီးတို့ရေ....
    ရေဘူးပေါက်လို့ ဗိုက်ထဲထည့်ယူလာပါတယ်
    ဗိုလ်ကြီးတို့ ...သောက်ချင်ရင်တော့....ပါးစပ်သာ
    ဟထား...ဘယ်လိုပုံစံနဲံ..သောက်မလဲ....လို့...
    ရေပါတယ်နော်....

  1. Anonymous said... :

    ဘတ်တလာပေးသွားတဲ့ဒေါ်လာတွေ...ဘယ်ရောက်ကုန်တုန်းဦဇော်ဇော်ရဲ့....ဘောလုံးကို for show လုပ်ပြီးဘုန်းလိုက်ပြီနဲ့တူပါရဲ့....ဟဲဟဲ

  1. Anonymous said... :

    မင်းတို့ ကွင်းက ဘောလုံးကွင်းမှမဟုတ်တာဘဲ လယ်ကွင်းကြီးပါ

  1. Anonymous said... :

    ဦးဇော်ဇော်ကစိတ်ပြောင်းလို့လယ်စိုက်စားတော့မယ်ဆိုပဲ။လယ်စိုက်ဖို့အချို့...အချို့သောသမီး ငယ်ကလေးများကိုလယ်စိုက်ဖို့ငှားပြီးပြီးဆိုဗျ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved