ထောင်ထဲမှာပေးမယ့် ဂီတသင်တန်း

Sunday, September 18, 2011

ဂီတသင်တန်းပေးမယ့် ထောင်ထဲက အထူးခန်း (ဓာတ်ပုံ - Asian Age)

အိန္ဒိယနိုင်ငံမှာတင်မက တောင်အာရှမှာ အကျယ်ဆုံးထောင်တခုဖြစ်တဲ့ နယူးဒေလီမြို့က တီဟားထောင်က တေးဂီတ စိတ်ဝင်စားသူ အကျဉ်းသားတွေအတွက် ဂီတသင်တန်းကို ဒီလဆန်းက စပြီး ဖွင့်လိုက်ပါတယ်။

ထောင်ဆိုတာ တကယ်တော့ အကျဉ်းကျနေရာတခုလို့ဆိုတာထက် အပြစ်လုပ်ခဲ့တဲ့သူတွေကို ပြန်လည်ပြုပြင်ရေးဌာနတခု၊ စိတ်ဓာတ်ရေးရာအရ၊ လူမှုရေးအရ ပြန်လည်မြှင့်တင်ပေးတဲ့ နေရာတခုပါ။ သူတို့တွေ စိတ်ကျဉ်းကြပ်မှုမရှိအောင်၊ စိတ်သက်သာရာရအောင်၊ နူးညံ့သိမ်မွေ့လာအောင် တေးဂီတက ကုစားစွမ်းနိုင်မှာဖြစ်လို့ ထောင်ထဲမှာ အကျဉ်းသားအချင်းချင်း ခိုက်ရန်ဖြစ်တာတွေ နည်းသွားမယ်လို့ မျှော်လင့်တယ်။ ဒါကြောင့် ဂီတသင်တန်း ဖွင့်ဖို့ စီစဉ်ရတယ်လို့ ထောင်အာဏာပိုင်တွေကဆိုပါတယ်။

တနေ့ကို သုံးနာရီ ပေးမယ့် အဲ့ဒီသင်တန်းမှာ အိန္ဒိယရိုးရာတူရိယာတွေ၊ အနောက်တိုင်းတူရိယာတွေ တီးမှုတ်တာအပြင်၊ သီချင်းသီဆိုပုံ၊ သီချင်းရေးစပ်ပုံတွေကိုပါ သင်ပေးမှာပါတဲ့။ ဒီသင်တန်းတက်မယ့် အကျဉ်းသားတွေဟာ ကိုယ်ဝါသနာပါရာကို ရွေးချယ်သင်ယူလို့ ရပါမယ်တဲ့။

တီဟားထောင်ကြီးတခုလုံးက အဆောင်ခွဲတခုစီတိုင်းမှာ တေးဂီတသင်တန်းခန်းတွေထားပြီး သင်တန်းတချိန်အတွက် သင်တန်းသား အယောက် ၂၀ ကနေ ၂၅ အထိ ထားပြီး သင်ပေးမယ်လို့ သိရပါတယ်။

“ကျနော်ဟာ တကယ်တော့ သီချင်းတွေရေး၊ သီချင်းတွေဆိုပြီး သီချင်းစီးရီးတွေထုတ်ဖို့ အင်မတန် စိတ်ဝင်စားပါတယ်။ အကြောင်းတခုခုကြောင့် ကျနော် ထောင်ကျခဲ့တော့ စိတ်ဓာတ်တွေ ကျနေခဲ့တာ။ ဒါပေမယ့် အခုလို ဂီတသင်တန်းတက်ခွင့်ရတော့ အားတွေပြန်တက်လာတယ်။ ဂီတနဲ့ ပတ်သက်တာတွေ ကျနော် ကောင်းကောင်းလေ့လာသင်ယူမယ်။ ထောင်ကထွက်တဲ့အခါ တေးစီးရီးတွေ ထုတ်မယ်” လို့ ဒေလီတက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့ အကျဉ်းသား ဂီတသင်တန်းသားတယောက်က ဆိုပါတယ်။

ဂီတသင်တန်းပို့ချပေးမယ့် ဆရာတယောက်က “ကျနော်တို့ ဂီတအခြေခံကနေစပြီးသင်ပေးသွားမယ်။ ရိုးရာတူရိယာရော အနောက်တိုင်းတူရိယာရော၊ အဆိုပိုင်းရောပေါ့။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို တေးဂီတနဲ့ ပြုပြင်ပေးဖို့အဓိက ထားတာဖြစ်လို့ စိတ်ဓာတ်မြင့်တင်ပေးမယ့် သီချင်းတွေ၊ ဓမ္မသီချင်းတွေကို ဦးစားပေးသင်ပေးတယ်” လို့ ပြောပါတယ်။

သင်တန်းသားတယောက်ကလည်း သူဟာ အထီးကျန်၊ စိတ်ဓာတ်တွေကျပြီး သူ့ဘ၀ရဲ့ ရည်မှန်းချက်တွေ ပျောက်ကုန်ပြီလို့ ခံစားနေရလို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ဖူးတဲ့အကြောင်း၊ ဒီသင်တန်းလာတက်တဲ့အခါမှာတော့ သီချင်းတခုခု တီးမှုတ်နေရတာ၊ သီဆိုနေရတာက တရားထိုင်သလိုဖြစ်နေပြီး စိတ်ငြိမ်းချမ်းမှုရလာတယ်၊ အခြေခံသီချင်းအတိုအစလေး ညည်းနေရတာကိုက ပျော်စရာ ဖြစ်လာတယ်လို့ ပြောပြပါတယ်။

သင်တန်းသားတွေထဲက ဂီတကို စိတ်ဝင်စားတဲ့သူ၊ ထူးချွန်တဲ့သူတွေကို မြေတောင်မြှောက်ပေးပြီး သူတို့ တတ်ကျွမ်းရာ တေးဂီတတွေနဲ့ အသက်မွေးနိုင်တဲ့အထိ၊ တေးစီးရီးတွေ ထုတ်နိုင်တဲ့အထိ ကူညီပံ့ပိုးသွားမယ်လို့ ဂီတသင်တန်းပို့ချပေးနေတဲ့ဆရာတွေက ပြောပါတယ်။
တီဟားထောင်ထွက် လက်မှုပစ္စည်းတွေရောင်းတဲ့ဆိုင် (ဓာတ်ပုံ - Oddees.net.in)

တီဟားထောင်မှာ ဒီ ဂီတသင်တန်းအပြင် ချည်ထိုးပန်းထိုး၊ ပန်းပု၊ အချုပ်အလုပ်၊ ဆေးဆိုးပန်းရိုက်ပညာ စတဲ့လက်မှုပညာတွေ၊ အချက်အပြုတ်၊ မုန့်လုပ်နည်းသင်တန်း၊ လက်သမားပညာ၊ စက်မှုအတတ်ပညာ၊ စိုက်ပျိုးရေးပညာစတာတွေကို သင်ကြားပေးနေပြီး၊ တီဟားထောင်ထွက် လက်မှုပစ္စည်းတွေကို အကျဉ်းသားတွေအတွက် ရံပုံငွေ၊ သူတို့ရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေကို ထောက်ပံ့ဖို့ ရံပုံငွေအဖြစ် ရောင်းချပေးနေတဲ့ ဆိုင်ခန်းမှာ ဒီပစ္စည်းတွေကို ဘယ်သူမဆို ၀ယ်ယူအားပေးနိုင်ပါတယ်။

(Source – Asian Age)
(ဓာတ်ပုံ-The Hindu)
တီဟားထောင်

နယူးဒေလီ အနောက်ပိုင်း တီဟားရွာကနေ သံရုံးတွေ အများစုရှိတဲ့ ချနကရပူရီအထိ ၇ ကီလိုမီတာ ရှည်လျားတယ်လို့ ဆိုပါတယ်။ တောင်အာရှမှာ အကျယ်ဝန်းဆုံးထောင်ပါတဲ့။ တီဟားထောင်အနီးနားတ၀ိုက် ဧရိယာကိုတော့ ဟာရီနာဂါးလို့ ခေါ်ကြပါတယ်။

ထောင်ဆိုတာထက် ပြန်လည်ပြုပြင်ရေးဌာနလို့ပဲ သုံးနှုန်းခေါ်ဝေါ်ပါတယ်။ ကနဦး တည်ဆောက်ကာစတုန်းကတော့ ပန်ဂျပ်ပြည်နယ်က အုပ်ချုပ်တဲ့ အချုပ်ထောင်၊ ၁၉၆၆ ခုနှစ်နောက်ပိုင်းမှာတော့ ဒေလီအစိုးရအုပ်ချုပ်မှုအောက်ကိုရောက်လာပြိး ၁၉၈၄ ခုနှစ် အဆောက်အဦးတွေ တိုးချဲ့ဆောက်လုပ်ပြီးစီးသွားချိန်မှာတော့ တီဟားထောင်လို့ နာမည်တွင်ခဲ့ပါတယ်။

အကျဉ်းသား ၆၂၀၀ ကျော်ဆန့်တယ်၊ ဒါပေမယ့် အကျဉ်းသားဦးရေ နှစ်စဉ်နဲ့အမျှ များလာတာကြောင့် လောလောဆယ်မှာ အကျဉ်းသား ၁၂၀၀၀ နီးပါးရှိနေပါတယ်။

တီဟားထောင်အကြောင်း အသေးစိတ် လေ့လာချင်ရင် ဒေလီအကျဉ်းထောင်များဌာနရဲ့ဝဘ်ဆိုဒ် မှာ လေ့လာနိုင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved