မမေ့အပ်သည့် ရွှေဝါရောင်လှုပ်ရှားမှု

Tuesday, September 27, 2011



....




ဧရာဝတီ အယ်ဒီတာ့အာဘော်

ယနေ့ နိုင်ငံရေးလောကတွင် လူတိုင်းပါးစပ်ဖျား၌ ရေပန်းစား နှုတ်တွေ့နေသည့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ ရေးသားပြောဆိုခွင့် စသည်တို့မှာ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုက မွေးဖွားပေးလိုက်သည်ဟု ဆိုလျှင် မမှားပေ။

သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်း ၂၀၀၈ မတ်လတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာလွှဲပေးမည်ဟု တရားဝင်ပြောဆို ခဲ့ရသည်။ ၂၀၀၈ မေလတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူအများ သေကြေနေသည့် ကြားမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုခဲ့ပြီး တရားမျှတမှု မရှိသော ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပကာ မဲမသမာမှုများဖြင့် အနိုင်ယူခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လက်ရှိ အာဏာ ရနေခြင်းသည် ပင်လျှင် ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှု၏ ကျေးဇူးကြောင့်ပင်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး အရပ်သားအစိုးရ ဝန်ကြီးနှင့် တွေ့ဆုံခဲ့ရုံမက သမ္မတ ဦးသိန်းစိန်နှင့်ပင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကာ ရလဒ်ကောင်းများကို မျှော်လင့် နိုင်ခဲ့သည့် အနေအထား ဖြစ်ခဲ့သည်မှာလည်း ရွှေဝါရောင်လှုပ်ရှားမှု၏ အရင်းပြု အနာခံခဲ့သော ရလဒ်ဟုပင် ဆိုရပေလိမ့်မည်။

ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်တာကာလ အထိမ်းအမှတ်အဖြစ် ယမန်နေ့က လူ ၂၀၀ လမ်းပေါ် ထွက်လာခဲ့သည်။ ထိုသူတို့က လမ်းပေါ်တွင် ငြိမ်းချမ်းစွာဖြင့် ၎င်းတို့၏ ဆန္ဒများကို ထုတ်ဖော်ခဲ့သည်။ ဆိုင်းဘုတ်မထောင်၊ အော်ဟစ်ခြင်း မရှိဘဲ စည်းကမ်းသေဝပ်စွာ လမ်းလျှောက်ခဲ့ကြခြင်း ဖြစ်သည်။ အာဏာပိုင်များဘက်က အဖမ်းအဆီးမရှိဘဲ နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့ခြင်းက ကောင်းသည့် အလားအလာဟု ဆိုရပေမည်။

သို့ရာတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို ဆူပူသောင်းကျန်းခြင်းနှင့် မကွဲပြားသူများ ရှိနေသေးသည်။ ဒီမိုကရေစီ ဖော်ဆောင် လိုသည့် နိုင်ငံတနိုင်ငံတွင် နေထိုင်သူများအနေဖြင့် မိမိတို့ ဆန္ဒကို လွတ်လပ်ငြိမ်းချမ်းစွာ ထုတ်ဖော်ခွင့် ရှိရမည်ဆိုသည့် အချက်ကို ၂၀၀၈ အခြေခံဥပဒေထဲတွင်လည်း မြင်တွေ့နိုင်ပါသည်။

စက်တင်ဘာ ၂၆ ရက်နေ့က လမ်းလျှောက်ဆန္ဒ ထုတ်ဖော် သူများထဲတွင် အများစုမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများ ဖြစ်သည်။ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ကာလက အဖမ်းအဆီးခံခဲ့ရသူတို့၏ မိသားစုဝင်များလည်း ပါသည်။ ထိုသူတို့မှာ ၎င်းတို့၏ မိသားစုဝင်များ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြကြခြင်းသာ ဖြစ်သည်။ ထိုအချက်ကို ဆူပူသောင်းကျန်းသည်ဟု မယူဆဘဲ လက်ခံကြရပေလိမ့်မည်။ ထိုသို့မဟုတ်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းမည် ဆိုပါက ယခင်သွားနေသည့် လမ်းဟောင်း၊ သံသရာ ဟောင်းထဲတွင်သာ တဝဲလည်လည် ဖြစ်နေပေလိမ့်မည်။

ယခု လူအများလိုလားနေသည့် အသွင်ကူးပြောင်းရေးကို ဖော်ဆောင်လိုလျှင် တရားမျှတစွာ စဉ်းစားဆုံးဖြတ်နိုင်ရမည်။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို အထောက်အကူပြုရန် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ဖမ်းဆီးထားသည့် သံဃာများ၊ သီလရင်များ၊ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမည်။

ယမန်နေ့က ဆန္ဒထုတ်ဖော်လမ်းလျှောက် သူတို့မှာ တရားမျှတမှုကိုသာ တောင်းဆိုနေကြခြင်း ဖြစ်သည်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ခြေလှမ်းလိုလျှင် ထိုအသွင်ကူးပြောင်းရေးအတွက် အဆင်ပြေချောမွေ့စေရန် လမ်းစဖော်ပေးဖို့ လိုသည်။ အနစ်နာခံခဲ့သူတို့ကို မမေ့ မလျော့စေရေး၊ မတရား အဖိနှိပ်ခံခဲ့ရသူတို့ကို သတိရစေရေး၊ တရားမျှတမှုကို တောင်းဆို ပိုင်ခွင့် ရှိရေးအတွက် နေရာနှင့် အခွင့်အရေးတို့ကို အသိအမှတ်ပြုရန် အရေးကြီးသည်။ မတရား ကျူးလွန် ခံခဲ့ရသော လူများ၏ ဒုက္ခကို ဖြေသိမ့်ပေးနိုင်မည့် လမ်းစ ရှာဖွေပေးရပေလိမ့်မည်။

ရွှေဝါရောင် ၄ နှစ်ပြည့် နှစ်ပတ်လည်ကာလသည် အသွင်ကူးပြောင်းရေးနှင့် တရားမျှတရေးအတွက် အသင့်တော်ဆုံး အချိန်ဟု ဆိုချင်ပါသည်။ ဒီမိုကရေစီ ခြေလှမ်းကို စမည့်အချိန်တွင် အနစ်နာခံခဲ့သူများအား ချန်မထားသင့်ပေ။ အကျဉ်းချ ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးခြင်းသည်သာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အတွက် လမ်းကြောင်းမှန်ဟု ဆိုနိုင်မည် ဖြစ်သည်။

သို့မှာသာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သူများ ခံစားခဲ့ရသော နာကျင်မှုများအတွက် နားလည်စာနာမှုနှင့် အသိအမှတ် ပြုပေးရာ ရောက်မည့်အပြင်၊ နှစ်ဦးနှစ်ဘက်ကြားမှ အာဃာတများ လျော့ပါးနိုင်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြလိုပါသည်။ ။

5 comments :

  1. Anonymous said... :

    ပထမစာပိုဒ်ကစွဲဆောင်မှုရှိတယ်တက်တက်စင်အောင်မှားနေလို့၂ခါ၃ခါပြန်ဖတ်မိတယ်
    ဒုတိယပိုဒ်ရွှေဝါရောင်တော်လှန်ရေးကြောင့်ဗိုလ်ချုပ်မှူးကြီးသန်းရွှေကအာဏာလွှဲပေးမယ်လို့တရားဝင်ပြောခဲ့ရတယ်ဆိုတာကလဲဟုတ်ပမလား
    လမ်းပြမြေပုံအတိုင်းငါ့လူငါလွဲမယ်ပြောတာဘဲမဟုတ်လား
    တတိယပိုဒ်ကလဲအငြင်းပွားဖွယ်ရာဖြစ်နေတယ်
    စတုထပိုဒ်ကိုတော့ထောက်ခံတယ်ကျန်တဲ့အပိုဒ်တွေလဲထောက်ခံတယ်
    အရှည်ကြီးရှောက်မရေးတာကိုလဲထောက်ခံတယ်ကွာ

  1. Anonymous said... :

    ကော်မန့်  တွေကို ဖိတ် ခေါ် နေ သလိုဘဲ
    အဟိ

  1. ပြည်သူကို သတ်စို့ (ယနေ့ တပ်မတော်၏ အခြေအနေမှန်ပြ စစ်ချီသီချင်းသစ်) said... :

    ပြည်သူကို သတ်စို့

    (လက်ရှိ တပ်မတော်၏ အခြေအနေမှန်နှင့် ကိုက်ညီသည့် စစ်ချီသီချင်းသစ်)


    ("တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်" စာသားဖြင့် အစချီသော "တူယှဉ်ကာတိုက်စို့" စစ်ချီသီချင်း၏ သံစဉ်အတိုင်း သီဆိုရန်)


    ပြည်သူကိုလေ "ဓါး ဓါးချင်း" ဖြိုခွင်းမယ်။
    ဗိုလ်ချုပ်နေဝင်း လူသတ်လမ်းစဉ် ငါတို့ဆက်ကျင့်မယ်။
    "စစ်တပ်ဟာ ပစ်ပြီဆိုရင် မှန်အောင် ပစ်ပါတယ်။"
    လမ်းမှာ ဆန္ဒပြရင် အသေပင် ပစ်သတ်မယ်။

    ရွာပြောင်းရင်လဲ အမြဲပဲ ပစ်သတ်တယ်။
    မပြောင်းချင်တဲ့ ရွာသားသတ်ဖို့ သတ်မိန့် ပေးထားတယ်။
    "အစိတ်သားတောင် မချန်နဲ့" - ဗိုလ်သန်းရွှေ အမိန့်ကွယ်။
    ကိုယ်ဝန်ဆောင်ပါမကျန်အောင် ငါတို့ ပစ်သတ်မယ်။

    မြို့လယ်မှာလဲ မစဲပဲ ပစ်ခတ်တယ်။
    ကျည်ဆံများဟာ တဖွဲဖွဲနဲ့ ရွာသွန်းမိုးသို့နှယ်။
    ဒို့  ဗိုလ်က "အသေပစ်" လို့ ပစ်မိန့် ပေးပါတယ်။
    ဘယ်မှာ တွန့်ဆုတ်ပါလိမ့်၊ ငါတို့ စစ်သားရယ်။

    ပြည်သူဟာလဲ အသေဆိုး သေရတယ်။
    သူတို့အလောင်းကို တက်နင်းပစ်ဖို့ ငါတို့ သတ်ခဲ့တယ်။
    "စစ်တပ်ကိုမစမ်းနဲ့၊ အသေဆိုးနဲ့သေမယ်။"
    "ဝေးစွာရှောင်ရှားပါ" လို့ ငါတို့ ဟစ်ကြွေးတယ်။


    ခွပ်ဒေါင်းဇာနည်
    ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁

    ၇-၇-၁၁
    သြစတြေလျ စံတော်ချိန် နံနက် ၇ နာရီ၊ ၇ မိနစ်



    တခေတ်တခါက ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်ခဲ့သော မြန်မာ့တပ်မတော်သည် စစ်အာဏာရှင်၏ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခြင်းကို ခံလာရသဖြင့် တစတစ စည်းကမ်းပျက်ကာ ဖရိုဖရဲ ဖြစ်လာပြီး တပ်မတော် အဆင့်မှ စစ်တပ် အဆင့်သို့ နိမ့်လျှောလာရာမှ ယနေ့တွင် နိုင်ငံတော် လက်နက်ကိုင် သောင်းကျန်းသူ လူသတ် ဓါးပြ မုဒိမ်းတပ် အဖြစ်သို့ လုံးလုံး ကူးပြောင်းလာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသဖြင့် သံယောဇဉ် မကင်းသော တပ်မတော်အတွက် ရင်ထုမနာ ဖြစ်ကာ " ပြည်သူကို သတ်စို့" (ယနေ့ တပ်မတော်၏ အခြေအနေမှန်ပြ စစ်ချီသီချင်းသစ်) ကို တပ်မတော်သားများ အမြင်မှန် ရစေရန် ရည်ရွယ်ချက်ဖြင့် ရေးစပ်ပါသည်။

    တပ်မတော်သားများ အမြင်မှန် ရပြီး ပြည်သူဘက်မှ ရပ်တည်ကာ ပြည်သူ့တပ်မတော်သား စစ်စစ်များ ဖြစ်လာနိုင်ကြပါစေ။

    ခွပ်ဒေါင်းဇာနည်


    (ရင်းမြစ် - Nge Naing ဘလော့)

  1. တူယှဉ်ကာ တိုက်စို့ (မူရင်း စစ်ချီသီချင်း) said... :

    တူယှဉ်ကာ တိုက်စို့

    (မူရင်း စစ်ချီသီချင်း)


    တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်။
    မြန်မာ့သတ္တိ ကမ္ဘာကသိအောင် ငါတို့တိုက်ခိုက်မယ်။
    သေပစေ ဒို့အသက်ကို ဖက်ရွက်မှတ်ပါတယ်။
    တောတောင်အထပ်ထပ်ကို ချီတက်တိုက်ခိုက်မယ်။

    မိုးတွေကလဲ မစဲပဲ ရွာနေတယ်။
    မြစ်ချောင်းအင်းအိုင် ရေတွေပြည့်လို့ ငါတို့တိုက်ရတယ်။
    ဘယ်မှာလဲ အိပ်ရတယ် ရှိလိမ့်မယ်။
    အမြဲတမ်း ချီတက်လို့သာ တိုက်ခိုက်နေရတယ်။

    စစ်မြေမှာလဲ မစဲပဲ ပစ်ခတ်တယ်။
    ကျည်ဆံများဟာ တဖွဲဖွဲနဲ့ ရွာသွန်းမိုးသို့နှယ်။
    ဒို့  ဗိုလ်က ဓါးကိုဆွဲလို့ ရှေ့ကတက်ပါတယ်။
    ဘယ်မှာ ကြောက်စိတ်ရှိလိမ့်၊ ငါတို့စစ်သားရယ်။

    ရန်သူဟာလဲ အရှုံးကြီး ရှုံးရတယ်။
    သူတို့အလောင်းကို အကာအကွယ်ပြုလို့ ငါတို့တိုက်ရတယ်။
    မြန်မာရဲ့သတ္တိကို ဘယ်မှာ ယှဉ်နိုင်မယ်။
    ဝေးစွာရှောင်ရှားပါလို့ ငါတို့ဟစ်ကြွေးတယ်။



    စစ်အာဏာရှင်၏ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခြင်းကို ခံနေရသော တပ်မတော်သားများ အနေဖြင့် အမြင်မှန် ရပြီး ပြည်သူဘက်မှ ရပ်တည်ကာ "တူယှဉ်ကာတိုက်စို့" စစ်ချီသီချင်းကို လွန်ခဲ့သော နှစ် ၅ဝ က အနေအထား ဖြစ်သော ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ပြည်သူ့တပ်မတော်သား စစ်စစ်များ ဘဝဖြင့် ပြန်လည် သီဆိုနိုင်ကြပါစေ။


    ခွပ်ဒေါင်းဇာနည်
    ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁


    (ရင်းမြစ် - Nge Naing ဘလော့)

  1. စစ်တပ်က ဥပဒေမဲ့ ရမ်းကား သတ်ဖြတ်နေတာ နိဂုံးမချုပ်သေးသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီဟာ ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပါ said... :

    စစ်ပွဲ ဆိုတာ တကယ်တော့ စစ်ပွဲမှာ ယှဉ်ပြိုင် တိုက်ခိုက်တဲ့ တပ်နှစ်တပ်လုံးအတွက် ကိုယ့်ဘက်က နိုင်လည်း ရှုံး၊ ကိုယ့်ဘက်က ရှုံးလည်း ရှုံးတာပါ။ စစ်ပွဲကို ပြည်သူတွေဘက်က အမြင်နဲ့ ကြည့်ရင် အရှုံးချည်းသက်သက်
    ဆိုတာ ပိုပြီး ထင်ရှားပါတယ်။

    ဒီ အမှန်တရားကို လျစ်လျူရှုပြီး အကြောင်း အမျိုးမျိုး ပြပြီး စစ်အင်အားကို လိုအပ်တဲ့ အတိုင်းအတာထက် အဆပေါင်းများစွာ ပို ကြီးမားလာအောင် လုပ်နေသူတွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မလုပ်လိုတဲ့၊ ဗိုလ်ကျ စိုးမိုးရေး လမ်းစဉ်ကို ကျင့်သုံးလိုတဲ့၊ မငြိမ်းချမ်းတဲ့ နယ်မြေတွေမှာ လက်နက်အားကိုးပြီး အာဏာကို ချဲ့ထွင်ကာ ဘိန်းကုန်ကူးတာ၊ လူကုန်ကူးတာ အပါအဝင် မြိုးမြိုးမြက်မြက် ရတဲ့ တရားမဝင် စီးပွားရေးသမားတွေဆီက နယ်မြေဖြတ်သန်းခ အပါအဝင် လိုင်းကြေး၊ ဆက်ကြေး မျိုးစုံကိုလိုင်းကြေးတွေကို သူဌေးဖြစ်တဲ့ အတိုင်းအတာ အထိ မတရား ကိုယ်ကျိုးရှာလိုတဲ့၊ အတ္တကြီးတဲ့ စစ်ဝါဒီတွေပါ။

    ကိုယ်ကျိုးရှာ စစ်ခေါင်းဆောင်တွေဟာ စစ်အင်အား တိုးချဲ့ရာမှာ အကြောင်းပြချက်ကောင်း အဖြစ် တင်ပြဖို့ ပြည်တွင်းစစ်ကို တမင် မွေးထားပါတယ်။

    ပြီးတော့ လူမျိုးစုလက်နက်ကိုင်တပ်တွေနဲ့ လက်နက်မဲ့ ရွာသားတွေကို ခွဲခြားမှု မရှိဘဲ လက်နက်မဲ့ တိုင်းရင်းသားပြည်သူတွေကိုပါ ရန်သူလို့ သဘောထားပြီး ရန်သူအဖြစ် ပစ်မှတ်ထားပြီး တိုက်ခိုက်နေတော့ ကြေကွဲစရာ အဖြစ်ဆိုး အမျိုးမျိုးဟာ နယ်စွန်နယ်ဖျားတွေ၊ တိုင်းရင်းသားဒေသတွေမှာ လူမသိသူမသိ ဆက်လက် ဖြစ်ပွားနေတုန်းပါ။

    စစ်အုပ်စုက တိုင်းရင်းသား ပြည်သူတွေကို ပစ်မှတ်ထား ထိုးစစ်ဆင်ပြီး တိုင်းရင်းသားအချင်းချင်း (ဥပမာ - KNU နဲ့ DKBA)၊ ပြည်သူအချင်းချင်း (ဥပမာ - နာမည်အမျိုးမျိုး ပြောင်းခေါ်လာတဲ့ ပြည်သူ့စစ် နဲ့ KNU) တိုက်ခိုင်းနေတဲ့ စစ်ဝါဒ မချုပ်ငြိမ်း သေးသရွေ့ ၊ ကိုယ်ကျိုးရှာ စစ်အာဏာရှင်စနစ် မကျဆုံးသေးသရွေ့ ဝမ်းနည်းစရာ အဖြစ်ဆိုးမျိုးတွေကို ပြည်သူတွေ ဆက်လက် ကြုံတွေ့ ခံစားနေရဦးမှာပါ။

    တဆက်ထဲမှာပဲ စစ်တပ်က ပြည်သူအားလုံး အပေါ်မှာ လူမိုက်ဝါဒနဲ့ လက်နက်အားကိုးပြီး ပြည်သူတွေက ရသင့်ရထိုက်တဲ့ အခြေခံ လူ့ အခွင့်အရေးကို ကာကွယ်တဲ့ အနေနဲ့ ဆန္ဒ ထုတ်ဖော်ပြသတာကို ဥပဒေမဲ့ ရမ်းကား သတ်ဖြတ်နေတာ အကြွင်းမဲ့ နိဂုံးမချုပ် သေးသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေကို ပြည်သူတွေ ခံစားခွင့်ရမှာ မဟုတ်ပါဘူး။


    ခွပ်ဒေါင်းဇာနည်
    ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁


    (ရင်းမြစ် - Nge Naing ဘလော့)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved