"စာပေစိစစ်ရေးအဖွဲ့ - - မရှိသင့်ပါဘူး"

Saturday, September 24, 2011

....





ဓာတ်ပုံ - ဧရာဝတီ၊ စက်တင်ဘာ ၂၃၊ ၂၀၁၁

လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်
အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်

ကိုလူမင်း (ပြည်မြို့)
မေးခွန်း ။ ။ အမေစု မင်္ဂလာပါ။ ကျနော် ပြည်မြို့က ကိုလူမင်း ဖြစ်ပါတယ်။ ကျနော်မေးချင် တဲ့မေးခွန်းက ပြန်ကြားရေးဝန်ကြီး ဦးကျော် ဆန်းက အခုတလော ဒီလွှတ်တော်ထဲမှာ သူဖြေသွားတာက စာပေစိစစ်ရေးဟာ မြန်မာနိုင်ငံမှာ ဆက်လက်ရှိနေသင့်တယ်။ ဖျက်သိမ်းပေး ဖို့လည်း အစိုးရမှာ အစီအစဉ်မရှိဘူးလို့ သူပြောသွားပါတယ်။ အဲဒါအနေနဲ့ပတ်သက်လို့ ကျနော်တို့မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးကို ဆက် လက်ပြီးတော့ထားရှိတာဟာ ပိုကောင်းမလား။ ဒါမှမဟုတ်လို့ရှိရင် စာပေစိစစ်ရေးကို ဖျက်သိမ်းပစ်လိုက်ပြီးတော့ သတင်းသမားတွေကို လွတ်လွတ်လပ်လပ်ရေးခွင့်ပေးလိုက်ပြီးတော့မှ တစ်ခုခုတစ်စုံတရာ ပြဿနာဖြစ်လာလို့ရှိရင် ဥပဒေအကြောင်းအရ အရေးယူတာက ပိုကောင်းမလား။ အဲဒီနှစ်ခုကို အမေစု ဘယ်လို တွေးနေမိပါသလဲခင်ဗျာ။ အဲဒါလေး ကျနော်သိချင်ပါတယ်။


အဖြေ ။ ။ စာပေစိစစ်ရေးဆိုတာ ဒီမိုကရေစီအဆောက်အအုံ ခိုင်မာတဲ့နိုင်ငံတွေမှာ မရှိပါဘူး။ ဒါ့ကြောင့် တကယ်ပဲ ဒီမိုကရေစီ တည်ဆောက်ချင်တယ်ဆိုရင် စာပေစိစစ်ရေးအဖွဲ့ရယ်လို့ မရှိသင့်ပါဘူး။ နိုင်ငံရဲ့ဥပဒေတွေနဲ့ မကိုက်ညီတဲ့ရေးသားမှုတွေ၊ ဥပမာ-အသရေ ဖျက်မှု၊ လူမျိုး ဘာသာ မတူသူများအကြား လှုံ့ဆော်ရန်တိုက်မှု၊ အဲဒါတွေဆိုလို့ရှိရင်တော့ ဥပဒေအရ အရေးယူရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကြုံတုန်း ဥပဒေစိုးမိုးရေး ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ထပ်ပြီးတော့ပြောချင်ပါတယ်။ စစ်မှန်တဲ့ တရားဥပဒေ စိုးမိုးရေးရှိတယ် ဆိုရင် မလိုအပ်တဲ့ကန့်သတ်ချုပ်ချယ်မှုတွေကို ဖယ်ရှားဖို့ကလည်း အထောက်အကူဖြစ်ပါတယ်။

..... ..... .....

မခင်ဖြူဖြူထွန်း (ဗြိတိန်နိုင်ငံ)
မေးခွန်း။ ။ မင်္ဂလာပါ အမေ ဒေါ်အောင်ဆန်းစုကြည်ရှင်။ သမီးကတော့ လန်ဒန်မြို့က မြန်မာ့အရေးကို ဆောင်ရွက်နေတဲ့ ခင်ဖြူဖြူထွန်း ဖြစ်ပါတယ်ရှင်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက တောင်းဆိုရာမှာ မြန်မာအစိုးရ တာဝန်ရှိပုဂ္ဂိုလ်များက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေမရှိဘူးလို့ ငြင်းဆိုလိုက်ပြီး၊ ရာဇဝတ်သားသာ ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်ရှင်။ တကယ်တော့ မြန်မာပြည်က ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို အာဏာရှင်အဆက်ဆက်က ဒီမိုကရေစီအခွင့်အရေးတွေကို ကန့်သတ်တယ်၊ မတရားဥပဒေတွေကိုပြဋ္ဌာန်းပြီး ဒီမတရားဥပဒေတွေနဲ့ပုဒ်မတပ်ပြီး အကွက်ဆင် ထောင်ချခြင်းတွေကို တွေ့ခဲ့ရပါတယ်ရှင်။ အမေ့အနေနဲ့ ဒီ မတရားဥပဒေတွေကို ပပျောက်အောင် နောက်နောင်ကို ဒီလိုအကွက်ဆင် ထပ်မံထောင်ချလို့မရအောင်ကို ဘယ်လိုမျိုးလုပ်ပေးဖို့ စိတ်ကူးရှိပါသလဲလို့ မေးချင်လို့ပါရှင်။ ကျေးဇူးတင်ပါတယ်ရှင်။

အဖြေ ။ ။ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို အမေနဲ့ NLD က တစိုက်မတ်မတ်အာရုံစိုက်ပြီး တတ်နိုင်သလောက်လုပ်ခဲ့သလို၊ ဥပဒေ စိုးမိုးရေးအတွက်လည်း စကားအားဖြင့်တောင်းဆိုရုံမက ဥပဒေအထောက်အကူအဖွဲ့ဝင်တွေ လက်တွေ့ကျကျအမှုလိုက်ပြီးတော့ နစ်နာသူ တွေကို ကူညီပေးပါတယ်။ ယုံကြည် ချက်အရ နိုင်ငံရေးလုပ်လို့အကျဉ်းကျသူတွေ ဒီနိုင်ငံမှာမရှိတော့အောင် အမေတို့တင်မက တခြားအဖွဲ့ အစည်းတွေ အများကြီးက ကြိုးစားနေပါတယ်။ နိုင်ငံ တော်တော်များများကလည်း တောင်းဆိုနေပါတယ်။ ဒီလို အားလုံးပူးပေါင်း ဆောင် ရွက်သွားမယ်ဆိုလို့ရှိရင် အောင်မြင်မှုရမှာပါ။

..... ..... ....

မမိုးစန္ဒာ (ဂျပန်နိုင်ငံ)
မေးခွန်း ။ ။ မင်္ဂလာပါရှင် အန်တီ။ ကျမနာမည် မိုးစန္ဒာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပါတယ်။ နောက်ပြီးတော့ အညတရသူရဲကောင်း ဂုဏ်ပြုဆုချီးမြင့်ရေးကော်မတီဝင် တစ်ဦးလည်းဖြစ်ပါတယ်။ အခုလို အန်တီနဲ့တိုက်ရိုက်မေးခွင့်ရတာကို အရမ်းဝမ်း သာဂုဏ်ယူမိပါတယ်ရှင်။ သမီးသိချင်တာလေး တစ်ခုက အခုဒီနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရေးဟာ မြန်မာ့နိုင်ငံရေးအတွက် ဘယ်လောက်အရေးကြီးကြောင်း အန်တီအပါအဝင် ပြည်တွင်းရော ဒီတစ်ကမ္ဘာလုံးက သိကြပါတယ်။ ဒီအားလုံးကနေပြီးတော့ ဒီနိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေးရေးကို အတန်တန်တိုက်တွန်းနေကြတာတောင်မှ ဒီသမ္မတဦးသိန်းစိန်အစိုးရကနေ အခုထက်ထိ မလွှတ်ပေးနိုင် တာ ဘာကြောင့်လို့ ထင်ပါသလဲအန်တီ။ ဘယ်လိုအကြောင်းတွေက အဟန့်အတားဖြစ်နေသေးရတာလဲ။ တကယ်ကော လွတ်မြောက် ဖို့ရှိပါရဲ့လား။ အဲဒါ အန်တီရဲ့အမြင်လေးကို သိပါရစေရှင့်။ အန်တီ ကျန်းကျန်းမာမာနဲ့ မြန်မာ့နိုင်ငံအရေး ကောင်းကျိုးအတွက် ကို ဆက်လက်ဆောင်ရွက်နိုင်ပါစေ လို့ ဆုမွန်ကောင်းတောင်းပေးနေပါတယ်ရှင့်။

အဖြေ ။ ။ နိုင်ငံရေးအကျဉ်းသားတွေ အခုထိမလွှတ်သေးတာဟာ သံသယတွေ မကင်းစင်သေးလို့ဖြစ်မယ်လို့ ထင်ပါတယ်။ လွတ်ပါ့ မလားဆိုတဲ့မေးခွန်းကတော့ မေးဖို့ကိုမလိုပါဘူး။ လွတ်ကိုလွတ်ရမှာပါ။ ဒီလွတ်မြောက်ရေးကို အဟန့်အတားဖြစ်စေနေတဲ့ကိစ္စတွေကို အမြန်ဆုံး ပြေလည်သွားအောင်လို့ တတ်နိုင်သမျှ တာဝန်သိသိနဲ့ အားလုံးကလည်းလုပ်သွားဖို့က အရေးကြီးပါတယ်။ သမီးတို့လည်း နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် မမေ့မလျော့ ဆက်လက်ပြီးတော့ လုပ်ဆောင်စေချင်ပါတယ်။

..... ..... .....

မကြည်ပြာ (ပြင်သစ်နိုင်ငံ)
မေးခွန်း ။ ။ အန်တီစုရေ။ သမီးကတော့ ကြည်ပြာပါ။ အခုလိုမျိုး အန်တီကို မေးမြန်းခွင့်ရတဲ့အတွက် အရမ်းပဲပျော်ရွှင်ပါတယ်။ အခု အန်တီစုရဲ့အတ္ထုပ္ပတ္တိအကြောင်းကိုပေါ့နော် ရိုက်ထားတဲ့ The Lady ဆိုတဲ့ ရုပ်ရှင်ကား ရုံတင်တော့မှာဖြစ်ပါတယ်။ အဝေးမှာရှိနေတဲ့ မြန်မာတွေ အားလုံးကလည်း အန်တီစုရဲ့အတ္ထုပ္ပတ္တိဖြစ်တဲ့အတွက် အားလုံးက ကြည့်ဖို့မျှော်လင့်နေကြပါတယ်။ The Lady ဆိုတဲ့ဇာတ်ကားလေးနဲ့ ပတ်သက်ပြီး အန်တီအနေနဲ့ မြန်မာအားလုံးအတွက် ဘယ်လိုသတင်းစကားမျိုးလေးများ ပြောကြားချင်ပါသလဲ။ ကျမတို့အတွက် သတိပေး ချင်တာလေးပဲဖြစ်ဖြစ်၊ အန်တီအတွက် သတင်းစကားလေးပဲ တစ်ခုခုပဲဖြစ်ဖြစ် အန်တီ တစ်ခုခုများ ပြောချင်စရာရှိပါသလား သိချင်ပါတယ်။ နောက်တစ်ခု သမီးသိချင်တာကတော့ မီရှဲယိုးက မြန်မာနိုင်ငံ ပထမဆုံးအကြိမ်လာပြီးတော့ အန်တီနဲ့တွေ့ဆုံပြီးတော့ သူကတစ်ချို့ဇာတ် ဝင်ခန်းတွေ ရိုက်သွားပါတယ်လို့သိရပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ်သူလာဖို့ ကြိုးစားတဲ့အခါမှာတော့ ပြည်ဝင်ခွင့်မရဘူးတဲ့။ ဒါစိတ်မ ကောင်းစရာပဲ။ အန်တီစုအနေနဲ့ရော မီရှဲယိုးရဲ့ ဒုတိယအကြိမ် ပြည်ဝင်ခွင့်မရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အန်တီ တစ်ခုခု ပြောချင်တာများ ရှိပါသလားရှင်။ တစ်ချိန် တစ်ခါမှာတော့ အန်တီစုကို သမီးကိုယ်တိုင် မြန်မာနိုင်ငံကိုလာပြီးတော့ မေးမြန်းခွင့်ရတဲ့အခါလေးများရှိခဲ့မယ်ဆိုရင်တော့ သမီးဘဝမှာ အပျော်ဆုံးဖြစ်မှာပါ။

အဖြေ ။ ။The Lady ဇာတ်ကားရိုက်ကူးမှုနဲ့ အန်တီဘာမှမပတ်သက်ခဲ့တာကြောင့် အဲဒီအကြောင်းသိပ်မသိပါဘူး။ မီရှဲယိုးကို အရင်နှစ်က လာတုန်းကတော့ တွေ့ခဲ့ပါတယ်။ ခင်မင်ဖို့လည်း အလွန်ကောင်းပါတယ်။ သက်သက်အလည်လာတာပါ။ ဘာမှရုပ်ရှင်နဲ့ပတ်သက်လို့ ရိုက်ကူးခဲ့တာတွေတော့ မရှိပါဘူး။ ဒုတိယအကြိမ်မှာ ဝင်ခွင့်မပေးတာ ဘယ်လိုကြောင့်ဆိုတာလည်း မီရှဲယိုးကိုယ်တိုင်တောင်မသိတော့ အန်တီက သာပြီးမသိတာပေါ့။ သမီး ရန်ကုန်ကိုပြန်လာပြီး အန်တီကိုမေးမြန်နိုင်တဲ့အချိန်မှာ ဒီမေးခွန်းတွေရဲ့ အဖြေတွေလည်း ပေါ်ရင်ပေါ် နေတော့မှာပေါ့လေ။

... .... ....

ကိုစိုးနိုင် (အမေရိကန်နိုင်ငံ)
မေးခွန်း ။ ။ ဟုတ်ကဲ့ မင်္ဂလာပါ အန်တီစု။ ကျနော် နယူးယောက်က စိုးနိုင်ပါ။ ကျနော့်အနေနဲ့အန်တီစုကို မေးချင်တာက ယခုလက်တလော ဖွဲ့စည်းလိုက်တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာ အစိုးရဝန်ထမ်းဟောင်းတွေဖြစ်တဲ့ အငြိမ်းစားသံအမတ်တွေ၊ ပါမောက္ခဟောင်းတွေ၊ ပြည်နယ်ဆရာဝန်ကြီး ဟောင်းတွေနဲ့ အတူတူ ဖွဲ့စည်းထားပါတယ်။ အဲဒီအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းထားတယ်ဆိုတာ ကို အန်တီစုအနေနဲ့ ဘယ်လိုမြင်ပါသလဲခင်ဗျာ။ နောက်တစ်ခုမေးချင်တာကတော့ အဲဒီအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဟာ လူ့အခွင့် အရေးနဲ့ပတ်သက်ပြီး မြန်မာပြည်သူပြည်သားတွေအပေါ် ဘယ်လို ကာကွယ်စောင့်ရှောက်ပေးနိုင်မလဲ။ အဲဒီကော်မရှင်ရဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်တို့အပေါ် ဘယ်လိုဖြစ်သင့်တယ်လို့ အန်တီစုထင်ပါသလဲခင်ဗျာ့။ ကျေးဇူးတင်ပါတယ်။

အဖြေ ။ ။ လူ့အခွင့်အရေးကော်မရှင်ရယ်လို့ ဖွဲ့စည်းတာဟာ ကောင်းပါတယ်။ အဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ အမျိုးမျိုးဝေဖန်နေကြတာကိုလည်း ကြားရပါတယ်။ ယခင်က ဘယ်လိုအလုပ်တာဝန်တွေပဲ ထမ်းဆောင်ခဲ့ ထမ်းဆောင်ခဲ့ အဓိကကျတာက အခုအခါမှာ လူ့အခွင့်အရေးတွေကို ဘယ်လောက် သတ္တိရှိရှိ၊ တာဝန်သိသိနဲ့ ကာကွယ်ပေးမလဲဆိုတဲ့အချက်ပါပဲ။ ကော်မရှင်ကို လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ပေးဖို့ကတော့ အရေးကြီးပါတယ်။ ဒီလိုလုပ်ပိုင်ခွင့်မပေးရင် ကော်မရှင်ကလည်း ဘာမှမလုပ်နိုင် ဖြစ်ပြီးတော့ ဖွဲ့လိုက်တာဟာ မဖွဲ့တာထက်တောင်မှ အပြစ်တင်စရာ၊ ဝေဖန်စရာကိန်းဆိုက်နိုင်ပါတယ်။

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)

မိုးမခ www.moemaka.com တွင် ဖော်ပြထားသော အမေးအဖြေတို့ကို ကူးယူထားခြင်းဖြစ်



....

9 comments :

  1. Anonymous said... :

    စာပေစိစစ်ရေးအဖွဲ့ မရှိသင့်ပါဘူး---ဆိုတာကို တော့ ကျွန်တော်တို့ဟာ လုံးဝမကြိုက်ပါဘူး။ ဆိုလိုတာက တနပ်စားညဏ်နဲ့ မကြည့်ကြပါနဲ့။ ကျွန်တော်တို့က ဒီမိုကရေစီကို ချစ်မြတ်နိုးပါတယ်။ ဆိုလိုတာက ဒီမိုကရေစီ ဆိုတာနဲ့ စာပေလွတ်လပ်ခွင့် ရှိရမယ်လို့ မဆိုလိုပါဘူး။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံလို ထေရ်ရ၀ါဒထွန်းကားတဲ့နိုင်ငံ မှာပိုလို့ပင် ရှိသင့်ပါတယ်လို့ထင်ပါတယ်။ နိုင်ငံအတွက် အပြုသဘောဆောင်တဲ့ စာပေတွေကိုတော့ လွတ်လပ်ခွင့် ပေးသင့်ပါတယ်။ ဥပမာ-စင်္ကာပူနိုင်ငံဟာ စည်းကမ်းကျပြီးတိုးတက်ပေမဲ့ စာပေလွတ်လပ်ခွင့်ကို အကန့်အသက်နဲ့သာ ပေးထားပါတယ်။ နောက်တစ်ခု- ခင်ဗျားတို့ အားကျပါတယ်ဆိုတဲ့ စာပေလွတ်လပ်ခွင့် အရှိဆုံး၊ ဒီမိုကရေစီရှေ့ဆောင် အမေရိကန်ပြည်ထောင်စုမှာ အစ္စလာမ်ဘာသာရေးနဲ့ ပါတ်သက်တဲ့စာပေ၊ ကွန်မြူနစ်သဘောတရား၊ ဆိုရှယ် သဘောတရားစာပေ၊ လူမဲအခွင့်အရေးနဲ့ပါတ် သက်တဲ့စာပေများ၊ ပြည်နယ်တွေရဲ့ပြဌာန်းဥပဒေတွေကို ဝေဖန်ရေးသားတဲ့စာပေများကို လွတ်လပ်ခွင့်မပေးပါ။ ဒီလောက်ဆို ခင်ဗျားတို့တွေ သဘောပေါက်လောက်ပြီလို့ထင်ပါတယ်။ စာပေသာမက မြန်မာရုပ်ရှင်ဇာတ်လမ်း၊ ဗွီဒီယိုဇာတ် ကားများမှ ယဉ်ကျေးမှုကို ပြတ်ယွင်းစေသည့် အ၀တ်အစား၊ အပြောအဆို၊ နေထိုင်မှုစတာတွေကိုလည်း ဆင်ဆာဖြတ်ယုံတင်မက ဒဏ်ရိုက်သည့် စနစ်များကိုလည်း ကျင့်သုံးသင့်တယ်လို့ ထင်မြင်မိပါတယ်။

  1. Anonymous said... :

    အမေရိကန်က သတင်းစာကြောင်းတွေဘာတွေပြောတော့ ခင်ဗျား အမေရိကန်သတင်းစာ ဘယ်နှစ်စောင်ဖတ်ဖူးလဲလို့ ပြန်မေးလိုက်ချင်ပါတယ်။ စိစစ်သင့်တယ်ဆိုရင်လည်း အရင်ဆုံးစိစစ်ရမှာက အခုလို ရမ်းသမ်းပြောတဲ့ စကားမျိုးကိုပါ။ အားလုံးကို ဖွင့်ပေးလိုက်ရင် မကြာခင်မှာပဲ ဘယ်ဟာက ဘယ်ရည်ရွယ်ချက် ဘာအလုပ် ဘာဝါဒဆိုတာတွေ ကွဲပြားသွားမှာပါ။ လက်ရှိသတင်းစာတွေကို ကောက်မကိုင်ချင်တဲ့ အဖြစ်ထက်တော့ မျက်စိပွင့်နားပွင့်ဖြစ်သွားမှာ အမှန်ပါပဲ။ သတင်းကို သတင်းလိုရေးသမျှတော့ အားလုံးက နှစ်လိုမှာပါ။ ၀ါဒဖြန့်တာတွေဆိုလည်း ကျော်ဖတ်နေကျ ဖိန့်လုံးဟောက်လုံး အော့နှလုံးတွေထက်တော့ စိတ်ဝင်စားဖို့ကောင်းမှာပါ။ ခင်ဗျားအသိုင်းအ၀ိုင်းကို ဒီဘောင်တွေထဲက မထွက်ချင်ဘူးဆိုရင်တော့လည်း ခင်ဗျားသဘောပေါ့။ ခင်ဗျားနောက်ပေါက်လေးတွေ ဒီလို စွတ်ရွတ်ပြောတာမျိုးတော့ ခပ်ပြုံးပြုံးနဲ့ စောင့်ကြည့်နေရဦးမှာပေါ့။

  1. Anonymous said... :

    အထက်က စာပေစိစစ်ရေးအဖွဲ့ရှိဖို့ကို လိုလားတဲ့ မောင်ဖြီးလုံးရယ်၊ အမေရိကန်ပြည်ထောင်စုမှာ လွတ်လပ်စွာရေးသားထုတ်ဝေပြောဆိုခွင့် (Free Speech)ဆိုတာကို သူတို့ရဲ့ ကွန်စတီကျူးရှင်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာကို အတိအကျပြဌာန်းပြီးကျင့်သုံးနေတာ ကြာလှပေါ့ဆိုတာမသိဘူးလားကွယ်။ တကယ်ပိတ်ပင်ရမှာက ငါ့စကားနွားရ အခြေအမြစ်မရှိ လိုရာဆွဲရမ်းသမ်းပြောနေတဲ့ မင်းရဲ့ကွန်မန့်လိုဟာမျိုးတွေ၊
    မျက်ရည်တောက်တောက်ကျ မီဒီယာဝံဂျီးဆဒ္ဒန်ကျော်ဆန်းရဲ့ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကိုပိတ်ပင်နေတဲ့ ဥပဒေမဲ့လုပ်ရပ်တွေကိုပါပဲ။ အဲ့ဒါမျိုးတွေကိုဖယ်ရှားနိုင်မှ တိုင်းပြည်အကျိုးရှိလာမှာ။

  1. Anonymous said... :

    ဟေ့.. အပေါ်က စာပေစိစစ်ရေးအဖွဲ့ကိုရှိစေချင်တဲ့သူ၊ အမေရိကန်ပြည်ထောင်စုမှာ လူမဲအခွင့်အရေးနဲ့ပတ်သက်တဲ့စာပေတွေကို လွတ်လပ်ခွင့်မပေးဘူးလို့ခင်ဗျားကဆိုနေတော့ အဲဒီအရပ်မှာ ဘယ်ကနေ ဘယ်လိုကြီးဖြစ်ပြီး အိုဘားမားဆိုတဲ့ လူမဲကြီးတယောက်က သမ္မတတက်လုပ်နေသလဲဆိုတာလေး ရှင်းပြစမ်းပါအုံးကွာ။

  1. Anonymous said... :

    ခင်ဗျားတို့ အနောက်နိုင်ငံတွေရဲ့ မျက်လှည့်မှာလည်နေပြီ။
    ဒီမိုကရေစီဆိုတာ နိုင်ငံရေးဟာ လူတိုင်နဲ့ ပတ်သတ်
    တာဖြစ်တဲ့အတွက် လူတိုင်းနိုင်ငံရေးနားလည်ရမယ်။
    ပြည်သူတရပ်လုံးမှာ ပါတီမရွေး ဘက်မရွေး ဘုံသဘောတူညီချက် စည်ကမ်းရှိရမယ်။
    ဘီဘီစီ အာအက်(ဖ)အေလောက်နားထောင်တာနဲ့
    နိုင်ငံရေးနားလည်ပြီလို့ထင်ရင်မှားတာပါပဲ။
    ဒီမိုကရေစီမှာ လွပ်လပ်ခွင့်မှာနိုင်ငံတော်စည်းဘောင်ရှိတယ်။
    ကျုပ်အနောက်နိုင်ငံတွေမှာ အကြမ်းဘက်သမားတွေကို
    ထောက်ခံပြီးရေးမယ်။ဘယ်မီဒီယာကဖေါ်ပြမလဲ။
    ကျုပ်ထောင်ထဲဝင်ရမှာတော့ကြိမ်းသေတယ်။
    ပြည်တွင်းလူတွေ လူဖြူတွေအကြောင်းမသိတာတော့
    အပြစ်မဟုတ်ပါဘူး။ကျုပ်တောင်နှစ်ပေါင်းနှစ်ဆယ်လောက်
    သူတို့ထဲမှာနေလို့ဒါတွေသိတာပါ။သူတို့လူထုတရပ်လုံးကနိုင်ငံရေးအသိတရားအရမ်းမြင့်တယ်။
    ကျုပ်တို့နဲ့ဆို သူငယ်တန်းနဲ့ဆယ်တန်းဖြစ်နေတယ်။

  1. Anonymous said... :

    စာပေစိစစ်ရေ့းကို ထောက်ခံတဲ့ ဒီမိုကရေစီ နဲ့ တန်းတူ အခွင့်အရေးကို လိုလားသလိုနဲ့ အာဏာရှင်စနစ်ဘက် ယိမ်းနေတဲ့ မဟာပညာကျော်။ နိုင်ငံအတွက် အပြုသဘောဆောင်တဲ့ စာပေဆိုတာ ဘာကိုပြောတာလဲ။ အစိုးရ အကြိုက်လိုက်ရေးတဲ့ စာမျိုးကို ပြောတာမလား။ ခင်ဗျားလိုလားတဲ့ စာပေလွတ်လပ်ခွင့်ဆိုတာ ငါးမင်းဆွေလို လူမျိုးကို ရေးချင်တာရေး စိတ်ကြိုက်လွတ်ထားပြီး အမြင်မတူတဲ့လူတွေကို ဖိနှိပ်ထားတဲ့ စာပေလွတ်လပ်ခွင့်မျိုးမဟုတ်လား။ ခင်ဗျားဟာ ခင်ဗျား နှစ်ပေါင်းနှစ်ဆယ်မကလို့ မွေးကတည်းကပဲ နေနေ လူဆိုတာ စဉ်းစားတတ်မှ ဂုဏ်သိက္ခာရှိရှိ လွတ်လွတ်လပ်လပ် နဲ့ အသက်ရှင်နိုင်တာ။ လူဖြစ်ရကျိုးနပ်တာ။

  1. Anonymous said... :

    အမေရိကန် နိုင်ငံမှာ နှစ်၂၀လောက် နေလာတာတောင်မှ ဗဟုသုက အဲလောက်တောင် နည်းနေတာကိုတော့ အုံ့သမိပါတယ်။ အမေရိကန်မှာ နေနေတာရော ဟုတ်ရဲ့ လား။ စလုံးလောက်မှာ အိမ်ဖေါ်နှစ်၂၀လောက် လာလုပ်နေပြီး ဖြီးနေတာထင်တယ်။

  1. Anonymous said... :

    စာပေလွတ်လပ်ခွင့်ကိုမြတ်နိုးတာကပဲ တနပ်စားညဏ် ဖြစ်ရဦးမယ်။ ကြောင်ပါ့ကွာ...ဟဟဟားးးးးးး လို့တောင် ရီချင်သေး။

  1. Anonymous said... :

    ဒါဆိုရင် မော်လ၀ီနဲ့ ယောဂီ စာအုပ်ကို စာပေစိစစ်ရေးအဖွဲ့ မရှိတဲ့အချိန်မှာ ထုတ်မယ်လေ ခွေးသားတွေရ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved