စတိဗ် ဂျော့ဘ်စ် (၁၉၅၅ - ၂၀၁၁)

Thursday, October 6, 2011



Apple ရဲ့ ပူးတွဲတည်ထောင်သူ စတိဗ် ဂျော့ဘ်စ် (အသက် ၅၆ နှစ်) ဟာ အောက်တိုဘာ ၅ ရက်နေ့မှာ ကွယ်လွန်သွားပါပြီ။

“Apple ဟာ ရှေ့ဆောင်လမ်းပြသူနဲ့ တီထွင်ဖန်တီးမှု ပါရမီရှင်တဦး ဆုံးရှုံးသွားပါပြီ။ ကမ္ဘာကတော့ အံသြဖွယ် လူသားတဦးကို ဆုံးရှုံးလိုက်ရပါပြီ” လို့ Apple က ထုတ်ပြန်ကြေညာပါတယ်။ “စတိဗ်ရဲ့ ထက်မြက်မှု၊ ဆန္ဒပြင်းပြမှု၊ လုံ့လစိုက်မှုတွေက ကျနော်တို့အားလုံးအတွက် အဆင့်မြင့်၊ လက်လှမ်းမီစေမယ့် များပြားတဲ့ တီထွင်မှုတွေကို ဖြစ်စေပါတယ်” လို့ Apple က ကြေညာပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေထဲမှာ စတိဗ် ဂျော့ဘ်စ်ဟာ ကင်ဆာရောဂါနဲ့ နပမ်းလုံးနေခဲ့ရပြီး ၂၀၀၉ မှာ အသည်းအစားထိုးကုသမှု ခံယူခဲ့ရပါတယ်။ Apple ရဲ့ အမှုဆောင်အရာရှိချုပ်ရာထူးကိုလည်း လက်လွှတ်ခဲ့ပါတယ်။ စတိဗ်ရဲ့ ကွယ်လွန်မှုဟာ စီလီကွန်တောင်ကြားနဲ့ ကမ္ဘာ့ကွန်ပြူတာ နည်းပညာလောကကို ကိုင်လှုပ်သွားပါတယ်။

စတိဗ်ကို ၁၉၅၅ ဖေဖော်ဝါရီ ၂၄ မှာ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမှာ မွေးပါတယ်။ အိမ်က ဂိုထောင်လွတ်တခုထဲမှာ ၁၉၇၆ ခုနှစ်က သူငယ်ချင်းဖြစ်သူ စတိဗ် ဝေါ်ဇနိတ်နဲ့ စခဲ့တဲ့ Apple ဟာ ဒီနေ့မှာ ကမ္ဘာ့အကြွယ်ဝဆုံး ကုမ္ပဏီကြီးတခု ဖြစ်နေပါပြီ။ စတိဗ်ဟာ တကိုယ်ရေသုံး ကွန်ပြူတာ၊ ဂီတလုပ်ငန်းနဲ့ မိုဘိုင်း လုပ်ငန်းများကို အဆင့်မြှင့်ခြင်းအားဖြင့် နည်းပညာအပေါ် အတွေးအခေါ် သဘောထားများကို ပုံသွင်းခဲ့သူတဦးဖြစ်ပါတယ်။

စတိဗ်ဟာ ငယ်စဉ်က ဇင်ဗုဒ္ဓဘာသာကို လေ့လာခဲ့ပါတယ်။ Apple ကို မလုပ်ဖြစ်ခင်က ဂျပန်မှာ ဘုန်းကြီးဝတ်နေဖြစ်မယ်လို့ ထင်ကြောင်း စတိဗ်က မကြာခဏ ပြောတတ်ပါတယ်။

မိုက်ခရိုဆော့ဖ်ကို တည်ထောင်သူ ဘီလ် ဂိတ်စ်က “သိမ်မွေ့တဲ့ သက်ရောက်မှုတွေကို ဖြစ်စေတဲ့ စတိဗ်ဆိုတဲ့သူတယောက်ကို ကမ္ဘာကြီးက မြင်တောင့်မြင်ခဲ မြင်လိုက်ရပါတယ်။ သက်ရောက်မှုဆိုတာ မျိုးဆက်ပေါင်း များစွာအပေါ် သက်ရောက်ခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

စတိဗ်ကွယ်လွန်ပြီးနောက် ဇနီးဖြစ်သူနဲ့ သားသမီး လေးဦး ကျန်ရစ်ပါတယ်။ “စတိဗ်ဟာ မိသားစု စုံစုံညီညီရှိနေတုန်း ငြိမ်းငြိမ်းချမ်းချမ်းပဲ ကွယ်လွန်သွားပါတယ်။ အပြင်လောကမှာတော့ စတိဗ်ဟာ ရှေ့ဆောင်လမ်းပြသူ၊ မိသားစုဘဝမှာတော့ စတိဗ်ဟာ မိသားစုကို ပြုစုပျိုးထောင်သူ တဦးဖြစ်ပါတယ်” လို့ စတိဗ်ရဲ့ မိသားစု ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။







2 comments :

  1. Anonymous said... :

    သေသင့်သူတွေကမသေပဲ..
    မသေသင့်သေးတဲ့သူတွေက..
    စောစောစီးစီး..သေသွားရတဲ့..
    ယနေ့ လောကရဲ့ ..
    သဘာဝတရားအပေါ်..
    ဘယ်လိုနည်းလည်ပေးရမလည်းဗျာ..
    လူသားတွေကို..အကျိုးပြုလွန်းလို့ ..
    ခုန်ပျံကျော်လွှား..ပရိုမိုးရှင်းကြောင့်..
    ဒီ့ထက်မြင့်မြတ်တဲ့..ဘုံနေရာကိုများ..
    စောစောစီးစီး..ရောက်ရမှာမို့ လို့ ပဲ..
    အလျှင်အမြန်..ထွက်ခွာရတယ်လို့ ပဲ..
    ယူဆမိပါတယ်ဗျာ..

    စတိဗ် ဂျော့ဘ်စ်..ကောင်းရာသုဂတိလားစေသော်ဝ်

  1. မောင်ကောင်း said... :

    ဂနေ့ မောင်ကောင်း အိပ်ယာနိုးတော့ ထိုင်းစံတော်ချိန် ညနေ ၆ နာရီ မိနစ် ၄၀၊ ထုံးစံအတိုင်း အိပ်ယာထ မျက်နှာသစ် သွားတိုက်တွေက နောက်မှ ၊ အိပ်ယာထ မီးပလတ်ထိုး ကွန်ပြူတာ အရင်ဖွင့် က ပထမ ထိုနောက် လုပ်စရာထုံးစံတွေ ရေအိမ်တက် ဘာညာ တွေပြီးလောက်တော့ ကွန်ပြူတာက သတင်းဖွင့်နိုင်ဖို့အဆင်သင့် ဟော ဖွင့်လိုက်ပါပြီ စိတ်မကောင်းစရာသတင်းကြီးတပုဒ်က အစ တော်တော်လေးကို စိတ်မကောင်းဘူးဗျာ မောင်ကောင်း လေးစားသော ပုဂ္ဂိုလ်ကြီးများ စာရင်းထဲပါသူတဦး သွားနှင့်လေပြီ See you again traveling in the Saṃsāra .

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved