လွှတ်တော်သတင်းထောက်တချို့ကို နောက်ကြောင်းလိုက်

Wednesday, October 5, 2011


နေပြည်တော် လွှတ်တော်အစည်းအဝေးများတွင် သွားရောက်သတင်းယူသည့် သတင်းထောက်များ၏ နောက်ကြောင်းကို မြန်မာနိုင်ငံ သတင်းတပ်ဖွဲ့မှ လိုက်လံစစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ လွှတ်တော်သတင်းများ သွားရောက်ယူထားသော သတင်းထောက်များ၏ နေအိမ်နှင့်
သတ်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးရုံးများသို့ သတင်းတပ်ဖွဲ့မှ သွားရောက်မေးမြန်းမှုများ ပြုလုပ်နေကြောင်း စုံစမ်းခြင်း ခံရသည့် အမည်မဖော်လိုသူ သတင်းထောက်တဦးက ပြောသည်။

“NLD ရုံးကို ၀င်ထွက်နေတာများလို့ သူဘာလုပ်လဲဆိုပြီး ကျနော်မရှိတုန်း သတင်းတပ်ဖွဲ့ကလူတွေ အိမ်ကို လာမေးတယ်” ဟု ၎င်းက ဆိုသည်။

ပြည်တွင်း သတင်းထောက်များသည် လွှတ်တော်အစည်းအဝေးများ တက်ရောက်ရန်အတွက် စာပေစိစစ်ရေးရုံးသို့ ကိုယ်ရေးအကျဉ်း လျှောက်လွှာစာရွက် ၅ မျက်နှာ ဖြည့်စွက်တင့်ပြရပြီး အဆိုပါ ကိုယ်ရေးအကျဉ်းများ မှန်ကန်မှုရှိမရှိနှင့် မည်သည့် ဂျာနယ်မှ သတင်းထောက် ဟုတ်မဟုတ် လိုက်လံစစ်ဆေးခြင်းဖြစ်နိုင်ကြောင်း သိရသည်။

“ကျမ အိမ်တော့မလာဘူး၊ ရပ်ကွက်အုပ်ချူပ်ရေးရုံးမှာ နာမည်နဲ့ ဓာတ်ပုံပြပြီး မေးသွားတယ်လို့ လူကြီးက ပြန်ပြောတယ်” ဟု တခြား သတင်းထောက်တစ်ဦးကလည်း ဆိုသည်။

လွှတ်တော်အစည်းမဝေး သွားရောက်သည့် သတင်းထောက်အားလုံး၏ နောက်ကြောင်းကို လိုက်လံစုံစမ်းခြင်းမဟုတ်ဘဲ သတင်းထောက်တချို့ကိုသာ စုံစမ်းခြင်း ဖြစ်ကြောင်း အယ်ဒီတာ တဦးက ပြောသည်။

“SB တွေက အခုနောက်ပိုင်း သတင်းထောက်တွေ သတင်းယူတဲ့နေရာတွေမှာ ဓာတ်ပုံရိုက်ယူတဲ့အပြင် နာမည်တွေကို အတင်းလိုက်မေးတာမျိုးတွေလည်း လုပ်တယ်” ဟု ပြည်တွင်း သတင်းထောက်တဦးက ဆိုသည်။

မြတ်မိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved