ဒါအကုန်ပဲလား ...

Thursday, October 13, 2011



အကျဉ်းသား ၆ ထောင်ကျော် လွှတ်မယ်ဆိုတော့ အားလုံးက ဝမ်းပမ်းတသာ လည်တဆံ့ဆံ့ ...။ မနေ့ကတော့ ပြည်တွင်းရော ပြည်ပမှာရော အုတ်အော်သောင်းတင်း ...။ ဘယ်သူတော့ လွတ်ပြီ ... ဘယ်သူတော့ မလွတ်သေး ... ဟိုလူနဲ့ ဟိုလူက နာမည်တူတာ ... သတင်းတွေက မျိုးစုံ။

ကိုဇာဂနာ လွတ်လာတယ် ... ဗိုလ်ချုပ်ဆေထင် လွတ်လာတယ် ... မစုစုနွေး လွတ်လာတယ် ... လွတ်လာတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေ ကြည့်လိုက်တော့ ၂၀၀ ဝန်းကျင် စာရင်းပေါက်တယ်။ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ဦးဂမ္ဘီရတို့၊ ကိုဇော်သက်ထွေးတို့၊ နေဘုန်းလတ်တို့ ... စသည်စသည် မျှော်လင့်ထားသလို ပါမလာ။

ထပ်များ လွှတ်ဦးမှာလား ... ၆ ထောင် မပြည့်သေးဘူးထင်ပါရဲ့ ... သို့လောသို့လောနဲ့ ... တခါ ဒီမနက်ကျ တာဝန်ရှိသူတွေကို လိုက်မေး၊ ဖုန်းဆက်တော့ ဒါ အကုန်ပဲ တဲ့။ နိုင်ငံရေးအကျဉ်းသားသော ဘာသော ခွဲတာမဟုတ် ဒီတိုင်း လွှတ်လိုက်တာပဲ လို့ နေပြည်တော်က တာဝန်ရှိသူက ဖြေပါတယ်။

ကိုဇာဂနာကတော့ လွတ်လာတဲ့ မနက်မှာပဲ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး “ဒီမနက်ကစပြီး မယုံတော့ဘူး” လို့ ပြောပါတယ်။ လွှတ်စရာရှိတာကို အကုန် မလွှတ်တဲ့အတွက်လည်း ကိုဇာဂနာက ပြင်းပြင်းထန်ထန် ထိုးနှက် ဝေဖန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို အသိအမှတ်မပြုဘဲ တခြားအကျဉ်းသားတွေနဲ့ ရောလွှတ်ပြီး လုပ်လိုက်တာကို ဦးဝင်းတင်ကတော့ မကျေနပ်ကြောင်း မနေ့က ပြောပါတယ်။

အစိုးရခါးပိုက်ဆောင်အဖွဲ့ဖြစ်တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း သူတို့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ခါတော်မီ ကြေညာချက်မှာ “ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသည်ဟု ဆိုသော” ဘာသော ညာသောဆိုပြီး ဝေ့လည်ကြောင်ပတ်တွေ ပြောထားပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ ခင်အောင်မြင့်ကတော့ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ဗြောင်စိန် ပြောပြီးသားပါ။

၆ ထောင်ကျော်လောက် လွတ်တာမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀ ပျော့ပျော့ဆိုတော့ ထောင်တွေထဲမှာ ၁၈၀၀ နီးပါး ကျန်နေပါသေးတယ်။

သမ္မတဦးသိန်းစိန် အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြီးက အဖျားရှုးကြီး ဖြစ်သွားပါတယ်။ မျှော်လင့်တကြီး ရှိနေသူများအတွက်တော့ အတော်လေး စိတ်ပျက်လက်ပျက် ပက်လက်လန်ရပါကြောင်း ...။




6 comments :

  1. Anonymous said... :

    ဒီထက်လိမ်ရရင် ပြတ်ရုံရှိတော့ မပေါ့ ဆိုတာလေး ကြားဖူးကြသလား။ ဗမာတွေ သိတ်ခက်တယ်။ ဦးသိန်းစိန် ဆိုတာ ဗိုလ်ချုပ်ကြီး သိန်းစိန် ကနေပြီး ပုဆိုးပြောင်းဝတ် ခေါင်းပေါင်းပေါင်း ထားတာ။ အော် မေ့မနေကြနဲ့ဦး ။ ကြံ့ဖွတ် ပါတီ ခေါင်းဆောင် ဆိုတာလေး ရော။ အော်... တခု သတိရသွားတယ်။ တက်ကသိုလ် မက်ဂဇင်း ဟောင်းထဲက ကဗျာလေး.... မြွေဆိုရင် မြွေလိုပဲမြင်... နိုင်ကြပါစေ။

  1. ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ ဆိုတာကို ဒီနေ့မနက်ကစပြီး မယုံတော့ဘူး (ဇာဂနာ)

    (ကိုဇာဂနာ ပြောတာ အပြည့်အစုံကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။)


    မနေ့က ညနေလောက်အထိကတော့ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ ဆိုတာကို ယုံချင်သလိုလိုပဲ။

    အဲဒါပြီးတော့ ဒီနေ့မနက်ကစပြီး မယုံတော့ဘူး။

    တကယ် မလိုလားဘူး ကျနော် ထင်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ကို လွှတ်တာတောင်မှ တွန့်တိုနေတာ မဟုတ်လား။ လွှတ်လိုက်ပါလား အကုန်လုံး၊ သူတို့ အိတ်ထဲက စိုက်ပေးရလို့လား။

    ဒီအမှုတွေအားလုံးက ဦးသိန်းစိန်အစိုးရလက်ထက်မှာ ချထားတဲ့ ပြစ်ဒဏ်တွေ တခုမှမဟုတ်ဘူး။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို တကယ်လိုလားတယ်ဆိုရင် လွှတ်လိုက်ပါလို့ ပြောချင်တယ်။

    ကျနော်တို့ ဖြစ်စေချင်တာက အကုန်လုံး အကုန်လုံး လွတ်စေချင်တာ။ မင်းကိုနိုင်မှ မဟုတ်ဘူး အကုန်လုံးပဲ။

    လူမသိသူမသိလို့ ပြောလို့ရတဲ့ ကျနော်နဲ့ အတူတူ ထောင်ထဲမှာ နေခဲ့ရတဲ့ ဘုန်းကြီး ၄ ပါးရှိတယ်၊ အဲဒီဘုန်းကြီး ၄ ပါးလည်း လွတ်စေချင်တာပဲ၊ ဟိုးတောင်သာက ကြည်စိုးလည်း လွတ်စေချင်တာပဲ၊ မျိုးမင်းသန်းဆိုတဲ့ ပုဂံက ကောင်လေးကော၊ ဘိုကလေးက သီဟသက်ဇင်ကော၊ နာမည်ကြီးတဲ့ ဦးဂမ္ဘီရကော အကုန်၊ အကုန်လွတ်စေချင်တာပဲ။


    http://burma.irrawaddy.org/?p=1019

  1. ဘုန်းကြီးကျောင်းသား said... :

    မြစ်ဆုံကိစ္စရပ်ဆိုင်းလိုက်ကြောင်း သမ္မတက ကြေညာပြီးတဲ့နောက် အင်တာနက်စာမျက်နှာတွေပေါ်မှာ ပေးထားကြတဲ့ ကွန့်မန်တွေကို လိုက်ဖတ်လိုက်တဲ့ အခါ ပြည်သူတွေက သမ္မတနဲ့ အစိုးရအပေါ် ထားရှိတဲ့ မေတ္တာတရားတွေကို တွေ့ရလို့ ဒီသမ္မတနဲ့ အစိုးရဟာ ပြည်သူ့မေတ္တာကို ဆက်ပြီး ရယူသွားနိုင်ကြမှာဘဲ လို့ မျှော်လင့်ခဲ့မိတာ။ ခုတော့ တော်တော် စိတ်ပျက်စရာကောင်းတယ်ဗျာ။ တိုင်းပြည်က ချွတ်ခြုံကျပြီး တစ်နေ့ တခြား ပြည်သူပြည်သားတွေရဲ့ လူနေမှုဘ၀တွေ နိမ့်ကျ၊ အိမ်နီးချင်းတရုတ်ပြည်ကြီးကလဲ အကြီးအကျယ် လွှမ်းမိုးလာလို့ အားလုံး လက်တွဲပြီး တက်ညီ လက်ညီ ကြိုးစားကြရမယ့် အစား သမ္မတနဲ့ အစိုးရအဖွဲ့ က ဆက်လိမ်ဖို့ ဆက်ညာဖို့ ကြိုးစားနေကြတယ်။ ဒီပုံအတိုင်းဆိုရင် ပြည်သူတွေရဲ့ ဒေါသနဲ့ တုံ့ပြန်မှုတွေဟာလဲ တစ်ချိန်ချိန်မှာ ပေါ်ထွက်လာဦးမှာပါ။

  1. Anonymous said... :

    ဒုစရိုက်လုပ်တဲ့ လူတွေဟာ အမည်အမျိုးမျိုး ပြောင်းပြီး လုပ်ကြတာ သဘာဝပါ။

    လူတယောက်ရဲ့ အကျင့်စာရိတ္တက အမည်ပြောင်းရုံနဲ့ ပြောင်းမသွားနိုင်ပါဘူး။

    အခု အစိုးရအဖွဲ့အစည်းက နာမည်ဘဲ ပြောင်းသွားတာပါ။

    ဒီလိုလူတွေဆီက ဘာပိုထူးတဲ့ အခြေအနေကို ရနိုင်မှာလဲ။

    မြန်မာပြည်မှာ အစိုးရအပြောင်းအလဲ လုံးဝ မရှိသေးပါ။

    နာမည်ပြောင်းသွားတာပါ။

  1. Anonymous said... :

    i never believe tat frecking burmese gvm

  1. Anonymous said... :

    ကိုသူရ ပြောတာလည်းသိပ်မယုံကြပါနဲ့။ဆီလီဘရီတီထုံးစံပေါ်ပင်
    တွေလျောက်ပြောနေတာပါ။
    နာမည်ကြီးတွေကိုပဲ လွှတ်ဖို.ပြောနေတယ်။သူနဲ.တမှုထဲကြတဲ့ ဇော်သက်ထွေးနဲ့အခြားကောင်လေးတွေလွှတ်ပေးဖို့အခုထိသူ့ပါးစပ်က ထွက်မလာသေးဘူး ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved