ဇာဂနာပြောတဲ့ ရုပ်ရှင်ပြိုင်ပွဲနဲ့ သီးလေးသီး

Monday, October 31, 2011



.




The Art of Freedom Film Festival ရုပ်ရှင်ပြိုင်ပွဲအကြောင်း သတင်းစာရှင်းလင်းပွဲမှာ စကားပြောနေတဲ့ ဇာဂနာ (ဓာတ်ပုံ-ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဇာတ်လမ်းရုပ်ရှင်၊ မှတ်တမ်းရုပ်ရှင် ပြိုင်ပွဲအတွက် ဆုပေးမယ့် အခမ်းအနားကို လာမယ့် လွတ်လပ်ရေးနေ့မှာ လုပ်မယ်၊ သီးလေးသီးအငြိမ့်နဲ့ ဧည့်ခံမယ်လို့ ဇာဂနာက ပြောပါတယ်။
ဧရာဝတီသတင်းထောက် ရန်ပိုင်က ဒီမနက် ဆက်သွယ် မေးမြန်းထားတာပါ။

မေး။ ။ အခုကိုဇာဂနာတို့ရဲ့ ရုပ်ရှင်ပြိုင်ပွဲ (Short Film) ကျင်းပဖြစ်ခဲ့တဲ့ အကြောင်းအရင်းလေး ပြောပါအုံး

ဖြေ။ ။ အခုပြိုင်ပွဲရဲ့ အစ မျိုးစေ့လေးက ဒေါ်အောင်ဆန်းစုကြည်က စတယ်လို့ ပြောရမှာပဲ၊ အန်တီက အနုပညာ ဆိုတာ လွတ်လပ်မှုရှိမှ ဖန်တီးလို့ကောင်းမယ်လို့ ပြောတော့ အနှောင်အဖွဲ့ မပါတဲ့ ရုပ်ရှင်လေး တကား ဖန်တီးဖို့ပဲ။ နောက်တော့ လွတ်လပ်မှုဆိုတာ ဘယ်လောက်အရေးကြီးလဲ ဆိုတာ သိရအောင် အားလုံး ရောပြွန်း ပါဝင်လို့ ရတဲ့ ရုပ်ရှင်ပြိုင်ပွဲလေး လုပ်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။

ရုပ်ရှင်မှာလည်း ရုပ်ရှင်ကြီးဆိုရင် လူတွေ အခက်အခဲဖြစ်မှာ စိုးလို့ ရုပ်ရှင်ဇာတ်လမ်းတို (Short Film) နဲ့ မှတ်တမ်းရုပ်ရှင်တိုတခုကို ပြိုင်ပွဲ လုပ်လိုက်တာပါ၊ ဒီနေရာမှာ ကျနော့်ထက် ရုပ်ရှင်အကြောင်း ပိုနားလည်တဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို တိုင်ပင်တယ်၊ နာမည်ကိုလည်း Freedom for Film Festivel ဆိုပြီး သတ် မှတ်လိုက်တာပဲ၊ အားလုံး မှတ်မှတ်ရရ ဖြစ်သွားအောင် လာမည့် ဇန်န၀ါရီလ ၄ ရက်နေ့ “လွတ်လပ်ရေးနေ့” မှာ ဆုပေးပွဲ လုပ်မယ်၊ အန်တီကိုယ်တိုင် ဆုချီးမြှင့်ပြီး သီးလေးသီးအငြိမ့်နဲ့ ဧည့်ခံမယ်လို့ စီစဉ်ထားတယ်။

မေး။ ။ ပြိုင်ပွဲ ကျင်းပမယ့် အစီအစဉ်လေးကိုလည်း သိပါရစေ။

ဖြေ။ ။ ပြိုင်ပွဲဝင်မယ့်သူတွေ အနေနဲ့ ဇာတ်လမ်း အချိန် အများဆုံး နာရီဝက်၊ အနည်းဆုံး ၂မိနစ် သတ်မှတ်ထားပါတယ်၊ ဒီဇင်ဘာ ၂၀ရက်နေ့ နောက်ဆုံးထားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကို ပို့ပေးရမယ်၊ ဒီဇင်ဘာ ၃၁ရက်နေ့မှာ ဖွင့်ပွဲ လုပ်မယ်၊ ဖွင့်ပွဲရက်ကနေ စပြီး ရုပ်ရှင်တွေကို တကားပြီးတကား ပြမယ်၊ ရန်ကုန်မြို တော်ဝင်စင်တာက ရုပ်ရှင်ရုံ နှစ်ရုံမှာ ဒီဇင်ဘာ ၃၁ ရက်နေပြီး ဇန်န၀ါရီ ၄ ရက်နေ့ နံနက် အထိ ပြမယ်။ ပြိုင်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ပေးထားတဲ့ Free Art, Free Thought , Freedom ကို ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းပေးမယ်။

မေး။ ။ ဘယ်လို အကြောင်းအရာတွေ ပါဝင်ရမယ်၊ ရိုက်ရမယ်ဆိုတာမျိုးရော သတ်မှတ်ထား သေးလား၊ နောက်ဘယ်သူတွေက အကဲဖြတ်မှာလဲ။

ဖြေ။ ။ အဓိကကတော့ အနုပညာဖန်တီးမှုမှာ လွတ်လပ်မှုက အရေးကြီးပါတယ် ဆိုတာကို ပေါ်လွင် ရင်ပြီးရော ကြိုက်တာ ရိုက်လို့ရတယ်၊ အရမ်းကြီးလည်း ဘောင်သတ်မှတ်မထားဘူး၊ အကဲဖြတ်ဒိုင်ကတော့ ရှုပ်ရှုပ်ယှက်ယှက်ဖြစ်မှာစိုးလို့ သုံးယောက်ပဲ ထားမယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ် ကျနော်ရယ်၊ မင်းထင်ကိုကိုကြီးရယ်ပဲ ထားမယ်။ ကားအရေအတွက် မသတ်မှတ်ဘူး၊ ဘယ်လောက် လာလာ ကြည့်မယ်၊ စိစစ်မယ်၊ ရွေးမယ်၊ အခုတောင် ၁၃ကား ရောက်နေပြီ။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved