ကားတစီး DKBA မီးရှို့၊ သိန်းတထောင်ကျော် ဆုံးရှုံး

Saturday, October 1, 2011

.....





DKBA နဲ့  KNU တပ်သားတွေရဲ့ စစ်ရေး လေ့ကျင့်မှု

စက်တင်ဘာ ၂၅ ရက်နေ့က မြ၀တီ-ကော့ကရိတ်လမ်းပေါ်မှာ DKBA က ကုန်ကားတစီးကို မီးရှို့လိုက်ပါတယ်။

ကော့ကရိတ်မြို့ ကုန်သည်တဦးက အခုလို ရှင်းပြပါတယ် -

"အောက်ဘိုတဲအလွန်မှာ DKBAက ကား ၁၀ စီးလောက်ကို အခွန် ကောက်တာ အားလုံး အဆင်ပြေတယ်။ အဲဒီ မှန်လုံကားက ပိုက်ဆံပါပေမဲ့ မပါဘူးလို့ ပြောတဲ့အတွက် DKBA က ကားကို မီးရှို့လိုက်တာ ကျပ်သိန်း ၁၀၀၀ ကျော်ဘိုး ပါသွားတယ်၊ အဲဒီကိစ္စဖြစ်ပြီးကတည်းကနေ ကုန်သည်တွေလည်း လန့်နေကြတယ်။ တချို့ဆိုရင် ကားပြေးတာကိုပါ နားထားကြတယ်"

DKBA ကလည်း ကားမီးရှို့လိုက်တယ်ဆိုတဲ့ သတင်း မှန်တယ်လို့ ဆိုတယ်။

"အဲဒီကားကို မီးရှို့တာ အကောက်ခွန် မပေးလို့မ ဟုတ်ဘူး။ လက်ရှိ အစိုးရနဲ့ ကိုယ်ကျိုးရှာ လက်နက်ကိုင်အဖွဲ့တွေ စီးပွားရေး လုပ်နေတဲ့ကား ဖြစ်လို့ မီးရှို့လိုက်တယ်။ ဒါ ကျနော်တို့ရဲ့ဗိုလ်ချုပ်စောလားပွယ်(နှုတ်ခမ်းမွေး)ရဲ့အမိန့်ပဲ။ အရပ်သားပစ္စည်းတွေကိုတော့ ဘာမှမလုပ်ဘူး။ စိတ်ချပါ"

DKBA စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင် ပြောသွားတာပါ။

ဆယ်စုနှစ်အများအပြား သေနတ်သံတွေ တိုးသွားလိုက် ပြန်ကျယ်လာလိုက် ဖြစ်နေတဲ့ ကရင်ပြည်နယ်မှာတော့ မိုးတွေရွာနေပေမယ့် တိုက်နေကြတုန်းပဲတဲ့။

ပြီးခဲ့တဲ့ ၂ ပတ်အတွင်း DKBA နဲ့ အစိုးရတပ် တိုက်ပွဲ ဖြစ်ခဲ့တဲ့ အကြိမ်ပေါင်း ၁၅ ကြိမ်လောက် ရှိမယ်လို့ DKBA တပ်မှူးတဦးက ဧရာဝတီကို ပြောပြပါတယ်။

“စက်တင်ဘာ ၁၅ ရက်ကစပြီး ကရင်ပြည်နယ်က ၃ မြို့နယ် အတွင်းမှာ ရှိတဲ့ ဝေါ်လေ၊ ဆုံဆည်းမြိုင်၊ ထီးလောသေ၊ ထီးဝါးပလော၊ မြ၀တီ ကော့ကရိတ် ကားလမ်းတလျှောက်နဲ့ လှိုင်းဘွဲမြို့နယ်အတွင်းမှာ ဒီနေ့အထိ တိုက်ပွဲ ၁၅ ကြိမ်ဖြစ်ပွားခဲ့တယ်။ ဒီတိုက်ပွဲတွေမှာ နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ တယ်”

DKBA တပ်မဟာ ၅ ကလို့ထူးဝါး စစ်ဗျူဟာ၊ ထောက်လှန်းရေးဌာန ဗိုလ်ကြီးစောသရီးထူး ရှင်းပြသွားတာပါ။

စစ်တပ်ဘက်မှ ၁၀ ဦးကျော် ကျဆုံးခဲ့ပြီး ၂၀ လောက် ဒဏ်ရာရတယ်၊ DKBA ဘက်မှာလည်း ၂ ဦး ကျတယ်၊ ၃ ဦး ဒဏ်ရာရတယ်လို့ သူက ဆိုပါတယ်။

ပြောက်ကြားစနစ်နဲ့ တိုက်တဲ့ သူတို့က KNU, ABSDF, ဇိုမီးတပ်ဖွဲ့ ပြီးတော့ ရခိုင်တပ်ဖွဲ့များနဲ့ ပူးပေါင်း တိုက်နေပါတယ်လို့လည်း ဆိုပါတယ်။

ကော့ကရိတ်မြို့ခံ ကုန်သည်တဦးကို မေးကြည့်တော့ သူက တိုက်ပွဲတခုအကြောင်း ပြောပြပါတယ် - DKBA က ကော့ကရိတ်မြို့ပြင် အမှတ် ၃ စစ်ဆေးရေးဂိတ်နားမှာ ခလရ ၉၇ နဲ့ တိုက်ကြတယ်၊ ဗုဒဟူးနေ့ မှာ တိုက်ကြတယ်၊ မနက်ပိုင်းတိုက်တာ နာရီဝက်ကျော် ကြာတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၄ရက်နေ့ ညနေ ၆နာရီကျော်လောက်မှာလည်း မြ၀တီမြို့နယ်ထဲ တိုက်ပွဲတခုမှာ KNU တပ်သားတယောက် ဒဏ်ရာရပါတယ်။ အ

DKBA ကလို့ထူးဘောဌာနချုပ်စစ်ကြောင်း၊ KNU ရဲ့ KNLA တပ်ရင်း ၂၀၁ တို့ပူးပေါင်းပြီး ဗိုလ်မှူးကြီး ရဲမင်း ဦးစီးသည့် နည်းဗျူဟာ(၂)အဖွဲ့နဲ့ တိုက်ကြတာ ဖြစ်ပါတယ်။

DKBA ခေါင်းဆောင်များ၊ အရာရှိများ




.....

2 comments :

  1. Anonymous said... :

    တိုင်းရင်းသားလူမျိုးတွေအပေါ် ဆက်ဆံတဲ့ အစိုးရရဲ့ လုပ်ရပ်တွေ မမှန်ဘူးဆိုတာကို တုန့်ပြန်နိုင်ဖို့အတွက် ဆက်လက်တိုက်ပွဲဝင်ရမယ်။ အောင်မြင်မှု ရပါစေ။

  1. anonymous said... :

    ဒါ ဆတ်ကြေးတောင်း မီးရှို့တာဘဲပေါ့ .. ကိုယ်ကျိုးရှာ လက်နက်ကိုင်အဖွဲ့ပိုင်မို့ဆိုဘဲ အပြောကတော့ လန်းတယ် .. သူတို့ရော အရင်က ဘာလုပ်ခဲ့လဲလို့ မေးကြည့်ချင်ပါတယ် ဗိုလ်မှူးဆန်းအောင် ရယ် ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved