ဒေဝ ရေးသားသည်
အရေးအခင်းကြီးရဲ့ အရှိန်အမြင့်ဆုံး ကာလတွေမှာတော့ ကျနော်အဖေ ဘယ်ကိုမှမသွားတော့ပါဘူး။ စစ်တပ်ကလည်း ဆန္ဒပြသူတွေကို ပစ်ခတ် နှိမ်နင်းနေပါပြီ။ ညမထွက်ရအမိန့်လဲ ထုတ်လိုက်ပြီ။
ကာဖြူး ဆိုတာ အဲဒီတော့မှ ကျနော် စကြားဖူးတာပါ။ တောင်ဥက္ကလာမြို့နယ်က ဆန္ဒပြသူတွေက စစ်ကားတွေ သူတို့ဘက် ရောက်လာလို့တဲ့၊ ရန်ကင်းက လမ်းမကြီးတွေကို ပိတ်ပေးပါလို့ တောင်းဆိုလာပါတယ်။ အရပ်ထဲက လူကြီးတွေလဲ သစ်ပင်ကြီးတွေ ခုတ်လှဲပြီး၊ လမ်းမကြီးတွေကို ပိတ်ပေးလိုက်ပါတယ်။
ရန်ကုန်မြို့လဲ စစ်တလင်းပြင်လိုပါပဲ။ ညဘက်ဆို ဘာသံမှကို မကြားရအောင် တိတ်ဆိတ် ခြောက်ကပ်လို့နေတယ်။ ရပ်ကွက်ထဲမှာတော့ ညနေခြောက်နာရီကျော်ပြီဆိုတာနဲ့ သံပုံးတွေ ဆူညံနေအောင် တီးကြတယ်။ မကောင်းဆိုးဝါးတွေ မလာနိုင်အောင် တောခြောက်တာ တဲ့။ ကျနော် ကတော့ တဖက်လှည့်နဲ့ အာဏာ ဖီဆန်တာလို့ မြင်ပါတယ်။
ကောလာဟလတွေ ကလည်းအမျိုးမျိုး၊ ပိုက်လုံးကြီးထဲကို အဆိပ်ခတ်သွားလို့ ဆိုပြီး လမ်းပေါ်က အော်သွားပါတယ်။
အရေးအခင်းကာလမှာ ကျနော့်အဖေ ဝင်ငွေ လုံးဝမရှိ ပါဘူး။ ကျနော်တို့ စားဖို့ ဆိုပြီး အဖွားက ဆန်၂အိတ် လာပို့ပေးသွားတယ်။ အဲဒါနဲ့ပဲ အရေးအခင်းကာလမှာ ဖြစ်သလို လှည့်ပတ်ပြီး နေကြရတာပါ။ ကျနော်တို့ ရန်ကင်း ၄ လုံးတန်း ရပ်ကွက်ကတော့ ချစ်စရာကောင်းပါတယ်။ ကိုယ့် မရှိ သူပေး၊ သူ့မရှိ ကိုယ်ပေးနဲ့။
တဖြည်းဖြည်းနဲ့ အခြေအနေတွေကလဲ ငြိမ်သက်လာပါပြီ။ ကာဖြူးကို နေဝင်မီးငြိမ်းကနေ ညကိုးနာရီအထိ ပေးလိုက်တယ်။ ကျနော့်အဖေလဲ ပုံမှန်ပြန်ပြီးတော့ သွားလာလှုပ်ရှားနေပါပြီ။
ကာဖြူးကို ညကိုးနာရီအထိ ပေးထားတဲ့ တခုသောညရဲ့ သန်းခေါင်ယံမှာ ကျနော် လန့်နိုးလာပါတယ်။ ကျနော် အဖေ့ကို အရင်ဆုံး စတွေ့ရတယ်။ အမေက ညီမလေးကိုချီလို့၊ နှစ်ယောက် အချီအချ စကားများနေကြပါတယ်။ ကျနော် အဖေ့ကို ကြည့်ရတာ ပုံမှန်မဟုတ်ဘူး၊ တခုခု သုံးစွဲထားသလိုပဲ။ အဖေက အမေ့ကို ရိုက်မယ်လုပ်တော့ အမေက အိမ်ပြင်ကို ပြေးထွက်သွားပါတယ်။ ကျနော်လဲ အမေ့နောက်ကို ပြေးလိုက်မယ် လုပ်တော့ အဖေက သတိ ဝင်လာပုံ ရပါတယ်။ ကျနော့်ကို ဆွဲထားတယ်။ ကျနော်က အတင်းရုန်းတော့ လွှတ်ပေးလိုက်တယ်။ ပြေးထွက်သွားတဲ့ အမေ့နောက်ကို ကျနော် ပြေးလိုက်သွားပါတယ်။ တလမ်းလုံး အမေနဲ့ ညီမလေးကို ဘယ်မှာမှ မတွေ့တော့ဘူး။ ကျနော့်အဖေလဲ နောက်ကလိုက်ပြီးတော့ ကျနော့်ကို ပြန်ချီခေါ်သွားပါတယ်။ နောက်မှ သိရတာက အမေက ညီမလေးနဲ့ လမ်းထဲက အိမ်တအိမ်ကို ဝင်သွားတာ တဲ့။
အဖေနဲ့ အမေ အိမ်ခွဲနေဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ကျနော်တို့ လက်ရှိ အခုနေနေတဲ့ ရန်ကင်း ၄ လုံးတန်း အိမ်မှာ အမေ နေပြီးတော့၊ အဖေကတော့ ရန်ကင်း ၁၂ လုံးတန်းက အဖွားအိမ်ပေါ် ပြန်တက်သွားတယ်။ ပြီးတော့ ညီမလေးက ငယ်သေးတော့ အမေနဲ့ပဲ နေပါတယ်၊ ကျနော်ကတော့ အဖွားအိမ်မှာ အဖေနဲ့ လိုက်နေရတယ်။
အဖွားအိမ်မှာ ကျနော် မပျော်ပါဘူး၊ အဖွားက စည်းကမ်း အရမ်းကြီးပါတယ်။ ကျနော့်အဖေလဲ ပျော်ပုံမရဘူး။ မနက်ဆို ကျနော့်အဖေက သူ့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ရင် ကျနော့်ကို ခေါ်ခေါ်သွားပါတယ်။ ကျနော်က အဲဒီတုံးက မနက်ဆို အစောကြီး နိုးပါတယ်။ ကျနော့်အဖေကတော့ ညဆို သီချင်းရေး၊ စာအုပ်ဖတ်နဲ့ နောက်ကျမှထတယ်။ ကျနော် ထကြည့်လို့ ကျနော့်အဖေ မနိုးသေးရင် ကျနော်ပြန်အိပ်တယ်။ အဲဒီလိုနဲ့ ကျနော်လဲအိပ်ရာထ နောက်ကျတဲ့ အကျင့် စွဲသွားပါလေရော။
၁၂လုံးတန်းထိပ်က ကျနော့်အဖေ ထိုင်နေကျ လက်ဖက်ရည်ဆိုင်မှာပဲ ကျနော့်အဖေရဲ့ လက်တွဲဖော် တေးရေးဆရာတွေ ဖြစ်လာမယ် ဦးညီညီသွင်နဲ့ ဦးညီညီစံကို ကျနော် စမြင်ဖူးတာပါ။ ဦးညီညီစံက တောင်ကြီးက ဆင်းလာတာလို့ ပြောပါတယ်။ တောင်ကြီးကဆင်းလာတဲ့ ဂီတမျိုးဆက်တွေထဲမှာ သူ အစောဆုံးဖြစ်မလား မသိဘူး။ သူက ဆံပင် အရှည်ကြီးနဲ့။
ဦးညီညီသွင် ခဏ၊ ခဏ ပြောဖူးတာလေး သွားသတိရပါတယ်။ သူပြောတာက ငါက မင်းအဖေကို သီချင်းတွေ သွားပြတာကွာ တဲ့။ ပြတော့ မင်းအဖေက ဘာမှ မပြောဘူး တဲ့၊ ငါ တီးတာဆိုတာကို ငြိမ်ပြီး နားထောင်နေတယ် တဲ့။ ငါပြစရာသီချင်း ကုန်သွားပြီ ဆိုတော့မှ မင်းအဖေက ဂစ်တာကို ယူပြီး ခေါင်းငုံ့ချစ်နေမယ် သီချင်းကို တီးပြတယ်တဲ့။ မျက်နှာထားတင်းတင်းနဲ့၊ နောက်မလာနဲ့လို့ ပြောလွှတ်လိုက်တယ်၊ အဲလိုမျိုး အဲဒီသီချင်းကို အစအဆုံး ဆိုပြပြီးတော့မှ သီချင်းဆိုတာ ဒီလိုရေးရတယ်ကွလို့ ပြောတယ် တဲ့။
သူတို့နှစ်ယောက်နဲ့ ကျနော့်အဖေနဲ့ နောက်စီးရီး ကျွန်တော်မသိတဲ့ကျွန်တော် အတွက် သီချင်းတွေ အတူတူ ရေးကြ၊ ရွေးကြပါတယ်။ ပရိုဂျူဆာ ဦးသန်းလွင်ကလဲ စီးရီး နောက်ကျနေလို့ ပူလှ၊ ဆူလှပါပြီ။
ဒေဝ ရဲ့ Facebook စာမျက်နှာ http://facebook.com/daiwa.desai ကနေ ကူးယူပါတယ်
အပိုင်း ၄ ကို ဆက်လက် ဖော်ပြပါ့မယ်
အပိုင်း ၄ ကို ဆက်လက် ဖော်ပြပါ့မယ်
http://www.facebook.com/pages/Soe-Lwin-Lwin/118830101472142?sk=wall ကတော့ စိုးလွင်လွင်ရဲ့ ပရိသတ်များအတွက် စီစဉ်ထားတဲ့ စာမျက်နှာ ဖြစ်ပါတယ်
.
စိုးလွင်လွင်သီချင်းတွေကိုအရမ်းကြိုက်ခဲ့တဲ့ပရိတ်သတ်
တဦးပါ..ခုလိုသူ့အေ ကြာင်းတွေကိုတင်ပေးတဲ့အ
တွက်ကျေးဇူးပါဧရာဝတီရေ...ဒေဝကိုမတွေ့ဖူး
ပေမဲ့..ရွှေအိမ်စည်ကိုတော့စမ်းချောင်းမကြီးကြီး
လမ်းမှာခဏခဏဆုံဖူးတယ်..စိုးလွင်လွင်ရဲ့ပရိတ်သတ်
တယောက်မို့သူ့သမီးလေးကိုလဲချစ်ခင်တဲ့စိတ်နဲ့တွေ့တိုင်း
ပြုံးပြနှုတ်ဆက်ဖူးတယ်...။