ကျနော့်အဖေ (သို့) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ

Tuesday, November 8, 2011

.



ဒေဝ ရေးသားသည်

စိုးလွင်လွင်



ကျနော့်နာမည်ဒေဝပါ ။ ဒီလိုပြောလို့ ကျနော့်ကို သိချင်မှသိပါမယ်။ ကျနော့် အဖေနာမည်က စိုးလွင်လွင် (ခ) ပိုပိုပါ။

ဟုတ်ပါတယ်၊ အဆိုတော်စိုးလွင်လွင်ပါ။ facebook က ကျနော် friend list ထဲမှာ ကျနော့်ကို သိပြီးသား သူငယ်ချင်း တွေလဲ ရှိပါတယ်။ ဒီစာကို မသိသေးသူအစ်ကို၊ အစ်မ၊ ညီ၊ ညီမ များအတွက် ရည်ညွန်းပါတယ်။

ကျနော့်အဖေက အဆိုတော်မဖြစ်ခင် လေးဘီးကား taxi ဆွဲတယ်ဗျ။ ဒီအကြောင်းကို သိတဲ့လူ နည်းမယ် ထင်တယ်။ မဆလခေတ်ပေါ့ဗျာ။ သူ ကားဆွဲကောင်းတဲ့ နေ့တွေ ဆိုရင် ကျနော့်အတွက် ခေါက်ဆွဲကြော် တထုပ် အမြဲတမ်း ဝယ်လာတတ်တယ်။ အဲဒီ အချိန်ထဲက သူက သူ့ သူငယ်ချင်းတွေနဲ့ အားတဲ့ရက် ဆိုရင် တီးနေ၊ မှုတ်နေပြီဗျ။

အဲဒီလိုနေလာရင်းနဲ့ ဝါသနာပိုးက တားမရတော့ဘူး ထင်ပါတယ်၊ သူ့အမေကို သူ ဆွဲနေတဲ့ လေးဘီးကား ရောင်းပြီး စီးရီး ထုတ်မယ် ပူဆာပါလေရော။ အဲဒီအချိန်မှာ ရန်ကင်းရပ်ကွက်ကလဲ ဂီတသမားတွေရဲ့ အောင်မြေကိုး။ ဦးကိုင်ဇာတို့ကလဲ အောင်မြင်နေပြီလေ။

ထူးဆန်းတာတခုက ကျနော်အဖေဖက်က အမျိုးတွေဆီမှာ အဲဒီအချိန်တုံးက အနုပညာလိုက်စားသူ တယောက်မှ မရှိဘူးဗျ။ အမျိုးထဲမှာ ဝန်ထမ်းနဲ့ ကုန်သည်တွေချည်းပဲ။ ကျနော်အဖိုးက တရားရေးက၊ သူတယောက်ထဲ တမိပေါက်၊ တယောက်ထွန်းပေါ့ဗျာ။

အဲဒီလိုနဲ့ ၁၉၈၃\၈၄ ကြတော့ မင်းထက်သာတဲ့လူ စီးရီး ရန်ကြီးအောင်တေးသံသွင်းက ထွက်ပါတယ်။ ငွေကြေးအရ မအောင်မြင်ပါဘူး။ လူတော့ နည်းနည်း သိသွားပါတယ်။ နိမိတ် သီချင်းက အဲဒီအခွေထဲမှာ စပါတာပါ။ စံပါယ်ဦး ဦးသန်းလွင်က သူ့ကို မျက်စိကျသွားပါပြီ။ နောက်စီးရီးကို သူက ပရိုဂျူဆာလုပ်မယ်လို့ ကမ်းလှမ်းပါတယ်။

နောက်စီးရီး ချစ်လူမိုက် ထွက်တော့ ၁၉၈၅\၈၆ ဖြစ်မယ် ထင်ပါတယ်။ မှတ်မှတ်ရရ ကျနော် မှတ်မိတာလေး တခုကတော့ ကျနော်အဖေက စီးရီးကာဗာမှာ ဂျင်းဘောင်းဘီ နဲ့ တီရှပ် ဝတ်ပြီး တင်ပါတယ်။ ဆင်ဆာမလွတ်ပါဘူး။ ဂျင်းဘောင်းဘီကို ဖျက်ခိုင်းပါတယ်။

ရပါတယ်ပေါ့၊ ကိုယ်တပိုင်းပုံ ထပ်တင်ပါတယ်။ တီရှပ်ကို ဆင်ဆာ ထပ်မိပါတယ်။ ချစ်လူမိုက် အခွေကာဗာ မြင်ဘူးတဲ့လူတွေ သိကြပါလိမ့်မယ်။ ကျနော်အဖေပုံ ခေါင်းပဲပါတာ မြန်မာနိုင်ငံ စိစစ်ရေးကြောင့်ပါခင်ဗျား။

ချစ်လူမိုက်အခွေက ထွက်ထွက်ချင်း မပေါက်ပါဘူး၊ ထွက်ပြီးနောက် ၆လလောက်နေမှ ပေါက်ပါတယ်။

ခိုင်ထူးအပျော့စား၊ ကိုင်ဇာအမာစား တဲ့။ ပရိတ်သတ်တွေက ဒီလို တံဆိပ်ကပ်ကြပါတယ်။

ညီမလေး ရွှေအိမ်စည်ကို မွေးတဲ့ အချိန်ပေါ့။ အောင်မြင်ပြီ ဆိုတော့ ရေလဲ စလန်းပါပြီ။ ကျနော်တို့နေတဲ့ ရန်ကင်းအိမ်ကို အဲဒီအချိန်မှ လျှာထိုးကြမ်း စခင်းတာပါ။ ကြမ်းမခင်းခင်က သံမံတလင်းပါ။


ဒေဝ ရဲ့ Facebook စာမျက်နှာ http://facebook.com/daiwa.desai ကနေ ကူးယူပါတယ်
အပိုင်း ၂၊ ၃၊ ၄ တို့ကို ဆက်လက် ဖော်ပြပါ့မယ်



http://www.facebook.com/pages/Soe-Lwin-Lwin/118830101472142?sk=wall ကတော့ စိုးလွင်လွင်ရဲ့ ပရိသတ်များအတွက် စီစဉ်ထားတဲ့ စာမျက်နှာ ဖြစ်ပါတယ်


.

1 comments :

  1. Anonymous said... :

    အင်း...စိုးလွင်လွင်ကို ကလေးဘ၀ထဲကကြိုက်နှစ်သက်ခဲ့တာပါ၊ ချစ်လူမိုက်တို့ကြည်သာရီတို့ကိုကလေးဘ၀က အော်ဟစ်သီဆိုဘူးတဲ့သီချင်းတွေပေါ့၊ ၁၀တန်း ၁၂လုံးတန်းဘက်မှာကျုရှင်တက်တော့ ဂျင်းဂျက်ကက်နဲ့ဆေးပေါ့လိပ်ခဲပြီး ကောင်းနေတဲ့စိုးလွင်လွင်ကိုတွေ့မိတော့ သနားပြီးနှမြောမိတယ်၊ နောက်ပိုင်း စီးရီးတွေအထွက်စိပ်ပြီး သီချင်းတွေကသိပ်မပေါက်တော့ဘူး၊ မကြာဘူးသေသွားတဲ့ သတင်းကြားရတော့ သက်ပြင်းမောတွေပဲချမိတော့တယ်၊ သင်ခန်းစာယူစရာတွေ အများကြီးပါပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved