(စာပေစိစစ်ရေးရုံး ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားတာကို ပြန်လည်ကူးယူဖော်ပြပါတယ်။ ဓာတ်ပုံ - ဦးတင့်ဆွေ ဖေ့စ်ဘုတ်)
ငယ်စဉ်က တစ်ထောင့်တစ်ညပုံပြင်များ၊ ငါးရာ့ငါးဆယ်နိပါတ်တော်ဇာတ်လမ်းများနှင့် စာရေးဆရာမ
မ၀င်းမြင့်၏ရေပြာအိုင် ဇာတ်လမ်းမျိုးတွေကို အမေက မကြာခဏ ဖတ်ပြ၊ ပြောပြတတ်သည်။ တစ်နေ့တွင် အမေပြောပြသော ရေပြာအိုင်ဇာတ်လမ်းများထဲက ခွေးမြီးကောက် ကျည်တောက်စွပ်ဟူသော ဝေါဟာရကို ထူးထူးခြားခြားမှတ်သားမိခဲ့သည်။ အမြဲကောက်နေသော သဘောသဘာဝရှိတတ်သည့် ခွေးမြီးကို ဖြောင့်စေ လိုခြင်း အကျိုးငှာ ကျည်တောက်စွပ်ထားသော်ငြား ကျည်တောက်ပြန်ဖြုတ်ချိန်တွင် အမြီးမှာ ကောက်မြဲကောက်တတ်သောသဘောကိုဆိုလိုခြင်းဖြစ်သည်။ယင်းဇာတ်လမ်း၌ ညနေအချိန်ရောက်တိုင်း ပုဆိုးကွင်းသိုင်းပြီး ရွာရိုးကိုးပေါက်လှည့်လည်အော်ဟစ်ဆဲဆိုတတ်သော အမူးသမားတစ်ဦးကို ရွာဘုန်းကြီး ကတရားရေအေးဆုံးမတိုက်ကျွေးသဖြင့် ခေတ္တခဏလူကောင်းဖြစ်သွားသော်လည်း အချိန်တန်သော် အကျင့်ဟောင်းအတိုင်းပြန်ဖောက်သည်ကို ဥပမာ ပြထားခြင်းဖြစ်သည်။ လူတစ်ဦး၏ကိုယ်၊ စိတ်၊ နှလုံး သုံးပါး အားမည်မျှပင်ထိန်းကျောင်းပြုပြင်ပေးစေကာမူပြင်သည့်ခဏသာရ၍အချိန်တန်လျှင် ပြန်လည်ဖေါက် ပြန်တတ်သော သဘောသဘာဝအကျင့်အတွက် ဤစကားစုသည် အကောင်းဆုံးဥပမာဟုဆိုနိုင်ပါသည်။
လူတို့၌စိတ်တို့၏သဘောသဘာဝတွေက အမျိုးမျိုးဖြစ်ပေါ်တတ်သည်။ ၀မ်းသာစိတ်၊ ၀မ်းနည်း စိတ်၊ ကြည်နှုးစိတ်၊ ရွံရှာစိတ်၊ ရဲရင့်စိတ်၊ ကြောက်စိတ် စသဖြင့်ရှိသည်။ ကြောက်စိတ်နှင့်ပတ်သက်၍ပြောရ လျှင် ရွံ့သည်၊ ထိတ်လန့်သည်၊ စိတ်တုန်လှုပ်ခြောက်ခြားခြင်းဖြစ်သည်ဟုဆိုလိုသည်။ လူတိုင်း၌တစ်ချိန် မဟုတ် တစ်ချိန်တွင် ကြောက်စိတ်ဖြစ်ပေါ်တတ်ကြဘူးသည်။ သို့သော် အရွယ်အပိုင်းအခြားကိုလိုက်၍ဖြစ် ရပ်အမျိုးမျိုးအတွက်ပေါ်တတ်သောကြောက်စိတ်တွေကမတူနိုင်ကြ၊ကွဲလွဲမှုအမျိုးမျိုးရှိနိုင်သည်။ ကြောက်
မွေးပါဇာဂနာနဲ့နှုတ်ဆိုသော်လည်း ဘယ်ဟာက ကြောက်မွေးမှန်းမသိသဖြင့် ကြောက်စရာရှိလျှင် ကြောက်တတ် ကြသည်မှာ ဓမ္မတာသဘောသာဖြစ်လာခဲ့ကြသည်။
ငယ်စဉ်က အကြောက်ဆုံးမှာ မိဘတွေထားခဲ့မှာ၊ မိဘတွေနှင့်ကွေကွင်းရမှာကို ဖြစ် သည်။ ယုတ်စွအဆုံးမိဘများရန်ဖြစ်မှာမျိုးကိုပင် မဖြစ်ကြပါစေနဲ့ဘုရားဟု ဘုရားစင်မှာ သွားသွားဆုတောင်း ရသည်။ သို့သော်လည်း ပညာသင်ချိန်ကုန်ဆုံး၍လုပ်ငန်းခွင်ဝင်ရသောအခါထိုကြောက်စိတ်ကအဓိကမဟုတ်
တော့ပြန်ပါ။အသက်မွေးဝမ်းကျောင်း အခြေအနေအရ သိပ္ပံမောင်ဝရေးသကဲ့သို့ တာဝန်ဟူသော ၀ါးခြမ်းပြားကိုကြောက်လာရသည်။ ထို့အပြင် စစ်သားဖြစ်လာရကား စစ်မြေပြင်မှာ ထိမလား၊ ခိုက်မလား မသိနိုင်သော အသက်အန္တရာယ်အပေါ်စိုးရိမ်စိတ်က အစားထိုးနေရာယူလာခဲ့သည်။ မီးပေါက်၊သေနတ်၊
အမြောက်၊လက်နက်ရန်ကာကွယ်ရန် ဓါရဏပရိတ်နှင့်မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာသီတာခုနှစ်တန် ငါ့ကိုရံလော့။ တောင်စဉ်ခုနှစ်ထပ်ငါ့ကိုပတ်လော့ဆိုသည့် အကာတော်ကြီးဝါထာမျိုးကို ရွတ်ဖတ်တတ်ခဲ့သည်။
ထိုမှတစ်ဖန်ကာလသို့ ရောက်လတ်ပြန်သော် ကာယအားသုံးရသည့် အလုပ်တာဝန်တို့နေရာ၌ ဥာဏကို သုံးရသော ကဏ္ဍမျိုးတွေဖြစ်လာသည်။ တစ်ဖက်တွင်လည်း မိသားစုတွေ သားသမီးတွေနှင့် သင့်တင့်သောလောကီဥစ္စာလေးများရလေတော့ ကြောက်စိတ်က တစ်မျိုးပြောင်းသွားပြန် သည်။ငယ်စဉ်က မိဘတွေနှင့်ကွေကွင်းရမှာကို ကြောက်သကဲ့သို့ ယခုတော့ ဇနီး၊သားသမီးများနှင့်ကွေကွင်း ရမှာကို ကြောက်စိတ် ၀င်လာသည်။ ရရှိလာသော လောကတတ်ပညာတွေ၊ စည်းစိမ်ဥစ္စာတွေကို စွန့်လွတ်ရ
မှာကြောက်စိတ်ဝင်လာသည်။ ပို၍ကြီးမားလာသောတာဝန်ဆိုသည်တွေကို ကြောက်လာရပြန်သည်။ လူတို့သည် အသက်အရွယ်ရလာသည်နှင့်အမျှဗဟုသုတကြွယ်ဝကာရင့်ကျက်လာသည်ဆိုကြသော်လည်း
တစ်ဖက်၌ အရွယ်နှင့်ထပ်တူတစ်စထက်တစ်စ ပို၍တိုးလာသောကြောက်စိတ်တွေကမူ မည်သည့်အတွက်ကြောင့်ပါလဲ။ လောကီချမ်းသာကို တပ်မက်စွဲလမ်းသည့်၊ ခင်တွယ် မစွန့်လွတ်လိုသည့် ကြောက်စိတ်တွေကိုဘယ်လိုထိန်းသိမ်းနိုင်မလဲ။အကြောင်းအကျိုးတော့ ရှိမည်။
တစ်နေ့က နေပြည်တော်၊ တပ်ကုန်းတွင် ဌာနကထိန်သင်္ကန်းကပ်ပွဲရှိ၍သွားရသည်။ တပ်ကုန်းဆရာတော်က တရားရေအေးတိုက်ကျွေးသောအခါ ချမ်းသာခြင်းလေးပါးအကြောင်းကို ဟောသည်။ ပထမချမ်းသာခြင်းမှာ စိန်၊ရွှေ၊ငွေ၊ရတနာ၊ကျောက်သံပတ္တမြားစသည့်အတွင်းပစ္စည်းများကို ဆိုလိုသည်။ ဒီပစ္စည်းတွေ ရလို၊ရှာလိုစိတ်ဘယ်တော့မှမကုန်ခမ်းနိုင်။ သို့သော် ဒီဘ၀အတွက်သာဖြစ်ပြီး နောက်ဘ၀မပါနိုင်ပေ။ ဒုတိယချမ်းသာခြင်းမှာ အပြင်ပစ္စည်း ဆိုသော တိုက်တာ၊ အိမ်၊ခြံမြေ၊အဆောက်အဦ၊လေယာဉ်၊ဒုံးပျံတွေအထိဖြစ်သည်။
ဒါတွေကလည်း ရှာ၍မကုန်နိုင်သကဲ့သို့ရယူလိုစိတ်လည်း ဆုံးအံ့မထင်။ သို့သော်ဒီဘ၀အတွက်သာဖြစ်ပြီး နောက်ဘ၀သို့ မပါနိုင်ပေ။ တတိယချမ်းသာခြင်းမှာကား လောကတတ်ပညာ ဖြစ်သည်။ ပညာတွေကလည်းရှာ၍မကုန်၊ မည်မျှပင်တတ်မြောက်ထူးချွန်စေကာမူ ဒီဘ၀အတွက်သာဖြစ်ပြီး နောက်ဘ၀အတွက်မပါနိုင်ပါပေ။ သို့ဖြစ်၍ စတုတ္ထချမ်းသာဖြစ်သော သဒ္ဒါ၊သီလ၊ ဈာန၊ပညာတည်းဟူသော ချမ်းသာခြင်းသာလျှင် ချမ်းသာခြင်းအစစ်ဖြစ်ပြီး သံသရာအဆက်ဆက်အတွက် ပါရှိမည့်ပိုင်ဆိုင်မှုဖြစ်သည်ဟုဟောကြားသည်။ လူ့ဘ၀ရခဲလှသကဲ့သို့ ဂင်္ဂါသဲစုအမျှ ပွင့်ခဲ့ဖူးသော ဘုရားရှင်တို့နှင့်မဆုံနိုင်သေး၍နိဗ္ဗာန်မရောက်မီကာလအပိုင်းအခြားတွင် လူဖြစ်ရကျိုးနပ်အောင်ချမ်းသာခြင်း
အစစ်အမှန်ကို ကျင့်ကြံကြဖို့လည်း တိုက်တွန်းသည်။ နိဗ္ဗာန်တကယ်ရောက်ချင်လား အမေးရှိသည့် အချိန်တွင် ပရိသတ်၏ရောက်ချင်ကြောင်းအသံမှာ ဘ၀ဂ်ညံ သွားသည်။ ကောင်းမှုကုသိုလ်များအတွက် အမျှပေးဝေတိုင်တည်ရာ တွင်လည်း ကျွန်ုပ်တို့၏ဤကောင်းမှုကို နှစ်သိန်းလေးသောင်းအထုရှိသော မဟာပထ၀ီဤမြေကြီးသည်ကြားပါသည် ၊မြင်ပါသည်ဟု သက်သေထွက်ဆိုပေးပါရန် အလိုရှိကြောင်းလည်း တောင်းဆိုလိုက်ကြသေးသည်။
အလှူပြီး၍တပ်ကုန်းမှနေပြည်တော်အပြန်လမ်းတွင် ဆရာတော်၏တရားရေအေးအားရေရှည် နှလုံး သွင်းမည်မှ မကျန်သေး . . . ဟမ်းဖုန်းသံတွေက တတီတီမြည်လာသည်။ ဟိုသတင်းကြားပြီးပြီးလား၊ အဲဒါနဲ့ပတ်သက်လို့ . . . ဟုတ်ကဲ့၊ ဟုတ်ကဲ့။အစည်းအဝေးက အခုစတော့မယ်၊ မီအောင်လာပါ . . . ဟုတ်ကဲ့၊ ဟုတ်ကဲ့။ အဖေ့ကျန်းမာရေးက အခုတလော . . . ဟုတ်ကဲ့၊ ဟုတ်ကဲ့။ သမီးကျောင်းက ကျူရှင်ကိစ္စ . . . အေးအေး . . .။ လတ်တလော အင်တာဗျူးဖို့ကိစ္စ . . . အေးပါ၊ အေးပါ . . . ဒီလိုနှင့်ဘာတစ်ခုမျှ စိတ်ကမရောက်နိုင်တော့။ ကျွန်တော်လဲလေ လောကီသားပေမို့ဟူသော အတွေးဖြင့် ပေါ့ပေါ့လေးပဲနေရတာ၊ တွေးရတာပဲကောင်းမလားဟူသည့် ခွေးမြီးကောက်ကျည်တောက်စွပ်သကဲ့သို့သောစိတ်ထားမှန်ကရုတ်ခြည်းပြန်ပေါ်လာသည်။ နောက်ဆုံးတော့လည်းညခုနှစ်နာရီကျော်သည်နှင့် ဖြောင့်တန်းစေခြင်းငှာခေတ္တစွပ်ထားသော ကျည်တောက်ကိုဖြုတ်၍ ပုလင်းသံ၊ ခွက်သံ၊ နှုတ်ဆက်သံ၊ အော်ဟစ်သံတို့ဖြင့်ကောက်နေသော ပုံမှန်ခွေးမြီးကဲ့သို့ ဘ၀ကို ရှိမြဲအတိုင်း၊နေမြဲအတိုင်းရှိနေပါစေ လေတော့သတည်း ။
ရဲရင့်တင့်ဆွေ

သာဓု....သာဓု....သာဓု ပါဘုရား။