ကလေးတွေဖမ်းတယ်ဆိုတာ ကောလဟာလလား တကယ်လား

Wednesday, November 2, 2011


ထိုင်းမြန်မာနယ်စပ် မဲဆောက် အမှိုက်ပုံက မြန်မာကလေးငယ်များ (ဓာတ်ပုံ - ဧရာဝတီ)

အခုတလောမှာ ကလေးပျောက်ဆုံး မှုနဲ့ပတ်သက်လို့ အသံတွေ အမျိုးမျိုး ကြားနေရ ပါတယ်။ အဲဒီထဲမှာ ချဲ့ကားပြောဆိုတဲ့ ကောလာဟလတွေပါသလို မယုံလို့မဖြစ်နိုင်တဲ့ အချက်အလက်တချို့ကိုလည်း တွေ့ရပါတယ်။

အောင်ဇေယျတံတား ဘေးမှာ ဗိုက်ခွဲထားတဲ့ ကလေး အလောင်း တလောင်း တွေ့လို့၊ အင်းစိန်၊ ဂျပန်လမ်းက အမှိုက်ပုံမှာ ကလေး အလောင်း ၃ လောင်းကို တွေ့လို့ စသည်ဖြင့် သတင်းတွေပါ။ ဗိုက်ခွဲထားပြီး အလောင်းတွေ ဖြစ်တယ် ဆိုပြီးတောင် ပြောနေကြပါတယ်။ ပြီးတော့လည်း မြောက်ဒဂုံမှာ လိုလို၊ တောင်ဥက္ကလာမှာ လိုလို၊ ဒေါပုံမှာလိုလို၊ သာကေတမှာလိုလို ကလေးတွေ ဗိုက်ခွဲပြီး ပစ်ထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာ ပြန်တယ်။

“ကျမ ကလေးကို ကျောင်းတက်၊ ကျောင်းဆင်းမှာတောင် သတိထားပြီး သွားကြိုနေရပြီ။ အရင်ကတော့ သူတို့က ကျောင်းကားနဲ့ သွားတာဆိုတော့ သိပ် ဂရုမစိုက်ခဲ့ဘူး။ အခု ကျောင်းကားနောက်မှာ ကားမထွက်ခင် အထိ မိဘတွေက တဖွဖွ မှာနေကြတာ တွေ့ရတယ်။ ကျမလည်း အရင်တုန်းကတော့ အလုပ်များလို့ သွားမကြိုဖြစ်ဘူး။ အခုနောက်ပိုင်း ကလေးပျောက် သတင်းတွေ ကြားနေရတဲ့အတွက် စိတ်မချလို့ သွားကြိုဖြစ်ပါတယ်” လို့ ပုဇွန်တောင် မြို့နယ်မှာနေတဲ့ မူကြိုအရွယ်သမီးနဲ့ ၄ တန်းအရွယ် သားတို့ရဲ့ မိခင်က ပြောပါတယ်။

ကလေးပျောက်မှုတွေ မကြာခဏ ကြားနေရပြီး မိဘတွေက စိုးရိမ်နေကြတာပါ။ တချို့သတင်းတွေဆိုရင် ယောက်ျားလေးပဲ ရွေးပြီး ဖမ်းတာ၊ အသက် ၁၀ နှစ်ဝန်းကျင်လောက် အရွယ်တွေကို ဖမ်းတာ ဆိုတာကအစ ပါပါတယ်။ ယုံရအခက် မယုံရအခက်နဲ့ သို့လော သို့လော တွေးစရာတွေ မိဘတွေကြားမှာ ဖြစ်နေသလို မိဘတွေအနေနဲ့ မယုံကြည်ဘဲ ထားဖို့ကျတော့လည်း ကိုယ့် ရင်သွေး အရင်းအချာ တခုတစုံ ဖြစ်သွားမယ့်ကိစ္စကို မရင်းရဲကြပြန်ပါဘူး။

ရဲဌာနတွေက တာဝန်ရှိသူတွေကတော့ ဒီသတင်းဟာ မဟုတ်မှန်ဘူး ဆိုတဲ့ အကြောင်း ငြင်းဆို ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ရရှိတဲ့ စာရင်းဇယားတွေ အရ ၂၀၁၁ ခုနှစ်အတွင်း ဇန်န၀ါရီလ ကနေ အောက်တိုဘာလအထိ ကလေး ပျောက်ဆုံးမှု ယောက်ျားလေး ၈၁ ဦး၊ မိန်းကလေး ၁၁၃ ဦးရှိခဲ့တယ်၊ အဲဒီ ကလေးတွေထဲမှာ ယောက်ျားလေး ၅၉ ယောက်၊ မိန်းကလေး ၇၆ ယောက်ကို ပြန်လည် တွေ့ရှိခဲ့တယ်လို့ တရားဝင် သတင်းထုတ်ပြန်ထားပြန်တော့ ကလေးပျောက်တာဟာ ဟုတ်မှန်တယ်၊ ကလေးတွေကို သတ်ထားတာ မဟုတ်ဘူးဆိုတာမျိုးတွေ ပြောကြပြန်ပါတယ်။

အောက်တိုဘာလ ၂၆ ရက်နောက်ပိုင်းမှာတော့ ရန်ကုန်တခွင်မှာ ဒီသတင်းတွေ တွင်တွင်ကျယ်ကျယ် ကြားလာရပါတော့တယ်။

“ဂျပန်လမ်း အမှိုက်ပုံမှာ ကလေးအလောင်း ၃ လောင်း တွေ့တယ်” ဆိုတဲ့ သတင်းကြောင့် အဲဒီရပ်ကွက်ကို သွားကြည့်ကြတဲ့ လူတွေလည်း အများကြီးပါ။

“မနက်မိုးလင်းကတည်းက အမှိုက်ပုံမှာ ကလေးအလောင်း ၃ လောင်းကို လာပစ်ထားတယ်လို့ ပြောနေကြတယ်။ ကျမရဲ့ သားက တွေ့တာပါ။ အိမ်က အမျိုသား သွားကြည့်တော့ မဟုတ်ပဘူးလို့လည်း ပြောတယ်။ ညဘက်ကျတော့ လူ ၃ ယောက်ကို ကလေးခိုးမှုနဲ့ ဖမ်းသွားပြီလို့ ကြားပြန်တယ်။ ဒါကလည်း မဟုတ်ပြန် ဘူး” လို့ အင်းစိန်မြို့နယ် ဖော့ကန်ဈေးနားမှာ နေတဲ့ အိမ်ရှင်မ တဦးက ဆိုပါတယ်။

အင်းစိန် ဖော့ကန်ရပ်ကွက် ရဲဘော် ၁ လမ်းက ကလေးတယောက်ကတော့ တကယ်ပဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် လေး၊ ငါး နာရီအတွင်း ပြန်တွေ့ရတဲ့ အတွက် လူပျောက်မှု အကြီးစားတခု မဟုတ်ခဲ့ဘူးလို့ သိရပါတယ်။

ကလေးဖြစ်သူက မနက် ၈ နာရီလောက် အိမ်ကနေ ထွက်သွားတာပြီး နေ့လယ် တနာရီခွဲလောက်မှာ အိမ်ပြန်ရောက် လာတယ်၊ အဒေါ်အိမ်မှာ မုန့်ဖိုး သွားတောင်းပြီး အပြန် လူ ၂ ယောက်က ဖမ်းခေါ်သွားတာ လို့ ပျောက်ဆုံးသွားတဲ့ ကလေးရဲ့ မိခင်က ပြောပါတယ်။

“အခုလို ပြန်တွေ့ရတာကိုက သိပ်ကံကောင်းနေပါပြီ။ သားလေးကို အပြင်မလွှတ်တော့ ပါဘူး” လို့ အသက် ၄၀ ၀န်းကျင် အရွယ်ရှိတဲ့ ကလေးရဲ့ မိခင်က ဆိုပါတယ်။

အသက် ၁၀ နှစ် အရွယ် ၅ တန်း ကျောင်းသား မောင်မင်းခန့်ဇော်ကလည်း သူ့ကို လူ ၂ ယောက်က ဖမ်းဆီးသွားတဲ့ အကြောင်း ပြောပြပါတယ်။ မောင်မင်းခန်းဇော်ရဲ့ အဒေါ်အိမ်က သူတို့နေတဲ့အိမ်ရဲ့ နောက်တလမ်းမှာပါ။ ကလေးက မနက်တိုင်း အဒေါ်အိမ်မှာ မုန့်ဖိုးသွားတောင်းလေ့ ရှိတယ်၊ အဒေါ်အိမ်သွားတဲ့လမ်းက လူပြတ်တယ် ဆိုတဲ့အကြောင်း ပြောပါတယ်။

“တရက် အဒေါ် အိမ်ကအပြန် မနက် ၈ နာရီလောက်မှာ လူကြီး ၂ ယောက်က သားရဲ့ လက်နှစ်ဘက်ကို ဆွဲခေါ်သွားတယ်။ ကားပေါ် တင်သွားတယ်။ တယောက်က အသားဖြူပြီး တယောက်က အသားမည်းတယ်။ မုတ်ဆိတ်လည်း ပါတယ်။ သားကို တင်ခေါ်သွားတဲ့ ကားက ကျောင်းကားလိုမျိုး အဖြူရောင်ကြီး။ နောက်ခန်းမှာ တင်သွားတာ” လို့ သူက ဆိုပါတယ်။

သူအော်ကြည့်ပေမယ့် လုံးဝ အော်လို့ မရတော့ကြောင်း၊ မင်္ဂလာဒုံလေဆိပ်သွားတဲ့ မြောက်ဥက္ကလာ လမ်းပေါ် ရောက်လာတာကို သိကြောင်း၊ အဲဒိနေရာမှာ ကားပေါ်ကဆင်း၊ ကားကို ပြန်လွှတ်လိုက်ကြောင်း ရှင်းပြပါတယ်။

“လမ်းလျှောက်ပြီး သူတို့နှစ်ယောက်က သားကို ခေါ်သွားတုန်း မော်တော်ပီကယ်နဲ့ တွေ့တော့ သူတို့က သားကို ထားပြီး ထွက်ပြေးသွားတယ်” လို့ မောင်မင်းခန့်ဇော်က ဆက်ပြောပါတယ်။

သူ့ကို အဲဒီလို ခေါ်ဆောင်သွားပေမယ့် ဘယ်လိုမှ အော်ဟစ်ပြီး ပတ်ဝန်းကျင်ကို အကူအညီမတောင်း နိုင်ခဲ့ကြောင်း၊ ပါးစပ်က အော်လို့ မရတော့တဲ့ အကြောင်း၊ သူကလည်း ကြောက်လန့်နေတာပဲ သိတော့တဲ့အကြောင်းနဲ့ သူ့ကို ထားခဲ့ပြီးချိန်ကျမှ စကားပြန်ပြောနိုင်တယ် ဆိုတဲ့အကြောင်း သူက ရှင်းပြပါတယ်။ အဲဒီတော့မှာ တွေ့တဲ့ မော်တော်ပီကယ်ကို ပြောပြ အကူအညီ တောင်းပြီး အိမ်ကိုဖုန်းဆက် နိုင်ခဲ့တယ်၊ အိမ်က လာပြန်ခေါ်ခဲ့တယ်လို့ ကလေးက ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ စက်တင်ဘာ ၃၁ ရက်က ဖြစ်သွားခဲ့တာပါ။ အခုဆိုရင် တလလောက် ရှိနေပါပြီ။ ဒါပေမယ့် အဲဒီလို သတင်းတွေဟာ တိမ်မြုပ် ပျောက်ကွယ် မသွားဘဲ ဖြစ်စဉ် အမျိုးမျိုးနဲ့ နာမည်ကျော် နေဆဲပါပဲ။

“ရိုးရိုးလေးပဲ စဉ်းစားရရင် ကလေးတွေကို သတ်ဖြတ်ပြီး အမှိုက်ပုံပေါ် ပစ်ထားခဲ့တဲ့ ကိစ္စတခုတည်းနဲ့တင် ဘယ်လိုမှ မဖြစ်နိုင်မှန်း သိသင့်နေပြီ။ ကိုယ်သတ်လိုက်ပြီး အစ မဖျောက်ဘဲ အမှိုက်ပုံ သွားပစ်တယ် ဆိုကတည်းက ကလေးတွေကို အပြင် မထွက်ရဲအောင် တမင် သက်သက် ခြောက်လိုက်တဲ့ လူကြီး တယောက်ယောက်ရဲ့ ပါးစပ် ပုံပြင်သ ဘောမျိုး ဖြစ်နေတယ်” လို့ ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ဆိုပါတယ်။

ဆက်လက်ပြီးသူက လောလောဆယ်မှာ ဒီသတင်းတွေ ပျံ့နှံ့နေပေမယ့် အမှန်တကယ် ဆန်းစစ်ကြည့်ရမှာ မဖြစ်နိုင်တာတွေ ပါနေတယ်လို့ ပြောပါတယ်။

“အင်္ဂါ အစိတ်အပိုင်းတွေ ထုတ်ယူတယ်ဆိုတာ သာမန် ဆရာဝန်တောင် မလုပ်နိုင်ပါဘူး။ အင်မတန် ကျွမ်းကျင်တဲ့ ခွဲစိတ် ပါရဂူကြီးတွေမှ လုပ်နိုင်တာပါ။ အင်တာနက်တွေမှာလည်း တကယ်မဟုတ်ဘဲ သတင်းတွေ ဖြန့်နေတာကြောင့် အသေအချာ စဉ်းစားပြီးမှ ဖြစ်နိုင်၊ မဖြစ်နိုင် ယုံစေချင်တယ်” လို့ သတင်းထောက်က ဆိုပါတယ်။

အင်းစိန်မြို့နယ်အတွင်း နေထိုင်တဲ့ လက္ခဏာ၊ ဗေဒင်ဆရာ တဦးဖြစ်သူ ဦးခင်မောင်ဝင်းကတော့ တို့ဆေး ဆိုတာ တကယ် ရှိတယ်ဆိုတဲ့အကြောင်း၊ လွန်ခဲ့တဲ့ လေး၊ ငါးနှစ် လောက်က လှိုင်သာယာ ဘက်မှာ ကလေး အယောက် ၃၀၊ ၄၀ လောက် ခေါ်ထားပြီး အားလုံးကို အိပ်ပျော်အောင် ဆေးတွေတိုက်ထားတဲ့ ကလေးခိုး ဂိုဏ်းတဂိုဏ်း ဖမ်းမိခဲ့ဖူးကြောင်း ပြောပြပါတယ်။

“အဲဒီတုန်းက ကလေးလေးတယောက်က အိပ်ပျော်ဘဲ ထွက်ပြေးရင်း ရဲစခန်းကို အကြောင်းကြားလို့ အဲဒီအဖွဲ့ကို ဖမ်းမိခဲ့တာပါ။ တို့ဆေး ဆိုတာကလည်း မယုံလို့ မရဘူး” လို့ သူက ဆိုပါတယ်။

သံပုရာသီး ဆောင်ထားရင် တို့ဆေးမမိနိုင်တဲ့အကြောင်း၊ သတင်းများ ဟုတ်၊ မဟုတ် ဆိုခြင်းထက် ကလေးမိဘတွေ အနေနဲ့ ကလေးကို သံပုရာသီး ဆောင်ထားခိုင်းသင့်တဲ့အကြောင်း ဦးခင်မောင်ဝင်းက ပြောပါတယ်။

ကလေးတွေကို ခိုင်းစားတာဟာ ကလေးသူငယ်ဥပဒေ အရ အပြစ်ကြီးပြီး တရားခံကို ဥပဒေပုဒ်မ ၆၅၊ ၆၆ အရ အရေးယူလို့ ရတယ်၊ ထောင်ဒဏ် ၆ လ ကနေ ၂ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ တရားရုံးချုပ် ရှေ့နေတဦး ဖြစ်တဲ့ ဒေါ်စန်းစန်းက ရှင်းပြပါတယ်။

“လူပျောက်တွေ တော်တော်များတာ တွေ့ရတယ်။ ဒီလို ပျောက်တိုင်းမှာ သက်ဆိုင်ရာ ရဲစခန်းကိုရော သွားအကြောင်း ကြားတာ၊ အမှုဖွင့်တာမျိုးတွေ လုပ်ရဲ့လား၊ ပြန်ရော ရှာတွေ့ကြရဲ့လား ဆိုတာ စဉ်းစားကြည့်မိတယ်။ အမှုမှန်ကို ဘယ်လောက် အထိ ရှာဖွေဖော်ထုတ် ပေးနိုင်ပြီလဲ ဆိုတာ သိပ် အရေးကြီးပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ကလေးသူငယ်တွေကို တောင်းရမ်းဖို့ ခိုးယူတာမျိုး၊ ခိုင်းစေဖို့ ခိုးယူသွားတာမျိုးတွေ ကလည်း တကယ်ဖြစ်နေတဲ့ ပြဿနာ တွေပါပဲ။ ဆင်းရဲမွဲတေမှုကြောင့် မိဘတွေ ကိုယ်တိုင်က ကလေးသူငယ် ဥပဒေနဲ့ ညိစွန်းမှန်း မသိဘဲ ခိုင်းစေတာတွေကြောင့် ကလေး သူငယ်တွေဟာ အရွယ်နဲ့ မမျှတဲ့ ဒုက္ခ အမျိုးမျိုးကို ခံစားနေရဆဲလို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ ကောလာဟလဆိုတာ တကယ့်ဖြစ်ရပ်ပေါ်အခြေခံပြီး ထွက်ပေါ်လာတတ်တာမို့ ကလေးရှိတဲ့သူတိုင်းရဲ့ မိဘတွေရဲ့ စိုးရိမ်စိတ်ကြီးနေတာ အဆိုးမဆိုသာဘူးလို့ ဆိုရမှာပါ။

ခွန်းဆက်သစ်

6 comments :

  1. Anonymous said... :

    ကောင်းပါတယ်အခုလိုဗဟုသုတရတဲ့အတွက်

  1. Anonymous said... :

    ကေင်းပါတယ်ဒီဘလော့လေးတွေကိုမေလ်းထဲပို့လို့ရရင်ပို့ပေးပါလားdreamgiuter02@gmail.com

  1. Anonymous said... :

    မဆလ ခေတ် မှာ တခါ အလား တူ ကောလဟာလ ဖြစ်ခဲ့ဘူး တယ်။ သန်းရွှေ ရဲ့ စိတ်ဓာတ် စစ်ဆင်ရေး ဌာန က လုပ်ဒဲ့ အာရုံ ပြောင်းကွကပါ

  1. Anonymous said... :

    စစ်တပ်က လူလိုနေလို့  အရွယ်မရောက်သေးတဲ့ ကလေးတွေကို နေပြည်တော် အတွက် ဖမ်းသွားတာ ဖြစ်နိုင်တယ်။ ပြည်ပရောက်တွေ ဆို လေယာဉ်ကွင်းမှာတင် ပျောက်သွားနိုင်တယ်။ နောက်တာ မဟုတ်ဘူး။ စစ်သားစုဆောင်းရေး က ကလေးတွေကို လမ်းက ဖြတ်ဖမ်းဆီးခေါ်ဆောင် သွားတာ နှစ်နဲ့ ချီပြီး အစဉ်အလာ ရှိနေခဲ့ပါတယ်။ တရုပ်ပြည်မှာ စစ်သင်တန်းပေးမှာလား ရုရှားကို ပို့ ပြီး မာဖီယား ဂိုဏ်တွေ ဆီက နည်းပညာတွေ လေ့လာဖို့ စုဆောင်နေတာလား မသိဘူး။ သတိရှိဖိုတော့လို ပါတယ်။

  1. Anonymous said... :

    မ/ဒဂုံ(၄၉)ရပ်ကွက်တွင် ကလေးသူခိုးဖမ်းဆီးရမိခြင်း.။။။

    October 31, 2011 ရက် ၊ 10:40pm တွင် thiha ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။

    ၂၈/၁၀/၂၀၁၁ ရက်နေ့ ဒဂုံ မြောက်ပိုင်းမြို့နယ် အမှတ်(၄၉)ရပ်ကွက်အတွင်းည(၉)နာရီခန့်က
    ကလေးခိုးယူသော ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါတယ် ကလေးခိုးယူသော သူများမှာ မှန်လုံ တောင်းအေ့ကားဖြင့် လာရောက်ခိုးယူခြင်းဖြစ်ကြောင်းနှင့်လူသုံးဦး ပါဝင်တယ်လို့သိရပါ ကလေးခိုးယူသွားသည်ကို တွေ့၇ှိသူများပြောကြားချက်အရ ခိုးယူသူမှာ ကလေငယ်အား ပုဆိုးဖြင့် ပတ်ခြုံကာ
    ပွေ့ချီ ထွက်ပြေးသည်ကို မသင်္ကာသဖြင့် ရပ်ကွက်က လူများမှ လိုက်လံမေးမြန်းရာမှစတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ် ထိုသူဟာ ကလေး ကိုချထားခဲ့ပြီး ကိုယ်လွတ်ရုံးထွက်ပြေးစဉ် အမှတ်(၄၉) ရပ်ကွက် စိန်ပန်းလမ်းပေါ်မှ လူအများက အော်ဟစ်လိုက်လံဖမ်းဆီးရာတွင် ကလေးအားချထားခဲ့ပြီး ဒူးယား(၁၀)လမ်း ရေမြောင်း အတွင်းဝင်ရောက် ပုန်းအောင်နေသည်ကိုတွေ့ရှိ
    ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် ဖမ်းစီးခံရသောကလေးမှာ (၁၀)အောက် ကလေးတစ်ဦးဖြစ်ပြီး သတိကင်းလွတ်နေကြောင်း စကားမပြောနိုင်အောင် မူးဝေစေသည့်ဆေးတစ်ခုခုတိုက်ကြွေးထားသည်ဟု ယူဆရကြောင်း ခလေးသူခိုးနှစ်ဦးကို ရပ်ကွက်မှလိုက်လံဖမ်းဆီးခဲ့ကြောင်းနှင့် ထိုသူနှစ်ဦးမှာလွတ်မြောက်သွားတယ်လို့သိရပါတယ်..။။။
    ဖမ်းဆီးရမိသော ခလေးခိုသူတစ်ဦးမှာ ပိန်ပိန်ပါးပါး“ ချင်း” လူမျိုးတစ်ဦးဖြစ်ကြောင်းနှင့် ရပ်ကွက်မှဝိုင်းဝန်ရိုက်နှက်သဖြင့် သက်ဆိုင်ရာ လူကြီးများမှ အမှတ်(၄၉) ရပ်ကွက်ရုံးအတွင်းထိမ်းသိမ်းထားစဉ် လုံခြုံရေးတပ်ဖွဲဝင်များရောက်ရှိလာခဲ့ပြီး
    စိန်ပန်း လမ်းတစ်လျှောက်များပြားလှတဲ့လူအုပ်ကြီးအား ထိမ်းသိမ်းခဲ့ပါတယ် ရပ်ကွက်မှ လူများက ဖမ်းဆီးရမိသောကလေး
    သူခိုးအားရုံးအတွင်မှ ထုတ်ပေးရန် တောင်းဆိုခဲ့သော် လည်းရဲတပ်ဖွဲဝင်များနှင့် ရပ်ကွက်လူကြီးများမှ တားမြစ်ထားခဲ့ပါတယ်။
    ယင်းတရားခံအားရဲတပ်ဖွဲဝင်များမှ ခေါ်ဆောင်သွားလျှင် ရပ်ကွက်လူအများ၏ ရန်ပြုခြင်းကိုခံရနိုင်သဖြင့် ရဲတပ်ဖွဲဝင်
    တစ်ယောက်အဖြစ် အသွင်ယူခေါ်ဆောင်စဉ် မှတ်မိသော ရပ်ကွက်မှလူများမှ ခေါ်ဆောင်သွားသော ဆိုင်ကယ်အားအုတ်ခဲ
    တုတ်များဖြင့် ၀ိုင်းဝန် ပစ်ပေါက်ရိုက်နှက် ကြသဖြင့် ခေါ်ဆောင်ခြင်းမပြုနိုင်ဘဲဖြစ်ခဲ့ရတယ်လို့သိရပါတယ်..။။
    ည(၁၀း၃၀)ခန့် တွင်လုံခြုံရေးနှင့်ထိမ်းသိမ်းရေးတပ်ဖွဲဝင် များရောက်ရှိလာခဲ့ပြီး ရပ်ကွက် မှ လူများအားထိမ်းသိမ်း
    နိုင်ခဲ့ပါတယ် သို့သော်(၄၉)ရပ်ကွက် လူအုပ်ကြီးမှာ ဆက်လက်များပြာလာကာ စိန်ပန်းလမ်းတစ်လျှောက် ပြည်နှက်နေခဲ့ပြီး
    ရဲတပ်ဖွဲဝင်များနှင့် ရပ်ကွက်လူထုအကြား တရားခံထုတ်ပေးရေးအတွက် အားစမ်းမှုများပေါ်ပေါက်ခဲ့ပြီး ည(၂း၀၀)ခန်ထိ
    စုစည်းနေခဲ့ကြတယ်လို့သိရပါတယ်.။။။

  1. ကိုလူအေး said... :

    ပျောက်တဲ့ကလေးတွေကတကယ်ပျောက်တာပါ..... ဒီကိစ္စဟာ ကောလဟလ လို့ပြောရုံနဲ့မပြီပါဘူး ....
    ခုခေတ်ကြီးမှာ ပိုက်ဆံရဖို့အတွက်ဆို ကိုယ့်အသားတောင်
    လှီးပြီရောင်းမယ့်သူတွေရှိနေတော့ ဒီလိုကိစ္စမျိုးတွေဖြစ်
    လာတာ မထူးဆန်းပါဘူး။ အဲတော့ ကိုယ့်ပတ်ဝန်ကျင်ကိုယ့်မိသားစုကိုကိုယ်နိုင်သလောက်ကာ
    ကာကွယ်ရပါမယ် ...မသင်္ကာစရာအပြုအမှုမျိုးကိုမြင်ရင်လဲတားဆီးရပါမယ် ..
    ကိုယ်ရှေ့မှာကလေးတစ်ယောက်ကို သာမန်မဟုတ်တဲ့ပုံနဲ့ခေါ်သွားတာတွေ့ရင် ချက်ချင်းမေးမြန်းသင့်တယ် မှားသွားတာကပြသနာမဟုတ်ပါ တကယ်ပါသွားရင် မိဘတွေရင်ကျိုးရပါမယ့်....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved