နာရေးကူညီမှုအသင်းက ကချင်ဒုက္ခသည်များသို့ သိန်း ၂၀၀ လှူ

Saturday, November 26, 2011

~







ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ကချင်ပြည်နယ်၏ ထူးခြားလှသော အလှတရားများ ပျက်စီးမှုကို ကာကွယ်ရေးအတွက်၎င်း၊ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးတို့၏ အသက်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးအတွက်၎င်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် ရေးအတွက်၎င်း ရည်ရွယ်ပြီး ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းအား ကန့်ကွက်မှုကို အင်တိုက် အားတိုက် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီး ဖြစ်ပါသည်။

ယခု ဒုတိယအကြိမ်မြောက် ကချင်ပြည်နယ်တွင် ငြိမ်းချမ်းမှုပျောက်ဆုံးနေမှု၊ စစ်ဘေးသင့်၍ စစ်ဘေးရှောင်ရှားနေရသော တိုင်းရင်းသားဒုက္ခသည် မိဘဆွေမျိုး ညီအစ်ကို မောင်နှမများတို့အား လူသားချင်းစာနာထောက်ထားမှုဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကူညီဖေးမပေးရန်အတွက် သမိုင်း ပေးတာဝန်တစ်ရပ် ဖြစ်ပေါ်လာခဲ့ပြန်တော့သည်။

ထို့ကြောင့် လူသားချင်းစာနာသောအားဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကျွန်တော်တို့ အနေဖြင့် စစ်ဘေးသင့် ရှောင်ရှားနေရသော တိုင်းရင်းသားဒုက္ခသည် ညီအစ်ကို မောင်နှမများအား ပထမအကြိမ်မြောက် မတည်လှူဒါန်းငွေအဖြစ် အလှူငွေ သိန်း (၂၀၀) ကျပ်တိတိအား လှူဒါန်းရန် ဆုံးဖြတ်ချက်ချမှတ် လိုက်ပါတော့သည်။

ကျွန်တော်သည် တစ်ချိန်တုန်းက ကချင်ပြည်နယ်၊ ဖားကန့်၊ လုံးခင်း၊ မြစ်ကြီးနား၊ မြစ်ဆုံများတွင် “တိန်ကော့နော်ဂျာ” ရုပ်ရှင်ဇာတ်ကား လာရောက်၍ ရိုက်ကူးစဉ်က ခရစ်စမတ်(စ်) ပွဲတော်နှင့် ကြုံကြိုက် ကာ ခရစ်စမတ်(စ်) ပွဲတော်တွင် သီဆိုမေတ္တာပို့ကြသော “`ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ ရောက်စေသော်” ဟူသော စာပိုဒ်အား ခရစ်စမတ်(စ်)ပွဲတော် အကြိုအဖြစ် “ကချင်ပြည်နယ်တွင် ကောင်းချီး မင်္ဂလာရောက်စေသော်” ဟူ၍ သီဆိုကာ ဘုရားသခင်ထံ ဆုတောင်းမေတ္တာပို့လိုက်ပါသည်။
တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ဒုက္ခအပေါင်းမှ လွတ်ကင်းကြပါစေ။
လက်နက်ကိုင်အဖွဲ့များ အမြန်ဆုံး ငြိမ်းချမ်းမှုရကြပါစေ။

စစ်ပွဲတွေရပ်ပစ်!
ငြိမ်းချမ်းမှုကို လိုလားသူ - ကျော်သူ (တိန်ကော့နော်ဂျာ)
နာရေးကူညီမှုအသင်း(ရန်ကုန်)





~

1 comments :

  1. Anonymous said... :

    သာဓုပါဗျာ.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved