ညောင်ပင်လေး ပလာဇာမှ ပေးစာ

Thursday, December 1, 2011

...









ညောင်ပင်လေးဈေး တနေရာ (ဓာတ်ပုံ - yangon-directory.com)



ပြောရအုံးမယ် မလှကြီးေ၇… ကျုပ်တို့ညောင်ပင်လေးဈေးကတော့ ရှင်တို့သိတဲ့အတိုင်း ကုန်ခြောက်ဈေးကြီးလေ၊ အရင်တုံးကတော့ လေ၀င်လေထွက် ကောင်းတဲ့ ဈေးကြီးပေါ့။

အခုနှယ်ခါတော့ လူကြီးမင်းများ ကျေးဇူးနဲ့ ခေတ်မှီဈေးကြီး ဆောက်လိုက်ပြီလေ၊ ဖြစ်ချင်တော့ ကျုပ်တို့လို အမှုန်ထူတဲ့ဆိုင်တွေက မြေအောက်ထပ်မှာ သွားစည်တာပဲလေ၊ တချို့ပြောတာကြားဖူးတာတော့ နိုင်ငံခြား မှာဆိုရင်တော့ မြေအောက်ထပ်ဆိုတာ ကားတွေထားတဲ့ နေ၇ာတဲ့၊ ရှင်လဲဈေးထဲ မရောက်ဖူးသေးဘူးနော်၊ အင်း…တော်က ဌာနမှုးကတော် ဆိုတော့ ကိုယ်တိုင်လာစရာ မလိုတော့ဘူးပေါ့လေ၊ တော်တို့တပည့်တွေ တလတခါ ဈေးခေါင်းရုံးလာတယ်လို့တော့ ကြားပါတယ်အေ၊ တခါလောက်တော့ လာလည်ပါအုံးတော်၊ အရင်လို ရှေးဟောင်းနှောင်း ဖြစ်လေးတွေ ပြောရအောင်။

အဲ.. လာမယ်ဆိုရင် မိုးတွင်းတော့ မလာနဲ့ မြေအောက်ထပ်က ရေလျှံတတ်လို့တော်ရေ့၊ မတော် ချော်ချက်လဲလို့ တော့်ယောက်ျား ဌာနမှုးကြီး စိတ်ဆိုးနေအုံးမယ်….ဟီးဟီး၊ မြေအောက်ကထွက်တာ ရိုးရိုးရေမို့ တော်သေးတယ်……ရေနံတွေသာဆို ကျုပ်တို့တွေ ဘယ်ရောက်လို့ ဘယ်ပေါက်မယ် မသိဘူး၊ လာမယ်ဆိုရင် တော့်ကားကို ဈေးဝင်းအပြင်မှာပဲရပ်ခဲ့….ဈေးဝင်းထဲ ရပ်စရာရှားတယ်တော့…….

အဲ….အဲ…မေ့လို့…… မေ့လို့….. တော်တို့ကားတွေရပ်ဖို့အတွက်တော့ သီးသန့်နေရာရှိတယ်။
ဈေးကတော့တော်ရေ…….တော်အရင်ရောက်ဖူးတဲ့ဈေးဟောင်းတုံးကတောင် တော်တော်မွှန်တာလေ၊ အခု ဈေးသစ် ကတော့…….အမလေး……ဆောင်း နဲ့ နွေ များဆို နာဇီ တွေရဲ့ အဆိပ်ခန်းလိုပဲ မွှန်ချက်ကတော့၊ ဒါပေမယ့်လည်း ဒို့များ ဒါပဲလုပ်စားတတ် တော့ ဒီလိုပဲ ပေတေလုပ်ကိုင်နေရတာပေါ့၊

အံမယ်……ဈေးသစ်ဖွင့်ကာစကတော့ လေစုပ်ပန်ကာတွေ ဘာတွေနဲ့ပေါ့၊ အင်း………ကြာလာတော့လည်း အနိစ္စသဘောနဲ့ ကိစ္စ ချောကုန်ပြီပေါ့လေ၊ ဒီကြားထဲ တချို့ဆိုင်တွေများ ဖုန်ဝင်ရေစင် လို့ ဆိုပြီး အမြင့် (၂) ပေလောက်ရှိတဲ့ လေ၀င်ပေါက်တွေကို ပလတ်စတစ်နဲ့ ကာတဲ့လူနဲ့၊ တချို့ကျတော့လည်း အုတ်နဲ့တောင် အသေကာလိုက်ကြသေး……ဟေး….ဟေး….။

အင်း…….ပြောရမှာလည်း ခက်တယ်တော်ရေ……ဈေးအနောက်ဖက်တနေရာဆို ရေဆိုးပိုက်တွေ ပျက်စီးပြီး နွေ မိုး ဆောင်း ရေလျှံနေတာများ နေပြည်တော် ရေပန်း ဥယျာဉ် ကို တကူးတက သွားကြည့်ဖို့တောင် မလိုဘူး၊
ဈေးသူဈေးသားတွေကလည်း ဘာသာတရား ကိုတော့ တော်တော်အလေးထားကြသား…

မနက်…..မနက် ဆိုရင် အမွှေးတိုင်တွေ ပူဇော်လိုက်ကြတာများ အသက်တောင် ဘယ် အပေါက်နဲ့ ရှုရမှန်းမသိ……တော်ရေ၊ ကျုပ်များ…..တမနက်တည်းနဲ့ နတ်ပြည်ေ၇ာက်ပြီ အောက်မေ့တာ……..ဟဲဟဲ....တော်လဲ……..နတ်ပြည်ရောက်ချင်ရင်…….ကျုပ်တို့ ဈေးကိုလာခဲ့လေ။
အင်း……..ဟိုတနေ့ကလည်း သတင်းတပုဒ်မှာ ဆီကြိုတဲ့ မီးကြွင်းမီးကျန် ကနေ မီးလောင် တယ်…..တဲ၊့ အဲ့ဒီတော့မှ ကျုပ်လည်း လန့်လိုက်တာလေ၊ ဘာဖြစ်လို့လဲ ဟုတ်စ…မေးမှမေးရက်ပေတယ်……ကျုပ်တို့ဈေးမှာလည်း ကြိုလိုက်ကြတာမှ ဒင်းကြမ်းပဲ တော်ေ၇၊ ခဲနေတဲ့ စားအုန်းဆီ လာဝယ် တဲ့ လူရယ်လို့ တော်ကြားဖူးလို့လား….အဲဒီတော့ ဈေးဝယ်သူ မလာ ခင်ကတဲက ဆီသည် တွေ အလုပ်များကြရတာ ပေါ့။

ကြက်သွန်၊ဌြုပ်သီးသမားကလည်း လစ်ရင်လစ်သလို ပျာတာတို့ ခါတာတို့ လုပ်ကြတာပဲလေ၊ ဒါလည်း……..သူတို့စီးပွားေ၇းဆိုတော့ မပြောသာဘူးပေါ့…….၊ တာဝန်ရှိသူများကတော့….......တွေ့ရင် ဒဏ်၇ိုက်တာတို့ သတိပေးတာတို့……လုပ်ပါတယ်၊ ဒါပေသိ….အဲဒါမျိုး ကလည်း ကြုံ ခဲ သား လား။
ကျုပ်ကတော့ တော်ရေ ဈေးများဌာန က လူကြီးတွေ နဲ့ ဈေးသာယာရေး ကလူကြီးတွေ ကျုပ်တို့ဈေးသူ ဈေးသားတွေ ကို အသက် ၀၀ ရှုရအောင် မြန်မြန် စီစဉ်ပေးပါစေ လို့ မနက် တိုင်းဘုရားမှာ အမွှေးတိုင် ကပ်ပြီး ဆုတောင်း နေရတယ် တော်ရေ ………..

တော့်ရဲ့
မအေးညွန့် (မြေအောက်ထပ်၊ ညောင်ပင်လေး ပလာဇာ)








...

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved