၁၅၇၂

Sunday, December 25, 2011

~






အညွှန်း - http://aappb.org/index_burmese.html

ယခုလက်ရှိ နိုင်ငံရေး အကျဉ်းသား ၁၅၇၂ ဦး။
ထိုအထဲမှ ၉၁၈ ဦး သည် မည်သည့်ထောင်များတွင် ရှိနေသည်ကို စုံစမ်းအတည်ပြုပြီး

သတင်းထုတ်ပြန်ချက်
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ အေအေပီပီ သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်ရင်း မတရား ဖမ်းဆီးအကျဉ်းချ ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးချင်းစီ၏ အသေးစိတ်အချက်အလက် များအား စိစစ်ကာ နိုင်ငံရေးအကျဉ်းသား စာရင်းအား အတည်ပြုထုတ်ပြန် လိုက်ပါသည်။ နိုင်ငံရေးယုံကြည်ချက် ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်သည် ယခုလက်ရှိတွင် အနည်းဆုံး ၁၅၇၂ ဦးရှိပြီး ထိုအထဲမှ ၉၁၈ ဦးသည် မည်သည့်ထောင်များတွင် သေချာပေါက် ရှိကြောင်း အေအေပီပီမှ အတည်ပြုနိုင်ခဲ့ပါသည်။

လတ်တလောအချိန်တွင်လည်း ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများ မည်သည့်နေရာတွင် ရှိနေသည် ဥပမာ-၎င်းတို့အား မည်သည့် အကျဉ်း ထောင်တွင် ထိန်းသိမ်းထားသည် (သို့) မည်သူတို့ မည်သည့်အချိန်က မည်သည့်ထောင်မှ လွတ်မြောက်သွားသည်ဆိုသည်ကို အတည်ပြု ပြောဆိုနိုင်ရန် ဆက်လက် စိစစ်လုပ်ဆောင်လျက် ရှိပါသည်။ စိစစ်အတည်ပြုမှုလုပ်ငန်းစဉ်အား ဆက်လက်လုပ်ဆောင် နေဆဲ ဖြစ်သည့် အတွက် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသား အရေအတွက်သည် ၉၁၈ ဦးသာရှိသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ထိုကိန်းဂဏာန်းသည် လက်ရှိအထိ အတည်ပြုချက်ရယူပြီးသော ပမာဏသာ ဖြစ်ပါသည်။ ကျန်ရှိနေသူများနှင့်ပတ်သက်သည့် အချက်အလက်များအား ဆက်လက် စိစစ်နေဆဲဖြစ်ပါသည်။

လွတ်မြောက်သွားပြီးဖြစ်သည်ဟု အတည်ပြုချက် မရယူနိုင်သေးပဲ စာရင်းမှ ပယ်ဖျက်လိုက်သည့် နိုင်ငံရေးအကျဉ်းသား တဦးတယောက်သည် အကယ်၍သာ အကျဉ်းထောင်အတွင်းရှိနေပါက ထိုသူအတွက် လွန်စွာ နစ်နာမည် ဖြစ်သည်။ ထို့ကြောင့် အတည်မပြုနိုင် သေးသောသူများ ဆက်လက်စိစစ်ဆဲ သူများအား စာရင်းမှ မပယ်ဖျက်သေးခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် နယ်စွန်နယ်ဖျား တိုင်းရင်းသား ဒေသများ၊ ဘုန်းကြီးကျောင်း များကဲ့သို့ နေရာဒေသများမှ သတင်းအချက်အလက်ရရှိရန် လက်လှမ်းမမီမှု၊ ၂၀၀၇ စက်တင်ဘာလကဲ့သို့ နိုင်ငံရေး အကျဉ်းသားများအား အစုလိုက်အပြုံလိုက် ဖမ်းဆီးသည့် ကာလအတွင်း တိကျသော သတင်းအချက်အလက် မရရှိနိုင်မှု၊ မြန်မာနိုင်ငံ၏ အကျဉ်းထောင်များ အခြေအနေနှင့် နိုင်ငံရေးအကျဉ်းသား ဖမ်းဆီးထိန်းသိမ်းထားမှု သတင်း အချက်အလက်နှင့် ပတ်သက်သည့် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တရားဝင် သတင်းအချက်အလက် မရရှိနိုင်ခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသား အရေအတွက်သည် အေအေပီပီမှ စုဆောင်းပြုစုထားသည့် လက်ရှိစာရင်း အရေအတွက်ထက်ပင် များပြားနိုင်သည်ဟု အေအေပီပီမှ ယူဆပါသည်။

နိုင်ငံရေးအကျဉ်းသား အရေအတွက် စိစစ်သည့် လုပ်ငန်းစဉ်အား ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည့်အတွက် အတည်ပြုနိုင်သည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်သည်လည်း တိုးမြင့်လာနိုင်ပါသည်။ အေအေပီပီအနေဖြင့် အတည်ပြုနိုင်သမျှသော နိုင်ငံရေးအကျဉ်းသား အရေအတွက်အား ဆက်လက်သတင်းထုတ်ပြန်ပေးမည်ဖြစ်သည်။

လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ အတွက် လုပ်ဆောင်ရင်း အကျဉ်းချ ခံထားရသော နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်အသီးသီးနှင့် ရဲဘက်စခန်းများတွင် ရှိနေကြောင်း ကိန်းဂဏာန်း အရေအတွက်နှင့်တကွ လူသိရှင်ကြားထုတ်ပြန်ရန်မှာ အလွန်အရေးကြီးပါသည်။ ဦးသိန်းစိန်အစိုးရအပါအ၀င် မြန်မာစစ်အစိုးရ အဆက်ဆက်မှ နိုင်ငံရေးအကျဉ်းသားမရှိပါဟု ငြင်းကွယ်လေ့ရှိသည့်အပြင် မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးအကျဉ်းသား အရေအတွက်အား သတင်းမှန် ထုတ်ပြန်လေ့ မရှိသည့်အတွက် အေအေပီပီအပါအ၀င် ပြည်တွင်းပြည်ပရှိ အတိုက်အခံအဖွဲ့အစည်းများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၏ ထုတ်ဖော်ပြောဆို လုပ်ဆောင်မှုသာမရှိခဲ့လျှင် နိုင်ငံရေးအကျဉ်းသားများ၏ ကံကြမ္မာသည် လူသူမသိအခြေအနေသို့ ဆိုက်ရောက်နေမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးတွင် စီစစ်အတည်ပြု သတင်းထုတ်ပြန်မှု လုပ်ငန်းစဉ်သည် အရေးကြီးပါသည်။
အေအေပီပီအနေဖြင့် လက်ရှိလုပ်ဆောင်နေသည့် နိုင်ငံရေးအကျဉ်းသား အခြေအနေ စိစစ် အတည်ပြုမှု လုပ်ငန်းစဉ်သည် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်ဟု ယုံကြည်ပါသည်။ တဆက်တည်းတွင် အေအေပီပီ အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသား တစ်ဦးချင်းစီ ချွင်းချက်မရှိ ချက်ခြင်းလွတ်မြောက်ရန်အတွက် စည်းရုံး လှုံ့ဆော် ကြိုးပမ်းအားထုတ်လျှက်ရှိသည်။

ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု ရှိရမည်ထက် သတင်းမှောင်ချခြင်း၊ လျှို့ဝှက်ခြင်းနှင့် တာဝန်ယူမှုမရှိခြင်းတို့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်စနစ်တွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးချင်းစီအား မည်သည့်ထောင်တွင် ထိန်းသိမ်းထားသည်ကို ဖော်ထုတ်အတည်ပြုရန်မှာ လွန်စွာ ခက်ခဲ သော်လည်း တာဝန်သိသူများအနေဖြင့် မဖြစ်မနေလုပ်ရမည့် လုပ်ငန်းစဉ်ပင်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားအရေအတွက် စိစစ်အတည်ပြုမှုလုပ်ငန်းစဉ်တွင် အဆင့် (၂) ဆင့် ရှိပါသည်။ ပထမအဆင့် အနေဖြင့် ၂၀၁၁ ခုနှစ် စက်တင်ဘာ လဆန်းပိုင်းတွင် အေအေပီပီ၏ နိုင်ငံရေးအကျဉ်းသား စာရင်းမှ အကျဉ်းသား တစ်ဦးချင်းစီ၏ ဖမ်းဆီးခံရမှုသည် နိုင်ငံရေးနှင့်ပတ်သက်သည်၊ ထိုသူတဦးချင်းသည် နိုင်ငံရေးအကျဉ်းသားများဖြစ်သည်ဟု အတည်ပြု သတင်းထုတ်ပြန်ခဲ့ပါသည်။

ဒုတိယအဆင့်အနေဖြင့် မည်သည့်နိုင်ငံရေးအကျဉ်းသားများ မည်သည့်အကျဉ်းထောင်များတွင် ဖမ်းဆီး ထိန်းသိမ်း ခံထားသည် ဆိုသည်နှင့် ၄င်းတို့၏နောက်ဆုံးအခြေအနေများကို စိစစ်ကာ အတည်ပြုချက်ရယူပါသည်။ ယခုအချိန်အထိ အေအေပီပီအနေဖြင့် နိုင်ငံရေးအကျဉ်းသား ၉၁၈ ဦးအား ဖမ်းဆီး အကျဉ်းချထားသည့် အကျဉ်းထောင် နှင့် ၎င်းတို့၏အခြေအနေများကို စိစစ်အတည်ပြုနိုင်ခဲ့ပြီး ကျန်ရှိနေသူများအတွက် ဆက်လက်စိစစ်နေဆဲဖြစ်ပါသည်။

အေအေပီပီ မှ မည်ကဲ့သို့ သတင်းအချက်အလက်များ ရရှိပါသလဲ။
အေအေပီပီမှ စဉ်ဆက်မပြတ်လုပ်ဆောင်နေသည့် နိုင်ငံရေး အကျဉ်းသား အခြေအနေ အစီရင်ခံစာ များ၊ သတင်းအချက်အလက်များသည် အေအေပီပီ၏ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များပေါ်တွင် အမှီပြုပါသည်။ သတင်းအချက်အလက်များ ရရှိသည် အဓိကရင်းမြစ်များမှာ-

၁။ ပြည်တွင်းရှိ အေအေပီပီအား ကူညီနေသည့် ကွန်ယက်များ
၂။ ပြည်တွင်းရှိ လျှို့ဝှက်သတင်းအရင်းအမြစ်များ
၃။ နိုင်ငံရေးအကျဉ်းသားများ၏ အမှုတွဲဖိုင်များ
၎။ လတ်တလော လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ
၅။ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများ

အေအေပီပီမှရရှိသည့် သတင်းအချက်အလက်များအားလုံးသည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် သတင်းဖြန့်လှုံဆော်နိုင်ရန် အန္တရာယ်ကြားမှ စွန့်စား၍ သတင်းအချက်အလက် စုဆောင်းလုပ်ဆောင်နေသော ပြည်တွင်းဆက်စပ်အဖွဲ့အစည်း၊ ကွန်ယက်များထံမှ ရရှိခြင်းဖြစ်ပါသည်။ သို့သော် ပြည်တွင်းမှ ကူညီလုပ်ဆောင် ပေးနေသော ကွန်ယက်အဖွဲ့အစည်းများသည် အကျဉ်းထောင် (၄၂) ထောင်၊ ရဲဘက်စခန်း (၁၀၉) ခုနှင့် အမည်မသိ လျှို့ဝှက် ထိန်းသိမ်း စစ်ကြောရေးစခန်း အားလုံးအား လက်လှမ်းမီခြင်းမရှိသည့်အတွက် အေအေပီပီမှ ပြုစုထားသည့် နိုင်ငံရေးအကျဉ်းသားစာရင်းသည် ပြည့်စုံသည့် စာရင်းဟု မဆိုနိုင်ပါ။

ပွင့်လင်းမြင်သာမှု မရှိခြင်း
မြန်မာနိုင်ငံ၏ အကျဉ်းထောင်များနှင့် အကျဉ်းဦးစီးဌာန၏ ပွင့်လင်းမြင်သာမှု မရှိခြင်းသည် နိုင်ငံရေး အကျဉ်းသား စာရင်းပြုစုသည့် လုပ်ငန်းစဉ်အား နှောင့်နှေးခက်ခဲစေပါသည်။ ထောင်အာဏာပိုင်များအပါအ၀င် မြန်မာအစိုးရ တာဝန်ရှိသူများသည် အကျဉ်းထောင်အခြေအနေ၊ အကျဉ်းသား အခြေအနေနှင့် ပတ်သက်ပြီး သတင်းအချက်အလက် ထုတ်ပြန်ခြင်းနှင့် တရားဝင်စောင့်ကြည့် အကဲခတ်ခြင်းများကို ဆန့်ကျင်ပိတ်ပင်တားဆီးနေဆဲဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားစာရင်း တရားဝင်ထုတ်ပြန်ခြင်းမရှိသလို၊ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်းနှင့် ထောင်ပြောင်းခြင်း များကိုလည်း မိသားစုဝင်များအပါအ၀င် မည်သူ့ကိုမျှ အသိပေးအကြောင်းကြားခြင်းမရှိပါ။

တိကျသော နိုင်ငံရေးအကျဉ်းသားအရေအတွက်အား သက်သေပြရန်မှာ အတိုက်အခံအင်အားစု၏ တာဝန် မဖြစ်သင့်ပါ။ ယင်းကိစ္စသည် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားတစ်ဦးစီအား လူသားဆန်စွာ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံပြီး ၎င်းတို့၏ အကျဉ်းသားအခွင့်အရေး၊ လူ့အခွင့်အရေးကို မချိုးဖေါက်ပဲ လိုက်နာကြောင်း ယင်းနိုင်ငံရေး အကျဉ်းသား တစ်ဦးစီအတွက် တရားဝင်သတင်းထုတ်ပြန်ပေးရန်မှာ ဦးသိန်းစိန်အစိုးရ၏ တာဝန်သာဖြစ်ပါသည်။ အကယ်၍ မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်းတွင် အာဏာပိုင်များမှ ကျူးလွန်နေသည့် လူအခွင့်အရေးချိုးဖေါက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခြင်းမရှိဟု ဆိုပါက နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေနှင့် ၎င်းတို့အား အကျဉ်းချထားသော အကျဉ်းထောင်များ၏ အခြေအနေများကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးနိုင်ရန်အတွက် လွတ်လပ် အမှီအခိုကင်း၍ တရားမျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းတစ်ခုအား ဝင်ရောက်စစ်ဆေးခွင့်ပြုရမည်ဖြစ်သည်။

ဦးသိန်းစိန် အစိုးရအား အောက်ပါအချက်များကို လုပ်ဆောင်ပေးရန် အေအေပီပီမှ တိုက်တွန်း

၁။ နိုင်ငံရေးအကျဉ်းသားများအား တရားဝင် အသိအမှတ်ပြုပေးရန်
၂။ နိုင်ငံရေးအကျဉ်းသား စံသတ်မှတ်ချက်နှင့် နိုင်ငံရေးအကျဉ်းသားစာရင်းကို တရားဝင် ထုတ်ပြန်ရန်
၃။ နိုင်ငံရေးအကျဉ်းသား အရေအတွက်အား အတည်ပြုနိုင်ရန် ကုလသမဂ္ဂမှ ဦးဆောင်ကောင်း ဦးဆောင်မည် ဖြစ်သော လွတ်လပ်၍ တရားမျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့အား မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်းသို့ ဝင်ခွင့်ပြုရန်
၎။ နိုင်ငံရေးအကျဉ်းသားအားလုံးအား ချွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးပြီး ၎င်းတို့၏ ရာဇဝတ်မှတ်တမ်းအား လုံးဝပယ်ဖျက်ပေးရန်

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်
ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဇော်ထွန်း (အလုပ်အမှုဆောင်) +၆၆ (၀) ၈၉ ၉၅၂ ၇၃၄၀



~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved