အမြည်းက ဖွယ်ဖွယ်ရာရာ စုံပါပေ့

Tuesday, December 20, 2011

~






မောင်အေးဝင်း/Faceboook
Facebook ပေါ်မှာ မိတ်ဆွေတယောက်တင်ထားတဲ့ ကြည့်မြင်တိုင် အကြောင်းစာထဲက အမြည်းပေါင်းစုံ ဖွယ်ဖွယ်ရာရာကို ဖတ်လိုက်တာ "ကျနော်ထုတ်ဝေသူ" အကြောင်းရေးနေတာ ခဏ ရပ်ထားပြီး ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ရန်ကုန်မြို့အနှံ့က ဘီအီးဆိုင်တွေအကြောင်း ရေးလိုက်ရပါတယ်။ ဒီအကြောင်းအရာက အများသူငှာ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သူတော်ချင်း ပေါင်းဖက်တွေ့သူတွေ အမှတ်ရ စေဖို့ပါ။

ရန်ကုန်မှာတုန်းက ကိုယ်မှာ ငွေကြေးများများစားစား ရှိတာ မဟုတ်တော့ ဈေးကြီးတဲ့ ဟာတွေ တယ်မတတ်နိုင်ခဲ့ဘူး။ (ခုလဲ ရန်ကုန်မှာအတိုင်းပါပဲ)။ ချစ်မိတ်ဆွေ ကိုဘီအီးပဲ မှီဝဲရပါတယ်။

ကိုယ်က ရွှေဘုံသာလမ်းမှာ စာအုပ်အငှားဆိုင် ဖွင့်ထားတယ်။ နေရာဌာနက မြို့လည်ခေါင် မှာဖြစ်လေတော့ သောက်ပူရိသအနွယ်ဝင် သူတော်စင်တွေက ကိုယ့်ဆိုင်ကို ခလုတ်တိုက်ကြတယ်။ ဘီအီးရှိရာ ထိုထိုနေရာတွေကို ယင်း သူတော်စင်အပေါင်းတို့နဲ့ ယာဉ်မျိုးစုံစီးပြီး သွားရတယ်။ သင်္ဘော၊ လှေတတန်နဲ့ ဒလဖက်ကမ်း ကူးတဲ့အခါကူး၊ ကွမ်းခြံကုန်းဘက် သွားတဲ့အခါသွား၊ ကုန်းကြောင်းခြေလျင် ခရီးနှင် လေဟာပြင်ဈေးက မောင်မြင့်တို့ ခေါက်ဆွဲကြော်ဆိုင်ဆီလည်း ချီတက်တဲ့အခါတက်၊ ဆိုက်ကားနဲ့ ၁၆ လမ်းဆိုင်ယွန်းတဲ့အခါယွန်း။ ဘတ်စ်ကားနဲ့ ပုဇွန်တောင်ဆိုင်၊ မြောက်ဥက္ကလာ မဏ္ဍိုင်ဆိုင်၊ ဂိတ်ဟောင်းကွေ့၊ တောင်ဥက္ကလာ စစ်မှုထမ်းဟောင်း၊ အလုံထော်လီကွေ့၊ အလုံ အာအီးတီ၊ မြေနီကုန်း ဗိုလ်မိုးလမ်း၊ အင်းစိန် ဟီးနိုးဂိတ်၊ ရွာမဘူတာ.... အို ဆိုင်တွေသာ ရေတွက်လို့ကတော့ ကုန်မှာ မဟုတ်။

အမြည်းတွေအကြောင်း ပြောချင်တာ ဆိုင်တွေ အရင်ပျိုးနေရသေးတယ်။

စားသောက်ဆိုင်ကြီးတွေမှာလို ပွဲကြီးပွဲငယ်ကို ဈေးကြီးပေး ဝယ်စားစရာ မလိုဘူး။ ခွက်ကလေး သတ္တုပန်းကန် သေးသေး လေးတွေနဲ့ တပန်းကန် ငါးမူး တကျပ်တန်- အလွန်ဆုံး ပေးရမှ နှစ်ကျပ်။ ငါးမူး၊ တကျပ်၊ နှစ်ကျပ်နဲ့ ဘာတွေများ ရလို့လဲ.......။ အို.... ရတာမှ အစုံ၊ အစုံ။ စားချင်စရာ ဖွယ်ဖွယ်ရာရာတွေချည်း။

တညင်းဝက် ခပ်ကြီးကြီးကို ဆီလေးနဲနဲနဲ့ နူးအောင်ပြုတ်ထားတယ်။ တလုံးမှ တကျပ်။ ကတ်ကြေးနဲ့ အတုံးသေးသေး ဖြတ်ပြီး ပန်းကန်သေးသေးမှာ ထည့်ပေးတယ်။ တုတ်ကလေးနဲ့ ထိုးစားရတယ်။ လက်ဖက်နှပ်ထားတာကို နတ်တင်သလို ပန်းကန်သေးသေးမှာထည့်၊ ဘေးက ပုဇွန်ခြောက်သေးသေး သုံး လေး ကောင် ထည့်ပေးတယ်။ သရက်ချဉ်ကို ဆီနဲ့သုတ်ပြီး နှမ်းအပေါ်က ဖြူးပေးတယ်။ နှမ်းဖတ်ချဉ်သုတ်။ ငါးကလေး သေးသေး အကောင်ချဉ်ကို ကြက်သွန်နီ ပါးပါးလှီးထားတာနဲ့ ငရုတ်သီး အလှော်မှုံ့ဖြူး၊ တခါတလေ ငရုတ်သီးစိမ်း ပါးပါးလှီးပေးတယ်။ ဓါးလှီးပုဇွန်ချဉ်သုတ်။ ဆတ်သားခြောက်လို့ ပြောတဲ့ မီးဖုတ်ပြီး အမျှင်သေးသေးဖဲ့ ထားတာကို ဆီဆမ်း၊ အချိုမှုံ့ဖြူးပေးတယ်။

ကြက်ရိုးပြုတ်ပူပူကို ခွေးတောက်ရွက်လို့ ပြောတဲ့ အရွက်ပါးပါးလှီးတာနဲ့ အုပ်ပေးတယ်။ မီးခြစ်ဗူး အရွယ်လောက် တုံးထားတဲ့ အမဲကြော် ပါးပါး ပြားပြား။ ကဏန်း လက်ချောင်း လက်မှကို မန်ကျည်းရည်နဲ့ ချက်ပြီး မဆလာအုပ်ထားတယ်။ ဝက်ခေါင်း ဝက်သွေးသုတ်။ ကြက်ဥပြုတ်သုတ်။ ပုဇွန်ခြောက်သုတ်။ မြင်းခွါရွက်သုတ်။ ခရမ်းချဉ်သီးသုတ်။ အသားမပါတဲ့ ကြာဇံကြော်ကို ငရုတ်ဆီ ရွှဲရွှဲနဲ့ သုတ်။

မောင်သိန်းဆိုင်တို့ အိမ်နား မြောက်ဥက္ကလာ မဏ္ဍိုင်လမ်းက ဆိုင်မှာ သူနဲ့ ကိုယ်နဲ့ ပိုက်ဆံ အစိတ်တန် တယောက် တရွက်စီ ထည့်သွားရင် ဆိုင်ထဲက မှောင်ခိုထုတ်ရောင်းတဲ့ ခေါင်းမချိုးရသေးတဲ့ တပုလင်းကို နှစ်ဆယ်၊ ပန်းကန်သေးသေး ငါးချပ်နဲ့ အမြည်းငါးကျပ်ဖိုး ဆိုရင်၊ တယောက်ကို တပုလင်းစီ ထောင်၊ အမြည်းပန်းကန် ဆယ်ချပ်။ စကားလေး တပြောပြောနဲ့ ကိုင်ပါလေ့။

ဒလဖက်ကမ်းကူးသွားရင် ဗိုလ်ကြီးတယောက် ဖွင့်တဲ့ ဘီအီးဆိုင်။ အမြည်းကလည်းကောင်း၊ အရက်ကလည်း စစ်။ ခွေးတောက်ရွက် ဟင်းချို၊ လက်ဖက်သုတ် စပယ်ရှယ်။

မြောက်ဥက္ကလာ ဂိတ်ဟောင်းကွေ့မှာ ဘဝတက္ကသိုလ်က အတူတူထွက်လာတဲ့ ရဲဘော်တယောက်ရဲ့ မိန်းမက ကားလမ်းဘေးမှာ အမြည်းဆိုင်လေး ဖွင့်တယ်။ ရဲဘော်က အစိုးရ လေးဘီးတက္ကစီ မောင်းတယ်။ သူတို့ ဆိုင်မှာဆိုရင် တခါတလေ မြောက်ဥက္ကလာ ဟိုဘက်ကမ်းက ရတဲ့ လယ်ကြွက်ကြော်ရတယ်။

လေဟာပြင်ဈေး မောင်မြင့်ဆိုင်က ဟင်းချက်ဆရာ အစိုင်းဆိုတဲ့ ကောင်လေးက အမြည်း ကောင်းကောင်း လုပ်ပေးတတ်တယ်။ ဝက်အူနုဟင်းချိုကို အချဉ်ညှစ်ပြီး အရည်သောက်လုပ်ပေးတယ်။ အစိုင်းလက်ရာ ဝက်အူမကြီးကြော်က စပယ်ရှယ်ပဲ။

ဒါမျိုးစည်းစိမ် ကိုယ့်တသက်မှာ ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူး။


မောင်အေးဝင်း Faceboook တွင် ဖော်ပြပြီးဖြစ်သည်။











~

2 comments :

  1. Anonymous said... :

    ဖတ်ရင်းဖတ်ရင်းသရေတွေယိုလာပြီဗျ။
    သောက်ဖော်သောက်ဖက်ရောင်းရင်းတွေသတိရလာပြီး
    ငိုချင်စိတ်တောင်ပေါက်လာပြီ။ကျေးဇူးတင်တယ်ဗျာ။

  1. Anonymous said... :

    Burma Media Wash ပြော >

    ဗျို့ (ကို)မောင်အေးဝင်း-

    ခင်ဗျားတင်ပြချက်မျိုးကိုကျနော်မစွမ်းပါ။

    ဟိုးယခင်ရုံးချိန်က စနေနေ့ဆို နေ့လယ် ၁၂ခွဲ..။
    ကျနော်တို့ရုံးသမားတစ်စု“ဟေး..poolကြမယ်ဟိတ်”လို့အချက်ပြပြီးအချိုးကျငွေစုကြ။

    များသောအားဖြင့်ကုန်သည်လမ်းမကြီးရဲ့ဘေး၊ဗိုလ်ကလေးဈေးနားကလေဟာပြင်တဲအစုတ်ပလုပ်အရက်ဆိုင်ပေါင်းစုံမှာဝေကာမျှကာသောက်ကြ။တွေ့ကရာရှစ်သောင်းပြောပြီး၊တဟား.ဟား..ရယ်ကြ.မောကြ။

    ရက်သတ္တတစ်ပါတ်(၇)ရက်ထဲက၅ရက်ခွဲမှာ“စာအုပ်”
    “စာရွက်”ပေါင်းစုံနဲ့နပမ်းလုံးခဲ့ရလို့..
    “ချောက်”ခဲ့ရတဲ့..ခေါင်း..။“နွမ်း”ခဲ့ရတဲ့ ကိုယ်..။

    အဲဒီ“ချောက်”ခဲ့ရတဲ့ခေါင်းကိုပြန်၍“စို”စေ.။
    အဲဒီ“နွမ်း”ခဲ့ရတဲ့ကိုယ်ကိုပြန်၍“လန်း”စေ..ဟဲ..ဟဲ..

    လက်ထဲငွေစ,ကျန်နေသေးရင်၊ဘုန်းကြီးလမ်းအောက်ဆုံးဗလောက်ကဘီအီးကိုတန်းစီတိုးဝှေ့ဝယ်,ရောင်းတဲ့နေ့လုပ်နေ့စားတွေဆီဝင်..။

    ဒါမှမဟုတ်..အင်းစိန် ဂျီတီအိုင် ဘေးက ပြည်တော်သာရုပ်ရှင်ရုံဝင်းထဲက ဆိုင်ကလေးတွေဆီ
    လှည့်ကာထိုင်..။တစ်ခါတရံ ကိုအောင်ဇော်တို့၊ကိုကျော်စွာမိုးတို့ပေါက်စနလေးတွေကို၊သူတို့ရဲ့စတိုင်ကတစ်မူထူးလို့ငေးတောင်ကြည့်ခဲ့ဘူးပါသဗျ။အင်း..ခုတော့ ဒီ ဗျတ်ဝိ ဗျတ္တ ညီနောင်လည်းဆရာကြီးတွေဖြစ်လို့နေပြီဗျ။သုဓု.သာဓု.သာဓု ပါဗျာ။

    အင်း .. ဟိုးတုန်က အရသာ ဒီတသက်မှာ ရမယ်
    မဟုတ်တော့ပါဘူးဗျာ..။

    ဒီတော့.. လူကြီးမင်း(ကို)မောင်အေးဝင်း ရေ..။
    ခင်ဗျား စ လိုက်တာ၊
    ကျနော် ငယ်မူပြန်ပြီး ရောဂါထလာပါပကောဗျာ.။ ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved