အိန္ဒိယသတင်းသမားကို မြန်မာစစ်တပ်ဖမ်းဆီး

Sunday, December 4, 2011


အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ အာသံခွဲထွက်ရေး သူပုန်အဖွဲ့ ULFA က ထိပ်တန်းခေါင်းဆောင်တယောက်ဖြစ်တဲ့ ဂျီဘန်မိုရန်နဲ့အတူ အိန္ဒိယသတင်းသမား ရာဂျစ် ဘာတချာဂျီကို မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အိန္ဒိယပြည်ထဲရေးအတွင်းဝန် အာရ်ကေဆင်းက ဒီနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

သူတို့ နှစ်ယောက်ကို ဖမ်းမိထားတယ်လို့ မြန်မာစစ်တပ်ဖက်က အကြောင်းကြားလာတယ်။ ဒါပေမယ့် ဘယ်လိုဖမ်းမိတယ်ဆိုတာ သေသေချာချာ မသိရသလို အခု သူတို့ကို ဘယ်မှာထားတယ်၊ သူတို့အခြေအနေ ဘယ်လိုရှိတယ်ဆိုတာလည်း မသိရသေးဘူးလို့ ပြည်ထဲရေးအတွင်းဝန်က သတင်းသမားတွေကို ပြောပြပါတယ်။

သူတို့ကို ကချင်ပြည်နယ်နဲ့ မြန်မာနယ်စပ်မှာ ဖမ်းမိတာလို့ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတယောက်ရဲ့စကားကို အိန္ဒိယသတင်းတွေက ကိုးကားရေးထားတာကိုလည်း တွေ့ရပါတယ်။
သူတို့ကို ပြီးခဲ့တဲ့ သောကြာနေ့ ဒီဇင်ဘာ ၂ရက်နေ့ညက ဖမ်းမိတယ်လို့ သတင်းရတယ်လို့ ဂိုဟာတီကသတင်းထောက်တွေကပြောပါတယ်။

ရာဂျစ် ဘာတာချာချီဟာ အာသံပြည်နယ် ဂိုဟာတီမြို့ အခြေစိုက် Seven Sisters Post သတင်းစာက သတင်းထောက် လို့ သိရပါတယ်။ ဒီသတင်းစာဟာ သိပ်မကြာသေးခင်လပိုင်းကမှ ပေါ်လာတဲ့ သတင်းဌာနအသစ်လို့ဆိုပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာရှိနေတဲ့ ULFA အဖွဲ့က ထိပ်တန်းခေါင်းဆောင်တယောက်ဖြစ်တဲ့ ပါရစ်ဘာရူအာနဲ့ အင်တာဗျူး သွားလုပ်မယ်လို့ သူ့ရဲ့ Facebook နဲ့ Twitter မှာ ရေးထားတဲ့အကြောင်း ဂိုဟာတီက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။

ဖမ်းထားတဲ့ သတင်းသမားကို ပြန်လွှတ်ပေးအောင် မြန်မာအစိုးရကို ပြောဆိုဆွေးနွေးဖိအားပေးဖို့ အာသံပြည်နယ်အခြေစိုက် သတင်းသမားတွေက အိန္ဒိယအစိုးရကို အသနားခံစာတင်ထားတယ်လို့ သိရပါတယ်။

ဒီမိုကရေစီအစိုးရဖြစ်တယ်လို့ ကြွေးကြော်နေတဲ့ မြန်မာအစိုးရသစ်အနေနဲ့လည်း ဒီလိုသတင်းသမားတယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတာဟာ မသင့်တော်ဘူး၊ ဒါဟာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ထိပါးတဲ့ ဒီမိုကရေစီမကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အာသံသတင်းသမားတွေက ဆိုပါတယ်။ 

ULFA ကတော့ သူတို့ခေါင်းဆောင်အဖမ်းခံရတယ်ဆိုတာရယ်၊ အိန္ဒိယသတင်းသမားကို ဖမ်းထားတယ်ဆိုတာရယ်တွေကို အခုအချိန်အထိ သတင်းထုတ်ပြန်မှုမရှိသေးပါဘူး။

အာသံခွဲထွက်ရေးသူပုန်အဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ နာဂလန်းပြည်နယ်၊ အာရွန်နာချာ ပရာဒေ့ရှ်ပြည်နယ်တို့ရဲ့ နယ်စပ်ဒေသတလျှောက်ကနေ ကချင်ပြည်နယ်နဲ့ တရုတ်မြန်မာနယ်စပ်အထိ ဖြန့်ကျက်လှုပ်ရှားနေတယ်လို့ အိန္ဒိယထောက်လှမ်းရေးက သတင်းတွေ ထုတ်ပြန်ထားပါတယ်။
............
နောက်ဆုံးကြားသိရတဲ့ သတင်းတွေအရကတော့ ထိန်းသိမ်းခံရတာဟာ အိန္ဒိယသတင်းထောက် ရာဂျစ်ဘာတချာဂျီနဲ့ ဓာတ်ပုံဆရာ ပရာဒစ် ဂိုဂိုအီ တို့ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းတခုမှာတော့ သူတို့ကို မြန်မာစစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီ မကြာခင်မှာ သူတို့ အိန္ဒိယကို ပြန်ရောက်လာလိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သတင်းထောက် ရာဂျစ်ရဲ့ မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ သူတို့ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှမသိရသေးကြောင်း၊ ပြန်လွတ်တယ်ဆိုတာကို အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved