စာရေးဆရာ ချစ်ဦးညိုနှင့် ခဏတာ

Friday, December 9, 2011

~






စာရေးဆရာ ချစ်ဦးညို (ဓာတ်ပုံ - ဒီရေ)

ဒီဇင်ဘာလ (၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ စာပေဟောပြောပွဲမှာ စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာမနုနုရည်(အင်းဝ) နဲ့ ဆရာ ချစ်ဦးညိုတို့က စာပေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံများ၊ သူတို့ ဖြတ်သန်းခဲ့ရသော ဘဝအစိတ်အပိုင်းများအကြောင်း ဟောပြောခဲ့ကြပါတယ်။ မဲဆောက်မြို့ တောရဘုန်းကြီးကျောင်းဝင်းထဲမှာ ပြုလုပ်တဲ့ အဲဒီ စာပေဟောပြောပွဲအပြီးမှာပဲ ဆရာချစ်ဦးညိုကို ဧရာဝတီသတင်းထောက် ဒီရေက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဆရာချစ်ဦးညိုက ပြည်ပစာပေဟောပြောပွဲတွေမှာ ဘယ်အချိန်လောက်ကစပြီး ဟောပြောဖြစ်လဲ ခင်ဗျ။

ပြည်ပစာပေဟောပြောပွဲရဲ့အစကတော့ ၂၀၀၉ စက်တင်ဘာပေါ့၊ စင်္ကာပူမှာ။ အဲဒီက စာပေမြတ်နိုးသူများက စီစဉ်တဲ့အတွက် ကိုနေဝင်းမြင့်ရယ်၊ မဂျူးရယ်၊ ကျနော်ရယ် သွားပြီး ဟောပါတယ်။ ဒါကတော့ ပြည်ပစာပေဟောပြောပွဲပေါ့။ ပြည်တွင်းက စာရေးဆရာများကို ပြည်ပကို ဖိတ်ပြီး ဟောပြောပွဲလုပ်တဲ့ ပထမဆုံးအကြိမ်လို့ ပြောလို့ရတယ်။ အဲဒီနောက်မှာ ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁ ခုနှစ်ထိ ပြန့်ပွားလာတယ်။

ကိုယ့်စာပေမြတ်နိုးသူတွေက ဆက်သွယ် ဖိတ်ကြားလာတဲ့အတွက် ပြည်တွင်းဆိုရင်လည်း အဲလိုလိုက်ဟောပါတယ်။ စာဆိုတော်ရာသီမှာပေါ့။ မငြင်းရက်ပါဘူး။ ဘာလို့လဲဆိုတော့ စာမဖတ်နိုင်တဲ့သူတွေ၊ စာဖတ်ချိန် မပေးနိုင်တဲ့သူတွေ၊ စာ မဖတ်တဲ့သူတွေအတွက် စာအကြောင်း ပေအကြောင်း၊ အမှန်တရားအကြောင်း၊ ယဉ်ကျေးမှုအကြောင်း၊ ကိုယ့်တိုင်းပြည်လူမျိုးကို ပိုပြီး ချစ်တတ်ဖို့အကြောင်းတွေကို လိုက်ပြောရဖို့ တာဝန်ရှိတယ်လို့ ခံယူတဲ့အတွက် လိုက်ပြောရခြင်း ဖြစ်ပါတယ်။

အခုမဲဆောက်မှာ စာပေဟောပြောပွဲလုပ်တော့ရော ဆရာ ဘယ်လိုခံစားရလဲခင်ဗျ။ မြင်ရတွေ့ရတာ ဘယ်လိုရှိလဲခင်ဗျ။

မဲဆောက်ရောက်တာက ညက အချိန်မတော်ကြီးရောက်တာ ၂ ချက်ထိုးလောက်ကြီးဆိုတော့ ဘာမှလည်း မမြင်ရဘူး။ ဒီမနက်ကျမှ သောင်ရင်းမြစ်ဘက် ခဏသွားတယ်။ မြို့က မနိုးသေးဘူး၊ ဆိုင်တွေ မဖွင့်သေးဘူး။ အဲလိုလေး လက်ဖက်ရည် သောက်ရင်းနဲ့ ထွက်ကြည့် လိုက်တဲ့အခါမှာ ပြီးတော့ ဒီညမှာ ဒီလိုတွေ တွေ့ရတဲ့အခါမှာ တွေ့တဲ့သူတွေက သူတို့ ဘဝ လေး တွ၊ သူတို့အကြောင်းလေးတွေ ရသလောက် အချိန်လေးအတွင်းမှာ ပြောပြကြတယ်။
အဲလိုကြားရတဲ့အခါမှာ… တစုံတယောက်က “ဆရာ ချစ်ဦးညို မဲဆောက်လာရတာ ပျော်ပါ သလား” လို့မေးမယ်ဆိုရင် အဖြေကတော့ မပျော်ပါဘူး။ ကိုယ့်သွေးမတော် သားမစပ်တဲ့ သူတွေကို စိတ်ထဲမှာ ဆွေမျိုးသားချင်းလို သဘောထားမိပြီးတော့ စိတ်ထဲမှာ ညို့နေတယ်။
စာပေဟောပြောပွဲတချို့မှာ ဆရာက လက်ရှိအစိုးရပေါ်မှာ သရော်တာမျိုး တွေ့ရတယ်ခင်ဗျ။ အဲဒါနဲ့ ပတ်သက်ပြီး နည်းနည်းရှင်းပြပေးပါ။

မြန်မာပြည်တွင်းက စာပေဟောပြောပွဲတခုမှာ ကျနော်ပြောဖူးပါတယ်။ ကျနော်တို့ဟာ စာရေးဆရာအနေနဲ့ စာဆိုတော်လရာသီမှာ စာပေဟောပြောပွဲဆိုပြီးတော့ စင်မြင့်ပေါ်ကနေ ပြီးတော့ ပြောရေးဆိုခွင့်ရှိသူတွေ အနေနဲ့ ပြောနေသော်လည်း တကယ့်တကယ်တော့ ကျနော်တို့ ပြောနေတဲ့စကားဟာ ပြည်သူလူထုပြောနေတဲ့ စကားပါပဲ။ ကျနော်တို့ ရွတ်တဲ့ ကဗျာ၊ ကျနော်တို့ ပြောပြတဲ့ဇာတ်လမ်း၊ ကျနော်တို့ ဆိုတဲ့သီချင်းဟာ ပြည်သူလူထုက အခါအခွင့်မသာလို့ မရွတ်ရ၊ မဆိုရ၊ မပြောရတဲ့ စာ၊ ကဗျာ၊ သီချင်းများ ဖြစ်ပါတယ် ဆိုတဲ့ စကားလေးကို တခါပြောဖူးပါတယ်။

မသရော်ပါဘူး၊ မကဲ့ရဲ့ဘူး၊ မရှုံ့ချဘူး၊ မပုတ်ခတ်ဘူး၊ ဆဲရေးဖို့ဆိုတာ ဝေးပါတယ်။ ဘာလဲဆိုတော့ တိုင်းပြည်ကြီး ငြိမ်းချမ်းစေချင်လှပြီ၊ တိုင်းပြည် ကြီးနောက်ကျကျန်တာကို အမြန် “ဝုန်း” ခနဲ အမှီလိုက်ပြီးတော့ ကျော်ဖြတ်တက်ချင်လှပြီ။ နောက်ပြီးတော့ မြန်မာတို့ရဲ့ ပကတိ ရိုးသားတဲ့စိတ်ဓါတ်၊ ဖြူစင်တဲ့စိတ်ဓါတ်၊ ယဉ်ကျေးမှု ဒါတွေကို ကမ္ဘာက အခုထက် ပိုပြီးတော့ သိစေချင်လှပြီ။ ပြီးတော့ ကလေးတွေ ပညာရေးတွေ ကောင်းစေချင်လှပြီ။ ပညာတတ်တဲ့ အသိဉာဏ်နဲ့လည်း ပြည့်စုံ၊ ကိုယ်ကျင့်တရားလည်း ဖြူစင်ဖြောင့်မတ်တဲ့ မြန်မာဟေ့ ဆိုတာကို တကမ္ဘာလုံးကြားအောင် အသံကျယ်ကျယ်ကြီးနဲ့ အော်ချင်လှပြီ။ အဲဒီလိုအနေနဲ့ အခွင့်ဆိုက်တဲ့အခါမှာ ဆိုခြင်း၊ ပြောခြင်း၊ ရွတ်ခြင်း ဖြစ်ပါတယ်။

ဟို လှောင်ခြင်း၊ ထေ့ခြင်း၊ သရော်ခြင်း၊ ရှုံ့ချခြင်း မရှိပါဘူး။ သို့သော်လည်း တခါတရံမှာတော့ ပြောရင်းပြောရင်းနဲ့ စိတ်ပါလာတဲ့အခါမှာတော့ အဲဒီလိုလေသံလေးတွေ ပါကောင်းပါသွားနိုင် ပါတယ်။ စိတ်ထဲမှာတော့ အဲဒီလို ရည်ရွယ်ထားတာ မရှိပါဘူး။

ကျနော်ပြောဖူးပါတယ်၊ ပြည်မြို့က ကွယ်လွန်သူကဗျာဆရာ မောင်ချောနွယ်ပြောတဲ့ စကားလေး၊ ရင်ဘတ်ချင်း ဂျပ်ပင်ထိုးတဲ့ သဘောပါပဲ။ တူတူပါပဲလို့ အဲလိုလေး ကျနော်ဖြေလေ့ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေပေါ်မှာ ဆရာ ဘယ်လိုမြင်လဲခင်ဗျ။

ပိုကောင်းဖို့၊ ပိုပွင့်လင်းဖို့ လမ်းကြောင်းပေါ်ရောက်ပီလို့တော့ မြင်ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေနဲ့ တွေ့ဆုံမှုတွေ ရှိတယ်ခင်ဗျ။ အဲဒီအပေါ်မှာရော ဆရာ ဘယ်လိုအမြင်ရှိလဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အလွှာအသီးသီးက လူများနဲ့ တွေ့ရမှာပဲ။ အခုလို စာပေ၊ အနုပညာ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ စသည်အားဖြင့် တွေ့ဆုံခြင်းဟာ ကောင်းပါတယ်။ ဘာလို့လဲ ဆိုတော့ မတွေ့ပဲနေတာဟာ သံသယတွေဖြစ်စေတယ်။ တွေ့ပြီးတော့ စကားတွေပြောကြခြင်း ဟာ ရှိထားတဲ့ နားမလည်မှုတွေ၊ သံသယတွေ၊ သဘောထားမတူညီမှုတွေကို ပပျောက်စေ တယ်။ အဲဒီတော့ တွေ့လေလေကောင်းလေလေပဲ အဲလို မြင်ပါတယ်။

ပြည်ပမှာရောက်နေတဲ့ မြန်မာပြည်သားတွေကို ဘယ်လို အမှာစကား ပါးချင်ပါသလဲ။

လူငယ်များကို ရည်ရွယ်ပြီးတော့ ပြောပါရစေ၊ ဘာဖြစ်လို့လဲဆိုတော့ လူကြီးတွေထဲမှာ ကျနော်တို့ထက် အတွေ့အကြုံကြွယ်ဝတဲ့သူတွေ၊ အသိဥာဏ်မြင့်တဲ့သူတွေ အများကြီး ရှိပါလိမ့်မယ်။
ထို့ကြောင့်လူငယ်များကို ပြောပါရစေတော့။
နံပါတ် (၁) စာဖတ်စေချင်ပါတယ်၊ ရသမျှအချိန်လေးအတွင်းမှာ၊
နံပါတ် (၂) တကယ့်ကို ရိုးသားဖြောင့်မတ်ပွင့်လင်းစေချင်ပါတယ်၊
နံပါတ် (၃) မိမိတို့ ဆိုင်ရာဆိုင်ရာ ဘာသာတရားပေါ်မှာ၊ ဘာသာတရားအဆုံးအမကို သေသေချာချာ အာရုံစိုက်ပြီးတော့ လိုက်နာစေချင်ပါတယ်၊

အဲဒီသုံးခုရဲ့ နံပါတ်တစ် အချုပ်ကတော့ ကျန်းမာရေးကောင်းစေချင်တယ်၊ ကျန်းမာရေးကို ဂရုစိုက်ကြပါ၊

ပြီးတော့ အခုက အနားနားမှာ အခွင့်အလမ်းတွေ သိပ်ပေါနေတယ်၊ ပြောရရင်တော့ မိန်းမ၊ မူးယစ်ဆေးဝါး စသည်အားဖြင့် ကိုယ်ကျင့်တရားနဲ့ ကျန်းမာရေးကို ပြိုကျသွားစေတဲ့ ဆွဲဆောင်မှုတွေ၊ မြှူဆွယ်မှုတွေ အများကြီးပေါ်နေတယ်။ အဲဒါတွေကို ကျော်ဖြတ်ပြီးတော့ “တို့ဟာ အနာဂါတ်ကို ပိုင်တယ်”ဆိုတဲ့ အဲဒီစိတ်ကို တကယ် ရင်ထဲမှာ ဝင်စေချင်ပါတယ်။ မဟုတ်တာတွေနဲ့ အချိန်မကုန်စေချင်ပါဘူး။ အဲဒါလေးပါပဲ၊ အကြံပေးစကားပါ၊ သူတို့ထက်အသက်ကြီးတဲ့ လူကြီးတယောက်အနေနဲ့ သူတို့ကို ပြောတဲ့ စကားပါ၊ ဆုံးမသြဝါဒကြီး မဟုတ်ပါဘူး။





~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved