တဆင့်ချင်း တိုးတက်ရန် လိုသော ကန် - မြန်မာ ဆက်ဆံရေး

Thursday, December 15, 2011

~














အောင်နိုင်ဦး
The Voice ဂျာနယ် အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတဲ့ အမေရိကန် မြန်မာ ဆက်ဆံရေး သုံးသပ်ချက်ဆောင်းပါး ဖြစ်သည်။
http://thevoicemyanmar.com/index.php?option=com_content&view=article&id=930:2011-12-06-17-13-06&catid=35:perspective&Itemid=56

လာမည့် ဒီဇင်ဘာ လဆန်းတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကလင်တန် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တဦး အနေဖြင့် နှစ်ပေါင်း ၅၀ အတွင်း ပထမဦးဆုံး အကြိမ် လာရောက်မှု ဖြစ်သည်။ သမိုင်းဝင် အလည်အပတ်ဟု ပြောနေကြသည်။

ကလင်တန် လာမည် ဆို၍ ကျွန်တော် ဝမ်းသာမိသည်။ ကျွန်တော့် အနေဖြင့် ကန် - မြန်မာ ဆက်ဆံရေး ပြေလည်မှုကို အထူး လိုလားသူ ဖြစ်သည်။ အစဉ်တစိုက်လည်း ပြောနေခဲ့သည်။

ထိုင်းနိုင်ငံ၌ ဖြစ်စေ၊ ဝါရှင်တန်၌ ဖြစ်စေ တွေ့ဆုံခဲ့ရသော အမေရိကန် အရာရှိများကို မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အသေအချာ ပြန်လည် ထူထောင်ရန် တစိုက်မတ်မတ် တွန်းအားပေး ခဲ့သည်။ အမေရိက၏ မြန်မာ နိုင်ငံအပေါ် ထားသော မူဝါဒမှာ လက်တွေ့ မဆန်ကြောင်း ထောက်ပြခဲ့သည်။

၂၀၀၈ ခုနှစ်တွင် အမေရိကန် သမ္မတ ဘွတ်ရှ် ထိုင်းနိုင်ငံသို့ လာရောက် ခဲ့သည်။ သူက ပြည်ပရောက် နိုင်ငံရေး အဖွဲ့များနှင့် နေ့လယ်စာ စားခဲ့သည်။ နိုင်ငံရေး အဖွဲ့အစည်းများတွင် မပါဝင်တော့ သော်လည်း ကျွန်တော့်ကိုပါ ဖိတ်ကြားခဲ့၍ သမ္မတ ဘွတ်ရှ်နှင့် နေ့လယ်စာ စားရင်း စကားပြောခွင့် ရခဲ့သည်။

ဘန်ကောက်ရှိ အမေရိကန် သံရုံးမှ သံအရာရှိက ကျွန်တော့်အား ထမင်းစားပွဲသို့ ဖိတ်စဉ်က ကျွန်တော်က အမေရိကန်ရဲ့ မြန်မာ နိုင်ငံအပေါ် ထားတဲ့ မူဝါဒကို မကြိုက်ဘူး၊ သမ္မတကို ပွင့်ပွင့်လင်းလင်း ဝေဖန်လို့ ရမလားလို့ မေးတော့ သူက ရယ်ပြီး သံတမန်ဆန်ဆန် ဝေဖန်ရင်တော့ ရပါတယ်လို့ ပြန်ပြောခဲ့တာ မှတ်မိနေသည်။

ထမင်းစားပွဲတွင် တက်ရောက်သော မြန်မာ အတိုက်အခံများ အားလုံး နီးပါးက သမ္မတ ဘွတ်ရှ်အား မြန်မာ စစ်အစိုးရကို ဖိအားပေးရန် တောင်းဆို ကြသည်။ ကျွန်တော်က မြန်မာ စစ်အစိုးရနှင့် စကားပြောရန် တိုက်တွန်းသည်။

ဘွတ်ရှ်က သူ့အနေနှင့် (ဆူဒန်သမ္မတ) ဘာရှီယာနှင့် စကားပြောခဲ့ ဖူးသည်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်တော့ မပြောလိုဟု ကျွန်တော့်အား ပြန်ပြောခဲ့သည်။

ဘာရှီယာမှာ ဆူဒန်နိုင်ငံ ပြည်တွင်းစစ် နှစ်အနည်းငယ် အတွင်း လူနှစ်သိန်းကျော် သေစေရန် တာဝန်ရှိသည်ဟု ယူဆသည့်အတွက် ICC ခေါ် အပြည်ပြည်ဆိုင်ရာ တရားရုံးတော်မှ တရားစွဲဆို၊ ဖမ်းဆီးရန် ဝရမ်းထုတ်ခံ ထားရသူ ဖြစ်သည်။

ဘွတ်ရှ် စကားကြောင့် ကျွန်တော့်စိတ်ထဲ ကသိကအောက် ဖြစ်ခဲ့ရသည်။ Double standard ဟု ထင်မိသောကြောင့်ပင်။

သို့သော် ဘွတ်ရှ် သမ္မတသက်တမ်း မကုန်မီမှာပင် မြန်မာနိုင်ငံ မူဝါဒကို ပြောင်းရန် ခြေလှမ်းစနေပြီ ဖြစ်သည်။ နာဂစ် မုန်တိုင်းကာလ အတွင်း အမေရိကတို့သည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပြန်လည် ထူထောင်ရန် လိုကြောင်း နားလည်ခဲ့ရသည်။

ကယ်ဆယ်ရေး ပစ္စည်းများ၊ ရိက္ခာများနှင့် အဆင်သင့် ဖြစ်နေသော အမေရိကန် ကယ်ဆယ်ရေး စစ်သင်္ဘောများ မြန်မာနိုင်ငံ ရေပိုင်နက် အတွင်းသို့ ဝင်ခွင့် မရခဲ့။ နာဂစ် ဒုက္ခသည်များ အတွက် အကူအညီ ပစ္စည်းများကို သွားရောက် ပေးပို့သော အမေရိကန် ပစိဖိတ်ဒေသ ရေတပ်တပ်မှူး အက်မရယ် ကီတင်း (Admiral Keating) နှင့် ထိုင်းနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် အဲရစ်ဂျွန်တို့ ရန်ကုန်တွင် ၃ နာရီကျော် မျှသာ နေခွင့် ရခဲ့သည်။

နောက်ဆုံး ဘွတ်ရှ် သမ္မတ သက်တမ်း မကုန်မီ ခြောက်လ အလိုတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံ မူဝါဒ ပြောင်းလဲရေးကို စတင်ပြင်ဆင် နေခဲ့ပြီ ဖြစ်သည်။

သမ္မတ ဘွတ်ရှ်အပြီး သမ္မတ အိုဘားမား တက်လာသော်လည်း ကန် - မြန်မာ ဆက်ဆံရေး လိပ်ခဲတည်းလည်း ဖြစ်နေ ခဲ့သည်။ သို့သော် မနှစ်က ရွေးကောက်ပွဲ နှင့်အတူ ပေါ်ပေါက်လာသော ဒီမိုကရေစီ စနစ်ကြောင့် မြန်မာ နိုင်ငံအတွင်း အပြောင်းအလဲများ စတင် လာသည်။ ယင်းသည်ပင် ကန် - မြန်မာ ဆက်ဆံရေး ပြန်လည် ဦးမော့ရန် လမ်းခင်း ပေးခဲ့သည်။

လွန်ခဲ့သည့် ခြောက်လခန့်မှစ၍ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်လာပြီး နောက်ပိုင်း အမေရိကန် အရာရှိများ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မှုများ စိပ်လာသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း ဝါရှင်တန်၊ နယူးယောက် တို့တွင် အမေရိကန် အစိုးရ အရာရှိများနှင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့သည်။

ယခု ကလင်တန် လာတော့မည်။ နှစ်နိုင်ငံလုံးက ဆက်ဆံရေး ပိုမို ကောင်းမွန် လာစေရန် ဆန္ဒရှိနေသည့် အချက်မှာ သံသယဖြစ်ဖွယ် မရှိပါ။

ကလင်တန် လာရုံဖြင့် ကန် - မြန်မာ ဆက်ဆံရေး ပြေလည်သွားမည် မဟုတ်။ စီးပွားရေး ပိတ်ဆို့မှုကိုလည်း ရုပ်သိမ်း သွားမည် မဟုတ်။ ဆက်ဆံရေး ကောင်းမွန်ရန် အလားအလာ ကောင်းသော ခြေလှမ်းအစသာ ဖြစ်နိုင်သည်။ အမေရိကတို့ အနေဖြင့် လူ့အခွင့်အရေး ကိစ္စရပ်များ၊ ဒီမိုကရေစီရေးများကို ဆွေးနွေးမည် ဖြစ်သည်။ ယင်းတို့သည် အမေရိက တို့၏ မြန်မာနိုင်ငံပေါ် ထားရှိသော မူဝါဒ၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ တိုင်းရင်းသားများနှင့် အပစ်အခတ် ရပ်စဲရေးများကို တောင်းဆိုမည် ဖြစ်သည်။ အထူးသဖြင့် ကချင်ကိစ္စကို အထူး ပြေလည်စေချင် ကြသည်။

မြန်မာနိုင်ငံ ဘက်မှလည်း အမေရိကန်တို့မှာ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော ဖက်ဒရယ် အထွေထွေ ပိတ်ဆို့ရေး ဥပဒေ ငါးခုနှင့် သမ္မတ၏ ပိတ်ဆို့မှု အမိန့် လေးခုတို့ကို ရုပ်သိမ်းပေး စေလိုသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ တိုးတက်မှုသည် အမြန်အဆန် မဖြစ်နိုင်။ အလားတူပင် တိုင်းရင်းသားများနှင့် ပြေလည်ရေး သည်လည်း တဆင့်ချင်း သွားရမည့် ကိစ္စရပ်များ ဖြစ်သည်။ မြန်မာ အစိုးရဘက်မှ ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံ နေရသောအကျဉ်းသားများ လွှတ်ပေးရန် လိုသည်။

တိုင်းရင်းသားများနှင့် ပြေလည်ရေးကို အစိုးရက ဆောင်ရွက်နေသည်။ ပထမဦးဆုံး အနေဖြင့် အပစ်အခတ် ရပ်စဲရေးကို ဆောင်ရွက်နေသည်။ လွန်ခဲ့သည့် တပတ်က မြန်မာအစိုးရ ကိုယ်စားလှယ် မီးရထား ဝန်ကြီး ဦးအောင်မင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သော ရှမ်း၊ ကရင်၊ ချင်း၊ ကယားနှင့် ကချင် ခေါင်းဆောင်များဖြင့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့သည်။ SSA နှင့် ငြိမ်းချမ်းရေး ရတော့မည်။ ဆွေးနွေးပွဲများကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရ သော်လည်း နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့သော ပြည်တွင်းစစ်ကို နေ့ချင်းညချင်း ရပ်ရန် မလွယ်ကူဟု ကျွန်တော် နားလည်သည်။ တထစ်ချင်း သွားရမည် ဖြစ်သည်။ ဤ အခြေအနေများကို အမေရိကတို့ အနေဖြင့် နားလည် အသိအမှတ် ပြုရမည် ဖြစ်သည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ ရာထူးကို လက်ခံယူသော အခါ၌ မြန်မာနိုင်ငံ၏ဆက်ဆံရေးသည် တကမ္ဘာလုံးနှင့် ပုံမှန် ဖြစ်သွားပြီဟု ဆိုနိုင်ပါမည်။ ထို့အပြင် ၂၀၁၄ အပြီး ၂၀၁၅ ခုနှစ် တွင် AEC ခေါ် အာဆီယံ စီးပွားရေး အသိုက်အမြုံလည်း ဖြစ်လာရန် ရှိနေသည်။ ယခုအခါ အနောက်နိုင်ငံများ အနေဖြင့် AEC အောင်မြင်ရေး အတွက် အကူအညီ ပေးနေသည် ဖြစ်ရာ အာဆီယံ အနေဖြင့် ကန် - မြန်မာ ဆက်ဆံရေး ပိုကောင်းလာစေရန် အထူး လိုလားနေပါသည်။ ဆက်ဆံရေး မပြေလည်ပါက ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များ အတွက် ပြဿနာများ တက်လာနိုင်စရာ ရှိပါသည်။

ထို့ကြောင့် မြန်မာ - အာဆီယံ ဥက္ကဋ္ဌ ရာထူးနှင့် AEC ဘက်မှ ကြည့်လျှင်လည်း ကန် - မြန်မာ ဆက်ဆံရေး ကောင်းမွန်ရန် အရေးပါ လာကြောင်း သိသာလှ ပါသည်။ AEC ကိစ္စ ကူညီရန် အမေရိကဘက်မှ ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများကို ပုံစံပြောင်းရန် လိုအပ်မည်။ မြန်မာနိုင်ငံ၏ အာဆီယံ ဥက္ကဋ္ဌ ရာထူးနှင့် AEC ဖြစ်ပေါ်ရေးအတွက် တာဝန်ယူမှု တို့သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးများ တိုးတက် ဖြစ်ပေါ်မှု၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတို့နှင့် တိုက်ရိုက် အချိုးကျနေရာ အမေရိကတို့ အနေဖြင့် လက်တွေ့ကျကျ ကူညီရန် လိုအပ်ပေသည်။

မြန်မာနိုင်ငံ အပေါ် အမေရိကမှ စီးပွားရေး ပိတ်ဆို့မှုများကို ကျွန်တော် ထောက်ခံခဲ့ဖူး ပါသည်။ ထိုစဉ်က ထိုပိတ်ဆို့မှုများ၏ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် မြန်မာ နိုင်ငံအတွက် အခက်အခဲများနှင့် ပထဝီနိုင်ငံရေး ချိန်ခွင်လျှာ ပြောင်းလဲနိုင်မှုများကို ကျွန်တော် မစဉ်းစားခဲ့ပါ။ စစ်အစိုးရအား အပြစ်ပေးရေး ကိုသာ စဉ်းစားခဲ့ပါသည်။ အတိုက်အခံများလည်း ကျွန်တော် ကဲ့သို့ပင် ဖြစ်မည်ဟု ယူဆပါသည်။ သို့သော် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တိုးတက်မှုကို ထိန်းသိမ်းရန် စီးပွားရေး တိုးတက်မှုလည်း လိုအပ်သည်။

ထို့အတွက် ဆူးငြောင့် ခလုတ် ဖြစ်နေသော စီးပွားရေး ပိတ်ဆို့မှုများကို ဖယ်ရှားရမည်။ မြန်မာ အစိုးရနှင့် မြန်မာနိုင်ငံ အတိုက်အခံ ပါတီများ အားလုံး ပူးပေါင်း ဆောင်ရွက်ရန် လိုသည်။ (The country heeds the help of ethic groups as well.) ထိုသို့ ပူးပေါင်းမှုတွင် အမေရိကတို့၏ ထဲထဲဝင်ဝင် ပါဝင်မှုလည်း လိုအပ်သည်။

ဗီယက်နမ်နှင့် အမေရိကန်တို့ ဆက်ဆံမှု ပြေလည်ရေး အတွက် တထစ်ချင်း တိုးတက်အောင် ပူးပေါင်း ဆောင်ရွက်မှု ကဲ့သို့ပင် ကန် - မြန်မာ ဆက်ဆံရေးကိုလည်း တထစ်ချင်း ဆောင်ရွက်ရန် လိုပါသည်။

အထက်တွင် ဖော်ပြခဲ့သလို ၂၀၁၄ ခုနှစ်ကို နောက်ဆုံးအဆင့် ပြေလည်ရေးနှစ် အဖြစ် ရည်မှန်းချက် ထားသင့်သည်။ ထိုအဆင့်သို့ ရောက်ရန် ပူးပေါင်း ဆောင်ရွက်ရေး ဒိုင်ယာလော့၊ အပြန်အလှန် အလျှော့ပေးမှုများ အလေးထား ဆောင်ရွက်ရန် လိုသည်။ မိမိတို့၏ ရပ်တည်ချက်များ ပေါ်တွင် စုံရပ်နေမှုများ ရှောင်သင့်သည်။ အဘယ်ကြောင့် ဆိုသော် ကန် - မြန်မာ ဆက်ဆံရေး ကောင်းမွန်မှုသည် မြန်မာနိုင်ငံ တခုလုံး၏ အကျိုးစီးပွား ဖြစ်နေသောကြောင့်ပင်။

(အောင်နိုင်ဦးသည် ဗဟုဖွံ့ဖြိုးမှု အဖွဲ့၏ ဒုတိယ ဒါရိုက်တာ ဖြစ်သည်။ ဤဆောင်းပါးပါ အချက်အလက်များသည် သူ၏ အာဘော်များသာ ဖြစ်၍ ဗဟုအဖွဲ့၏ အာဘော်များ မဟုတ်ပါ။)




~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved