ပြည်တော်မြင့်
ကရင်သက္ကရာဇ် ၂၇၅၁ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၁၁ ဒီဇင်ဘာလ ၂၅ ရက် ယနေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကရင်အမျိုးသားထုအတွင်း စည်းလုံးညီညွတ်မှုပြန်လည်ရရှိရန် ရည်ရွယ်ချက်ဖြင့် မဲဆောက်မြို့ အပါအ၀င် ထိုင်း-မြန်မာနယ်စပ်တွင် နေရာဒေသများအလိုက် ကျင်းပပြုလုပ်ခဲ့ကြသည်။
ကရင်အမျိုးသားများ အများအပြားနေထိုင်သည့် မဲဆောက်မြို့၏ ကရင်နှစ်သစ်ကူးပွဲတော်ကို CDC မြန်မာရွှေ့ပြောင်း အထက်တန်းကျောင်းတွင် ကောက်သစ်စားပွဲနှင့်အတူ ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားရေးဆိုင်ရာဟောပြောပွဲများ ကရင်ရိုးရာအကနှင့် တေးသီချင်းသီဆိုပွဲများ၊ အားကစားပွဲများနှင့် အခြား ပျော်ပွဲရွှင်ပွဲများ ထည့်သွင်း ကျင်းပခဲ့ကြသည်။
အခမ်းအနား သဘာပတိအဖွဲ့ဝင် တဦးဖြစ်သည့် ဆရာမန်းရွှေနှင်းက"ကရင်အမျိုးသားထုအတွင်းမှာ စည်းလုံး ညီညွတ်မှုပြန်လည်ရရှိဘို့အတွက် နှစ်စဉ် ကျင်းပပြုလုပ်ရတာဖြစ်တယ် ကရင်တွေ စည်းလုံးညီညွတ်မှု မရှိတဲ့အတွက် အခုလို တိုင်းတပါးမှာ လာရောက်ခိုလှုံနေကြရ တဲ့ အခြေအနေတွေက အားလုံးမျက်မြင်ဘဲ ဒါကြောင့် ကရင်တွေ အမျိုးသားရေးကို မျက်ခြေ မပြတ်ဘဲ စည်းစည်းလုံးလုံး တိုင်တိုင်ပင်ပင်နဲ့ လက်တွဲ လုပ်ဆောင်ကြဘို့ ဒီနှစ်သစ်ကူးနေ့ မှာ ထပ်လောင်း တိုက်တွန်းရတာဖြစ်တယ်" ဟုဧရာဝတီသို့ပြောသည်။
၎င်းက"မယ်လဒုက္ခသည်စခန်းမှာ ဒီနေ့ ကရင်နှစ်သစ်ကူးနေ့ လုပ်တယ် ကရင်တွေလာကြ တာစခန်းဘောလုံးကွင်း အပြည့်ဘဲ။ ကောက်သစ်စားပွဲပါတယ်။ ရိုးရာအကနဲ့အခြားယဉ် ကျေးမှုဓလေ့တွေ၊ ပျော်ပွဲရွှင်ပွဲတွေ လုပ်ခွင့်ရပေမဲ့၊ ကရင့်အမျိုးသား အလံတင် အခမ်းအနား ကိုလုံးဝလုပ်ခွင့်မရဘူး ဒီစခန်းမှာနှစ်သစ်ကူးပွဲကိုကျနော်တက်လာတာ ၁၅ နှစ်ကျော်ပြီး၊ အနှစ်သာရပြည့်ဝတဲ့နှစ်သစ်ကူးပွဲကိုတော့ ကိုယ့်မြေကိုယ့်ရေပြန်ရောက်မှဘဲ အားရပါးရ ဆင်နွဲရတော့မယ် လက်ရှိ အချိန်မှာတော့ ကိုယ့်မွေးရပ်မြေငြိမ်းချမ်းဘို့ဘဲ ဆု တောင်းနေရတယ်"ဟုပြောသည်။
ကရင်နှစ်သစ်ကူးနေ့တွင် လွှင့်တင်သည့် ကရင်အမျိုးသားအလံသည် အနီ၊ အဖြူ၊ အပြာ ရောင်များဖြင့် ခြယ်သထားပြီး တက်သစ်စနေ၀န်းနှင့် ဖားစည်ပုံတို့ကိုထည့်သွင်းထားသည်။
ယနေ့ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားများကို ထိုင်းမြန်မာ-နယ်စပ်တာ့ခ်ခ ရိုင်နယ်စပ် တလျှောက်ရှိ မဲဆောက်တွင် ၅ နေရာအပါအ၀င်၊ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ စသည့်ဒု က္ခသည် စခန်းများနှင့် မယ်ဟောင်ဆောင်ခရိုင် နယ်စပ်ရှိ မယ်ရာမိုနှင့် မယ်လာအူးဒုက္ခသည် စခန်းများတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ထိုင်း-မြန်မာနယ်စပ်မြ၀တီခရိုင်ရှိ မြ၀တီမြို့၊ ဝေါ်လေမြို့နယ်ခွဲ၊ ရွှေကုက္ကိုလ်ကျေးရွာများ တွင်၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မတော် DKBA ကလို့ထူးဘော တပ်ဖွဲ့၊ ကရင်နယ်ခြားစောင့် တပ်ဖွဲ့များနှင့် ခရိုင်ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့များကလည်း သက်ဆိုင်ရာဒေသများ အလိုက် ကရင်နှစ်သစ်ကူးပွဲတော်များကျင်းပခဲ့ကြပြီး ဒေသခံများအပြင် ထိုင်းဘက်ခြမ်းသို့ ရောက်ရှိနေကြသည့် ကရင်များလည်း သွားရောက်အားပေးခဲ့ကြသည်။
ကရင်ပြည်နယ်ဖားအံမြို့တွင်လည်း ယနေ့ ကျရောက်သည့်ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ပွဲတော်တရပ်ကို ကရင်ပြည်နယ်အစိုးရက စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ပြီး ကရင့်ရိုးရာ ဒုံးအကနှင့် တေးသီချင်း သီဆိုပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ၊ အပါအအ၀င် အခြား ပျော်ပွဲရွှင်ပွဲများကို၊ အခပေး ရုပ်သံလိုင်းဖြစ်သည့် Sky Net လိုင်းက ပွဲတော် အစီအစဉ်များ အလိုက် တနိုင်ငံလုံးသို့ တိုက်ရိုက်ထုတ်လွင့်ပြသခဲ့သည်။
ကရင်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံတွင် အစိုးရ အသိအမှတ်ပြုခဲ့သည့် ပထမဆုံးနေ့ရက်အ ဖြစ် ကရင်သက္ကရာဇ် ၂၆၇၇ ခုနှစ် သလေတိုင်ခုတ်ဖိုးလဆန်း ၁ ရက်၊ မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ် ပြာသိုလဆန်း ၁ ရက် ခရစ်သက္ကရာဇ် ၁၉၃၈ ခုနှစ်ဇန်န၀ါရီလ ၁ ရက်နေ့ဖြစ်ကာ၊ ယနေ့ထိတိုင် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်မပျက် ကျင်းပလျက်ရှိသည်။
(ယနေ့မဲဆောက်တွင် ပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲတော် မှတ်တမ်း ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
0 comments :
Post a Comment