ဗားကလက်ဟာဘယ်လ် ကွယ်လွန်

Sunday, December 18, 2011

~








ပြဇာတ်ရေးဆရာ၊ တော်လှန်ရေးသမား၊ နိုင်ငံခေါင်းဆောင်ဟောင်း ဗားကလက်ဟာဘယ်လ် (Vaclav Havel) ဟာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကို အပြည့်အ၀ ထောက်ခံခဲ့သူ ဖြစ်ပါတယ်။

ချက်ကိုစလိုဗားကီးယား အာဏာရှင်အစိုးရကို အကြမ်းမဖက်တဲ့နည်းနဲ့ ဖြုတ်ချရာမှာ ဦးဆောင်သူတဦးဖြစ်တဲ့ ချက် သမ္မတဟောင်း Vaclav Havel ဒီကနေ့ တနင်္ဂနွေနေ့ နံနက်ပိုင်း
ချက်နိုင်ငံမြောက်ပိုင်းက သူ့နေအိမ်မှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၅ နှစ် ရှိပါပြီ။

ချက်နိုင်ငံရဲ့ ပထမဆုံး သမ္မတဖြစ်ခဲ့သူ Vaclav Havel ဟာ သူ့နိုင်ငံရဲ့ ဒီမိုကရေစီ နဲ့ ဈေးကွက်စီးပွားရေး အသွင်ကူးပြောင်းမှု၊ နိုင်ငံကို ချက်နဲ့ စလိုဗက် အဖြစ် ငြိမ်းငြိမ်းချမ်းချမ်း ခွဲထွက်မှုတို့ကို ငြင်သာစွာ ကိုင်တွယ်ခဲ့သူဖြစ်တယ်လို့ အခုလေးတင် ထွက်လာတဲ့ AP သတင်းဌာန Vaclav Havel နာရေးသတင်းတိုမှာ ဖော်ပြထားပါတယ်။

သူဟာ မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုကို အကြွင်းမဲ့ ထောက်ခံတဲ့ ကမ္ဘာကျော်တွေထဲမှာ ပါဝင်သူတဦးပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းသူလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း Vaclav Havel တို့ကို အားကျ လေးစားသူပါ။ Vaclav Havel ရဲ့ စကားတွေကို မကြာခဏ ကိုးကား ပြောဆိုတတ်ပါတယ်။ ၁၉၉၅/၉၆ ခုနှစ် သူ့ရဲ့ နေအိမ်ရှေ့ ဟောပြောပွဲတွေမှာ Vaclav Havel ရဲ့ အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး လှုပ်ရှားမှုတွေအကြောင်း၊ ချက်သမ္မတနိုင်ငံအကြောင်းကို ၂ ပတ်ဆက်တိုက် ပြောဆိုခဲ့ပါတယ်။ ဒီနှစ်ထဲ BBC Radio 4 က ထုတ်လွှင့်သွားတဲ့ Reith Lecture အစီအစဉ်မှာလည်း ဒေါ်စုက Vaclav Havel စကားတွေကို ကိုးကားထားပါတယ်။

Vaclav Havel ဟာ မြန်မာပြည်သာမက နိုင်ငံတကာက ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို အပြည့်အ၀ ထောက်ခံသူပါ။

သူဟာ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တရုတ်အတိုက်အခံ လူရှောင်ဘိုကို လွှတ်ပေးဖို့ နောက်ဆုံးအချိန်အထိ တောင်းဆိုသွားခဲ့တာကို တွေ့ရပါတယ်။


ထိုင်းမြန်မာနယ်စပ်က လူငယ် ၂ ဦးနဲ့အတူ တွေ့ရတဲ့ Vaclav Havel (ဓာတ်ပုံ-AFP)





~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved