သတင်းတိုထွာ တွေးစရာ (ဒီဇင်ဘာ နောက်ဆုံးအပတ်)

Tuesday, December 27, 2011



စာနယ်ဇင်း လွတ်လပ်ခွင့်

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာ၌ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီမှာ အရေးပါသော အချက်တစ်ချက် ဖြစ်ပြီး စာနယ်ဇင်း လွတ်လပ်ခွင့် မရှိပါက ဒီမိုကရေစီ မရှိဟု ဆိုနိုင်ကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့် ပြော” (Source: Eleven Media Group)။ အလဲဗင်းမှာ ဖတ်ရတဲ့ သတင်းတခုပါ။

တာဝန်ရှိသူ ပြန်ကြားရေးဝန်မင်း ဦးကျော်ဆန်းက လွဲရင် မီဒီယာလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီတန်ဖိုးကို တခြားဝန်မင်းများနဲ့ အစိုးရ အဖွဲ့ဝင်များက မကြာခဏ ပြောနေသံ ကြားရပါတယ်။ စာပေစိစစ်ရေးက အရာရှိ ဦးတင့်ဆွေ (ရဲရင့်တင့်ဆွေ) ကိုယ်တိုင်တောင် စာပေစိစစ်ရေးဆိုတာ မရှိသင့်တော့ဘူးလို့ ထုတ်ပြောဖူးပါတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်သည်လည်း လွတ်ငြိမ်းချမ်းသာခွင့်လို လွတ်မှ လွတ်တယ်လို့ မှတ်ရတော့မယ့် အခြေအနေပါပဲ။


လူငယ်တွေနဲ့ အာရှ အထိအတွေ့

၂၀၁၃ အိမ်ရှင်ဆီးဂိမ်းအတွက် ဆက်ဆံရေးအရာရှိနဲ့ လုပ်အားပေးလူငယ် အရာရှိများအဖြစ် တာဝန်ထမ်းဆောင်ဖို့ လုပ်အားပေးလူငယ် ၁၂၀၀၀ လောက် အားကစားဝန်ကြီးဌာနက ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။ လျှောက်ထားသူတွေဟာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၀ ထက်မကျော်တဲ့ နိုင်ငံသားဖြစ်ရပါမယ်တဲ့။ ယောက်ျားလေးဆိုရင် အရပ် ၅ ပေ ၄ လက်မ၊ မိန်းကလေးဆိုရင် ၅ ပေ ၂ လက်မ ရှိရမမယ်၊ ရုပ်ရည်သန့်ပြန့်ရမယ်တဲ့ (Source: Flower News)။

အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ်တွေ၊ ဘွဲ့ရပြီးစ၊ ကျောင်းတက်နေဆဲ လူငယ်တွေအတွက် လက်မလွတ်သင့်တဲ့ အခွင့်အရေးတခုလို့ မြင်ပါတယ်။ အနည်းဆုံးအားဖြင့် အရှေ့တောင်အာရှက လာကြမယ့်သူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ အတွေ့အကြုံကောင်းတခု ရကြမှာပေါ့။ အာရှနဲ့သာမက နိုင်ငံတကာနဲ့ပါ ထိတွေ့ဆက်ဆံနိုင်ရေး အသင့်ဖြစ်ဖို့ လူငယ်ဂျာနယ်လစ်တွေ အပါအဝင် မျိုးဆက်သစ်တွေ အသင့်ဖြစ်နေဖို့ လိုတယ်လို့ မြင်ပါတယ်။ အစိုးရတောင် တဖြည်းဖြည်း ပြောင်းနေပြီ မဟုတ်လား။


လှအုန်းမယ် အင်တာနက်

မြန်မာနိုင်ငံအနေဖြင့် Broadband အင်တာနက်စနစ်ကို မြန်နှုန်းမြင့်စွာ အသုံးပြုနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ်နှင့် ပူးပေါင်း၍ Wireless Broadband Master Plan ကို အကောင်အထည်ဖော်ဆောင်နေကြောင်း ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသိန်းထွန်းက ပြောသည် (Source: အင်တာနက် ဂျာနယ်)။

ဒီသတင်းမျိုးကတော့ ပြည်တွင်းက အင်တာနက်ယူဆာတွေ အင်မတန်ကြားချင်တဲ့ သတင်းမျိုးပေါ့။ အင်တာနက် နှေးလွန်းလို့ အမျိုးမျိုးအဖုံဖုံ ညဉ်းတွားကြတာကို ဖေ့စ်ဘုတ်တွေ၊ ဂျီတော့ခ်တွေမှာ မြင်ရပါတယ်။

ငယ်ငယ်တုန်းက ရွာနဲ့ ဆင်ခြေဖုံးမြို့ကို ပြေးဆွဲပေးတဲ့ ဘတ်စကားကြီးကို သွားသတိရတယ်။ ရန်ကုန်မှာ ဗိုက်ပူလို့ ခေါ်တဲ့ ကားအမျိုးအစားကြီးပေါ့။ နာမည်က “လှအုန်းမယ်” တဲ့။ ဒီကားစီးတဲ့သူတွေ လှကြဦးမယ်ပေါ့။ တောကားကြီးပီပီ။ လေးတယ်၊ နှေးတယ်။ မနက်စောစော ရွာကထွက်၊ မြို့ဈေးမှာ လူစုံအောင် စောင့်ပြီးတင်၊ တအိအိနဲ့မောင်း နေစောင်းမှ ရွာပြန်ရောက်တာပေါ့။ ရွာကလူငယ်တွေက ကားကြီးနှေးကွေးလေးလံပုံကို ဟာသလုပ်တယ်။ မြို့ဈေးကနေ ငှက်ပျောသီးအစိမ်းတဖီး လှအုန်းမယ်ပေါ် တင်ပေးလိုက် ရွာရောက်ရင် အဲဒီငှက်ပျောသီးတွေ မှည့်ပြီတဲ့။ မြန်မာပြည်မှာ အင်တာနက်ကလည်း လှအုန်းမယ် ဖြစ်နေတုန်းပေါ့။

နိုင်ငံတကာ “ကား” ပြပွဲ

ကမ္ဘာကျော် နာမည်ကြီး အမှတ်တံဆိပ်များ ပါဝင်မည့် ကားပြပွဲကြီးကို မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဘဏ်များနှင့် ချိတ်ဆက်ကာ အရစ်ကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဥရောပနိုင်ငံများမှ ထုတ်လုပ်သော ကမ္ဘာကျော် ကားမျိုးစုံ အပါအဝင် ဆက်စပ်အပိုပစ္စည်းများကို တစ်နေရာတည်းတွင် စုံလင်စွာ ငါးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည် (Source: Flower News)။

ကားပြပွဲတွေ မြန်မာပြည်မှာ မကြာခဏလုပ်တာတွေ့ရတယ်။ ဒါပေသိ ကားတွေထက် ကားတွေကို ကြော်ငြာပေးတဲ့ ကားအလှမယ်ပုံတွေက အင်တာနက်ပေါ် ပိုခေတ်စားသလားလို့။ တိုစိတိုနန့် ကို့ယို့ကားယားမယ်လေးတွေကို ဓာတ်ပုံဆရာတွေ လက်စွမ်းပြတဲ့ပုံတွေပေါ့။ နိုင်ငံတကာ ကားပြပွဲဆိုတော့ ကားတွေထက် အဲဒီ ကားမော်ဒယ်တွေသာ ပြေးပြေးမြင်နေတယ်။ နိုင်ငံတကာအဆင့်မီ “ကား” မော်ဒယ်ပုံတွေ မြင်ရဦးမပေါ့။

အင်တယ်လက်ကျူရယ်

NLD မှာ Intellectual တွေ မရှိဘူး လို့ ကိုဇာဂနာက ဘန်ကောက်ရောက်တုန်း ဘန်ကောက်ပို့စ်သတင်းစာနဲ့ အင်တာဗျူးမှာ ပြောလိုက်။ ချက်ချင်းပဲ ဖေ့စ်ဘုတ်မှာ ဝက်ဝက်ကွဲသွားတယ်။ ဒီလိုပြောရပါ့မလား ရန်ထောင်သူကထောင်၊ မဟုတ်လို့လားလို့ ပြန်ပက်သူကပက်၊ ကိုဇာဂနာပြောတဲ့ အင်တယ်လက်ကျူရယ်ဆိုတာ ဒီလိုပါဆိုပြီး အဓိပ္ပာယ်ဖွင့်သူကဖွင့် တော်တော် အလုပ်ရှုပ်သွားကြပါတယ်။ ကိုဇာဂနာတို့ “လှုပ်ချက်” များ ပြောပါတယ်။ ဘာဖြစ်ဖြစ် သူ့မှတ်ချက်ကလည်း အတော် တာသွားတယ် ဆိုရပါမယ်။ NLD အတွက် စိတ်ဝင်စားဖွယ် ဝိုင်းဝန်းသုံးသပ်ချက်တွေ အင်တာနက်ယူဆာ ပြည်သူထဲက ထွက်လာတာပေါ့။ NLD က ဒါတွေ အရေးတယူ ဖတ်မဖတ်တော့ မသိပါဘူး။ ပြည်သူ့အသံဆိုတာမှာလည်း ဒါတွေက ပါတာပဲ မဟုတ်လား။

သွားကြပြီ

ဒီနှစ်ထဲ အိုစမာ ဘင်လာဒင် အသတ်ခံရတယ်၊ ကဒါဖီ အသတ်ခံရတယ်၊ ကင်ဂျုံအီးလ် သေတယ်။ ကမ္ဘာကြီးတော့ အတော်ပေါ့သွားမယ် ထင်ပါတယ်။ မြန်မာပြည်က လူတွေကတော့ တစုံတယောက်သောသူကို ဝိုင်း မျက်စောင်းထိုးနေကြလေရဲ့။ ပြည်သူ့မေတ္တာကို အဲဒီလို ခံယူရနေဆဲဆိုတာ သွားတွေးမိပါရဲ့။

ကိုခက်



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved