တသက်တကျွန်း ကျနေတဲ့ ကိုသက်နွယ်

Friday, December 23, 2011






နိုင်ငံရေးအကျဉ်းသား ကိုသက်နွယ် (ခ) ကိုငြိမ်းလူ ကျမ္မာရေး အထူးစိုးရိမ်နေရ

သတင်းထုတ်ပြန်ချက်
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်

အင်းစိန်ထောင်တွင် ထောင်ဒဏ်တသက်တကျွန်း ကျခံနေရသော ကိုသက်နွယ် (ခ) ကိုငြိမ်းလူသည် ဝေဒနာ ပြင်းထန်စွာခံစားနေရပြီး ထောင်ထဲတွင် သတိလစ်မေ့မျောသွားသည့်အတွက် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အင်းစိန် ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံ တင်ပို့လိုက်ကြောင်းသိရှိရသည်။

ကိုသက်နွယ် ခေါ်ကိုငြိမ်းလူအား ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လက်နက်များဖွက်ထားသည်ဟု စွပ်စွဲကာ နေအိမ်တွင် ၀င်ရောက်ရှာဖွေ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မည်သည့်လက်နက်မျှရှာဖွေ တွေ့ရှိခြင်း မရှိဘဲ ၂၀၀၃ ခုနှစ်တွင် ကိုသက်နွယ်၏အမဖြစ်သူ ဒေါ်မာလာနွယ်ကိုပါ ပုဒ်မ ၃၊ ၅၁/၀၃၊ ၅၂/၀၃၊ ၁၇/၁၊ ၁၃/၁ စသည့် ပုဒ်မများဖြင့် စွဲဆိုကာ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကြောရေးကာလ ထောက်လှမ်းရေး ၂၆ ၏ ညှင်းပန်းနှိပ်စက်မှုဒဏ်များကြောင့် အာရုံကြောများ ထိခိုက် ခဲ့ရသည့်အတွက် အင်းစိန်ထောင်မှ စိတ်ရောဂါအထူးကုဆေးရုံကြီးကို ၂ ကြိမ်တက်ခဲ့ရသည်။

ရန်ကုန်ပြည်သူ့ ဆေးရုံ သို့လည်း မကြာခဏ တက်ရောက်ကုသခဲ့ရကြောင်း သူ၏အမဖြစ်သူ ဒေါ်မာလာနွယ်က ပြောဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့တွင်လည်း အဆုပ်တွင်းရေ၀င်ခြင်း၊ အသည်းရောင်ခြင်းကြောင့် အင်းစိန်ဆေးရုံသို့ တက်ရောက် ခဲ့ရသည်။

အကျဉ်းထောင်တွင်း ဆေးဝါးကုသမှုနှင့် ပတ်သက်ပြီး အမဖြစ်သူ ဒေါ်မာလာနွယ်က ကိုသက်နွယ်အား အခြား တိုက်များတွင် မထားဘဲ အရူးတိုက်တွင် တဦးတည်းထားရှိကြောင်း၊ ၀န်ထမ်းများ၊ ထောင်မှုး၊ ထောင်ပိုင်များ သွားရောက်လေ့ မရှိကြောင်း၊ သတိလစ်မေ့မျောချိန်တွင် ဆေးမှုးသာလာရောက်ကြည့်ရှုကြောင်း၊ ဆေးဝါးကုသမှု မရရှိကြောင်း ပြောဆိုပါသည်။

ယခုတကြိမ် အင်းစိန်ပြည်သူ့ဆေးရုံသို့ ကုသရာတွင်လည်း ကိုသက်နွယ်မှာ လမ်းလျှောက်နိုင်ခြင်းမရှိဘဲ ၀န်ထမ်းတယောက်က တွဲခေါ်သွားရသည်။ မျက်လုံးများ ကြောင်တောင်တောင်ဖြစ်နေပြီး စကားပြောရာတွင် မပီမသ သာလျှင်ပြောဆိုနိုင်ပြီး မကြာခဏသတိလစ်နေခဲ့သည်။ အမဖြစ်သူကိုတောင် မမှတ်မိလောက်အောင်ဖြစ်နေသည်ဟု အင်းစိန်ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့သူ အမဖြစ်သူ ဒေါ်မာလာနွယ်က ထပ်မံပြောဆိုခဲ့သည်။

အေအေပီပီ၏ အတွင်းရေးမှုး ကိုတိတ်နိုင်က `အခု ကျနော်တို့နောက်ဆုံး ကြားရတဲ့ သတင်းအရဆိုရင် အင်းစိန် ပြည်သူ့ဆေးရုံကလည်း ကြပ်ကြပ်မတ်မတ် ကုသပေးမှုမရှိတာကြောင့် ကိုသက်နွယ်ရဲ့ ကျမ္မာရေးအခြေအနေက အသက်အန္တရာယ်စိုးရိမ်နေရတဲ့ အခြေအနေ ရှိနေပါတယ်။ ကိုသက်နွယ်လို ကျမ္မာရေးအထူးဆိုးဝါးတဲ့လူတွေကို အစိုးရအနေနဲ့ အချိန်ဆိုင်းမနေဘဲ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လိုပါတယ်` ဟု ပြောဆိုလိုက်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်
ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဇော်ထွန်း (အလုပ်အမှုဆောင်) +၆၆ (၀) ၈၉ ၉၅၂ ၇၃၄၀

1 comments :

  1. Anonymous said... :

    ကိုငြိမ်းလူဆီ တိုက်ရိုက်လှူလို့မရဘူးလား... အေအေပီပီကို ပေးရမှာလား ... အဟင့် ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved