အိန္ဒိယအစိုးရနဲ့ Social Network စစ်ပွဲ

Wednesday, December 7, 2011



Facebook, Twitter, Youtube, Google, Yahoo စတဲ့ လူမှုဆက်သွယ်ရေးကွန်ယက်က တာဝန်ရှိသူတွေနဲ့ ရက်ရှည်လများ ဆွေးနွေးမှုတွေအပြီးမှာတော့ အိန္ဒိယအစိုးရဟာ သူ့နိုင်ငံတွင်းမှာ ဒီ လူမှုဆက်သွယ်ရေးကွန်ယက်တွေကို ထိန်းချုပ်ဖို့ နည်းလမ်းတွေချမှတ်သွားမယ်လို့ ပြောလိုက်ပါတယ်။

နိုင်ငံခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ ဘာသာရေးကိုထိပါးပုတ်ခတ်တဲ့ ပိုစ့်တွေ၊ ကောမန့်တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို လူမှုဆက်သွယ်ရေးကွန်ယက်တွေမှာ မတင်ခင် စိစစ်တဲ့ စနစ်ကို သုံးဖို့၊ ဒီကွန်ယက်တွေကို သုံးသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်ဆေးနိုင်ဖို့တွေအထိ လုပ်မယ်လို့ ဆက်သွယ်ရေးဝန်ကြီး ကပီလ်း ဆီဘာလ်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းတုန်းကစပြီး ဘာသာရေးဆိုင်ရာထိပါးတဲ့ ဓာတ်ပုံတွေ လူမှုကွန်ယက်ထဲမှာ ပြန့်နှံ့နေတာနဲ့ ပတ်သက်လို့ ဒါဟာ ဘာသာရေး အဓိကရုဏ်းတွေအထိ ဦးတည်သွားနိုင်တယ်ဆိုပြီး ဒီလိုပုံတွေတင်ခွင့်မပေးဖို့ လူမှုဆက်သွယ်ရေးကွန်ယက်တွေနဲ့ ဆက်သွယ်ရေးဝန်ကြီးက ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ဒီလိုထိပါးပုတ်ခတ်တဲ့ ပိုစ့်တွေကို အရင်ဆုံးစိစစ်ပြီးမှ တင်ဖို့၊ အကြမ်းဖက်သမားလို့ သံသယရှိတဲ့သူတွေရဲ့ လူမှုကွန်ယက်ပေါ်က အချက်အလက်တွေကို ပေးဖို့ အိန္ဒိယဆက်သွယ်ရေးဝန်ကြီးက တောင်းဆိုခဲ့ပေမယ့် လူမှုကွန်ယက်တွေက သဘောမတူခဲ့ဘူးလို့ ဆိုပါတယ်။

အစိုးရအဖွဲ့ တာဝန်ရှိသူတွေကတော့ သဘောတူညီချက်မရတဲ့အတွက် အတော်လေးကို စိတ်ဆိုးနေကြပါတယ်။ နိုင်ငံလုံခြုံရေးအတွက် အစိုးရက စိုးရိမ်ပူပန်မှုကို လူမှုကွန်ယက်တွေက အလေးအနက်မထားကြဘူးလို့ ပြောကြပါတယ်။

ဆက်သွယ်ရေးဝန်ကြီးရဲ့ လူမှုဆက်သွယ်ရေးကွန်ယက်တွေကို ထိန်းချုပ်မယ့်အကြံအစည်ကို ဝေဖန်ကြသူတွေက ဒီလုပ်ရပ်ဟာ တရုတ်နိုင်ငံက ကွန်ယက်တွေကို ထိန်းချုပ်ထားတာကို အတုယူတာဖြစ်တယ်၊ တရုတ်နိုင်ငံကို အတုယူတာ အင်မတန်မှားယွင်းတယ်၊ တရုတ်နိုင်ငံမှာ လွတ်လပ်စွာပြောဆိုခွင့်မရှိတာကို အိန္ဒိယက အမြဲ ထောက်ပြဝေဖန်နေပေမယ့် အခုဖြစ်ရပ်ကတော့ အပြောတခြား အလုပ်တခြားဖြစ်နေတယ်လို့ ဝေဖန်ကြပါတယ်။

လူမှုဆက်သွယ်ရေးကွန်ယက်တွေနဲ့ အစိုးရရဲ့ တင်းမာနေမှုတွေကြောင့် ဒီကွန်ယက်အဖွဲ့တွေ အိန္ဒိယမှာ ရင်းနှီးမြုပ်နှံနေတာတွေကို ရုပ်သိမ်းသွားမှာ၊ ထိခိုက်မှာတွေကို စိုးရိမ်နေတာတွေလည်း ရှိပါတယ်။

လက်ရှိအာဏာရ ကွန်ဂရက်ပါတီက အမတ်တချို့ကတော့ ဒီလိုလုပ်တာ သင့်လျော်တယ်လို့ ဆိုကြပြန်ပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့အချက်အလက်တွေ ဖလှယ်တာမျိုး၊ နိုင်ငံရေးကိစ္စ အခြေအတင်ဆွေးနွေးတာမျိုးကို လက်ခံပါတယ်၊ ဒါပေမယ့် ဘာသာရေးနဲ့ နိုင်ငံခေါင်းဆောင်တွေကို ပုတ်ခတ်တာတွေကိုပဲ ထိန်းချုပ်မှာဖြစ်လို့ ဒါဟာ လုပ်သင့်တယ်လို့ ထောက်ခံသူတွေက ပြောကြပါတယ်။

အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်တယ်ဆိုပေမယ့် ပြည်နယ်ခွဲထွက်ရေးသူပုန်တွေအရေး၊ ဘာသာရေးအစွန်းရောက်တွေအရေး၊ အကြမ်းဖက် တိုက်ခိုက်ရေးသမားတွေအရေးကို အမြဲပူပန်နေရပြီး ဒီကိစ္စတွေက အစိုးရကို အမြဲတစေ ခေါင်းခဲစေတဲ့ ပြဿနာတွေပါ။

ဒီရက်ပိုင်း၊ အိန္ဒိယတိုင်းသားတို့ရဲ့ Facebook နဲ့ Twitter တွေမှာတော့၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်အခွင့်အရေးနဲ့ အိန္ဒိယနိုင်ငံရဲ့ ဒီမိုကရေစီဆိုတာ ဘာလဲ၊ အစရှိတာတွေကို အပြန်အလှန် စကားစစ်ထိုးကြတာတွေ၊ ဆွေးနွေးပြောဆိုတာတွေနဲ့ ပလူပျံလို့နေပါတယ်။
-------------

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved