ဒီကနေ့ အကျဉ်းသားတွေ လွတ်တဲ့နေ့ ဖြစ်ပါတယ်။
အင်းစိန်ထောင်မှ အကျဉ်းသား လွတ်မြောက်မှု အခြေအနေကို မြစ်မခ မီဒီယာက အခုလို ဖော်ပြထားပါတယ်။
ဇန်န၀ါရီ ၃ ရက်နေ့ အင်းစိန်ထောင်မှ အကျဉ်းသား ၉၄၃ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့၊
အကျဉ်းသား ၈၀၄ ဦးနှင့် အကျဉ်းသူ ၁၃၀ ဦးတို့ဖြစ်ပြီး
အဆိုပါ ၉၀၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသား ၃ ဦးသာ ပါဝင်ခဲ့သည်။
ပထမတစ်ဦးဖြစ်သူ ဦးကြည်သန်း (၈၈)ွင် အသင်းအဖွဲ့ဥပဒေဖြင့် ထောင်ဒဏ် (၉)နှစ်ကျခံခဲ့ရသူဖြစ်ပြီး ထောင်တွင်း၌ (၄)နှစ် (၄)လ နေခဲ့ရသူဖြစ်သည်။
ဒုတိယတစ်ဦးမှာ ကိုသန်းနိုင်ဦး (NLD မန္တလေးတိုင်းတာဝန်ခံ) ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပုံနှိပ်စက္ကူဥပဒေဖြင့် ထောင်ဒဏ် (၃)နှစ် ကျခံခဲ့ရကာ ထောင်တွင်း၌ (၁) နှစ် (၃)လ နေခဲ့ရကြောင်း၊
တတိယ တဦးမှာ ဦးစောဆေးကလဲတို့ဖြစ်ကြောင်း အင်းစိန်ထောင်ရှေ့ရောက် မြစ်မခ သတင်းထောက်က သတင်းပေးပို့ပါသည်။
အကျဉ်းသားများလွှတ်ပေးမှုဟာ သမ္မတရဲ့အမိန့်နဲ့ပေါ့လေ၊ ဒါပေမယ့် ထိပ်ပိုင်းအာဏာအရှိဆုံးလူတစုရဲ့သဘောတူညီမှုနဲ့ ဒီအမိန့်ထွက်လာတာလို့ ထင်ပါတယ်၊ ပြောချင်တာက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို သွားနေတဲ့နေရာမှာ ဘယ်လောက်ထိ မြန်မြန်ဆန်ဆန်နဲ့ ထိရောက်မှုရှိသလဲဆိုတာ အဆိုပါထိပ်ပိုင်းက လူတစုရဲ့သဘောထားဆုံးဖြတ်ချက်က အခရာဖြစ်နေပါတယ်၊ တိုင်းပြည်ရဲ့ကံကြမ္မာက သူတို့လက်ထဲမှာလို့ ပြောရမှာပါ၊ သူတို့တရားဝင်ပြောတဲ့မိန့်ခွန်းတွေ အင်တာဗျူးတွေမှာ စကားလှလှနဲ့ဘယ်လောက်ပဲပြောပြော
နိုင်ငံနဲ့လူမျိုးအပေါ်ထားတဲ့စေတနာ
အောက်တန်းရောက်နေတဲ့နိုင်ငံကို တကယ် တိုးတက်စေချင်တဲ့စေတနာ မစစ်မှန်သေးဘူးဆိုတာ မနေ့ကထုတ်တဲ့ သမ္မတအမိန့်က ထင်ရှားတဲ့ သာဓကတခုပါ၊ နိုင်ငံရေးအကျဉ်းသားများအားလုံးဟာ
နိုင်ငံကိုတိုးတက်စေချင်လွန်းလို့ အများသူငါမလုပ်နိုင်တဲ့ အလုပ်တွေကိုလုပ်ရင်း မတရားပုဒ်မအမျိုးမျိုးဆင်ပြီး ထောင်ချခံနေရသူတွေပါ၊ ဒါကို ထိပ်ပိုင်းက အာဏာရှိနေတဲ့ပုဂ္ဂိုလ်တွေ ဆက်ပြီး ဗြောင်ငြင်းကွယ်နေဆဲပါ၊ ကိုယ့်နိုင်ငံသား ကိုယ့်ပြည်သူတွေအပေါ် စာနာမှုကင်းမဲ့တဲ့လုပ်ရပ်တွေ တွေ့နေရဆဲပါ။