ပါတီထောင်ရေး ၈၈ မစဉ်းစားသေး

Monday, January 23, 2012

စနေနေ့က ပြုလုပ်တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်များရဲ့ ရှင်းလင်းပွဲ (ဓာတ်ပုံ - YPI)

လင်းသန့်

မကြာခင်က အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ က မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွင် လာမည့်ကြားဖြတ်ရွေးကောက်ပွဲလွန်ကာလမှသာ အများစုပါဝင်သော နိုင်ငံရေးပါတီ တရပ်ဖွဲ့စည်းရေး စဉ်းစားသွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံရေးပါတီတရပ်အဖြစ် သွားရေးကိစ္စကို လောလောဆယ်ကျနော်တို့အနေနဲ့ မဆုံးဖြတ်နိုင်သေးဘူး။ အချိန်ကာလ တခုရောက်ရင်တော့ အဲဒီကိစ္စကို ကျနော်တို့ စဉ်းစားဆုံးဖြတ်မှာပါ။ တဦးချင်းအနေနဲ့ သက်ဆိုင်ရာ ပါတီတွေဆီ သွား ချင်တဲ့ သူလည်းသွားလို့ရတယ်။ တခြားလူမှုရေးနယ်ပယ် အကူအညီပေးရေးတွေမှာ ၀င်ရောက်လုပ်ကိုင်လို့ရပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်သူ ကိုပြုံးချိုက ဧရာဝတီကို ပြောသည်။

၈၈ ကျောင်းသားများအနေဖြင့် နယ်ပယ်အသီးသီးမှာ အားလုံး ဖြန့်ကျက်ပြီး ပါဝင်သွားမည်ဖြစ်ကြောင်း၊ လိုအပ်လာ သည့်အခါ အ၀န်းအ၀ိုင်းကြီးတခုအသွင် ချိတ်ဆက်ပြီး တယောက်နှင့်တယောက်နားလည်မှုအပြည့်ဖြင့်တည်ဆောက် ထားမည်ဖြစ်ကြောင်း၊ အကျဉ်းထောင်တွေထဲကလွတ်လာတာလည်း မကြာသေးသည့်အတွက် ကိုယ်စားပြုမှု ပိုမိုကျယ် ပြန့်လာစေရေး ဆက်လက်၍ ညီညီညွတ်ညွတ်ဖြင့် ဒီမိုကရေစီထွန်းကားရေးနှင့် လူ့အခွင့်အရေး မှတ်တမ်းကောင်းများ ဖြစ်ပေါ်ရေး သယ်ပိုးသွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေးကောက်ပွဲဝင်မည်ဟု ဆုံးဖြတ်ချက်ကို ထောက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အားပေးဝန်းရံသွားမည်ဟု ကြေညာချက်တွင် ဖော်ပြသည်။

“ဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ပိုခိုင်မာအောင် အားပေးထောက်ခံတာလဲဖြစ်တယ်”ဟု ကိုကိုကြီးက ပြောသည်။

ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သမ္မတ ဦးသိန်းစိန် အစိုးရအပါအ၀င် ဒီမိုကရေစီအင်အားစု အားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသားများက သဘောထားထုတ်ပြန်သည်။

အဆိုပါ အင်အားစုအားလုံးဆိုသည်မှာ လက်ရှိအစိုးရအပါအ၀င် လွှတ်တော် အသီးသီး၊ တပ်မတော်အင်အားစု၊ နိုင်ငံ ရေးပါတီများ၊ တိုင်းရင်းသားအင်အားစုများ စသည့် အင်အားစု အားလုံးဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက် အပိုဒ် (၈) တွင် ဖော်ပြသည်။

၈၈ မျိုးဆက်ကျောင်းသားများက ရက်သတ္တ တပတ်ကြာ ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် ဇန်န၀ါရီလ ၂၁ ရက် နေ့ နေ့လည် ၂ နာရီ က ရန်ကုန်မြို့ရှိတော်ဝင်စင်တာ၌ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ၄င်းတို့လုပ်ဆောင်ခဲ့သည်များ၊ အနာဂါတ်လုပ်ဆောင် သွားမည်များကို သဘောထားထုတ်ပြန်ခြင်းဖြစ်သည်။

ယခုအခါ သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေလျှက်ရှိသည်ကို အသိအမှတ်ပြု ပြောဆို ထားသည်။ သို့သော် မှားယွင်းသော နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးမူဝါဒများကြောင့် နှစ်ပေါင်းများစွာ စီးပွားရေး၊ ပညာ ရေး စသည်များ အဖက်ဖက်က နိမ့်ကျနေကြောင်း ထောက်ပြထားသည်။

“ကျနော်တို့ရဲ့လုပ်နိုင်ခွင့်တွေ ကျယ်ပြန့်လာတာနဲ့ အမျှ သမ္မတဦးသိန်းစိန်အပေါ် အသိအမှတ်ပြုမှုတွေကလည်း ပိုမြင့် မားလားမှာဖြစ်တယ်။ ဒီအတွက်ကြောင့် ကျနော်တို့အပေါ်မှာ ဘာမှ စိုးရိမ်စရာ မရှိဘူးလို့ ပြောချင်ပါတယ်”ဟု ကိုပြုံးချို က ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများသည် ယခင်ကတည်းက ငြိမ်းချမ်းစွာ လုပ်ဆောင်ခဲ့ပြီး အားလုံးပူးပေါင်းဆောင်ရွက်ရေး အစဉ်တစိုက်လုပ်ဆောင်လာသည့်အတွက် အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

အမျိုးသား စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော် ဂုဏ်သိက္ခာမြင့်မားလာစေရေး၊ နိုင်ငံတကာ မိသားစုများနှင့် ဆက်ဆံရေးတိုးမြင့်ရေးတို့တွင်လည်း ၈၈ မျိုးဆက်ကျောင်းသားများက အားပေးထောက်ခံသွားမည်ဟု ဆိုသည်။

“စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုဟာ နိုင်ငံကို ထိခိုက်တာတော့အမှန်ဘဲ။ ဒါပေမယ့် သက်ဆိုင်ရာ နိုင်ငံတွေက အရေးယူတဲ့ အကြောင်းရင်းတွေရှိတယ်။ ဒီအကြောင်းအရင်းတွေကို ဘယ်သူနဲ့ မဆို အတူပူပေါင်း ဖြေရှင်းသွားမယ်။ ဒါဆိုရင် သက်ဆိုင်ရာနိုင်ငံတွေကလည်း ပြန်ရုပ်သိမ်းသွားမှာပဲ လို့ မြင်တယ်”ဟု ၈၈ မျိုး ဆက် ကျောင်းသားခေါင်း ဆောင် ကိုကိုကြီးက ဧရာဝတီကိုပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုကလည်း “ကျနော်တို့နိုင်ငံ စီးပွားရေး ကျဆင်းတာက Sanction ပိတ် မထားခင်ကတည်းက ဖြစ်နေခဲ့တာပါ။ ဘာကြောင့်ဖြစ်နေခဲ့တာလဲ ပြန်ကြည့်လိုက်ရင် ကျနော်တို့ဆီမှာ အာဏာရှင် ပုံစံနဲ့သွားခဲ့တယ်။ တဦးတည်းပဲ လက်ဝါးကြီးအုပ်ထားတဲ့ပုံစံနဲ့သွားခဲ့တဲ့အတွက်ကြောင့် Sanction မရှိခင်ကတည်းက တိုင်းပြည်ဟာ စီးပွားရေးရော၊ နိုင်ငံရေးရော ချွတ်ခြုံကျနေခဲ့တာပါ”ဟု ဧရာဝတီကို ပြောသည်။

မိမိနိုင်ငံတွင်း နိုင်ငံသားအချင်းချင်း ပိတ်ဆို့ထားသည့်ကိစ္စများ ဖြေရှင်းပြီးပါက သက်ဆိုင်ရာ စီးပွားရေးပိတ်ဆို့ အရေး ယူထားသည့် နိုင်ငံများက ပိတ်ဆို့မှုဖြစ်စေသည့် အကြောင်းများမရှိတော့သည်နှင့် ရုပ်သိမ်းသွားမည်သာဖြစ်ကြောင်း သူက ဆက်ပြောသည်။

ထို့အပြင် တိုင်းပြည် ပြန်လည်ထူထောင်ရေးတွင် နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်သွားရသည့် ပြည်ပရောက် အတိုက် အခံ အင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်တော်ပြန်လာနိုင်ရေးအတွက်လည်း ပြည်ထောင်စု အစိုးရထံ အမြန်ဆောင်ရွက် ပေးရေး ၈၈ မျိုးဆက်ကျောင်းသားများက တိုက်တွန်းထားသည်။

“ပြည်ပကလူတွေ ပြန်လာချင်ပြန်လာလို့ရတယ်လို့ ပြောနေရုံနဲ့မပြီးပါဘူး။ ပြည်ပကလူတွေ ပြန်လာဖို့အတွက် ဥပဒေ တစ်ရပ်ထုတ်ပြီး တိတိကျကျဆောင်ရွက်ဖို့လိုပါတယ်။ အစိုးရအနေ နဲ့ ပြည်ပကလူတွေပြန်လာဖို့အတွက်ကို သဘော ထားကြီးကြီးနဲ့ လုပ်ဆောင်စေလိုပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားများက ဆိုသည်။

မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးတို့အတွက် အားပေးထောက်ခံကြသော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမိသားစုများနှင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ယုံကြည်စွာ အားပေးထောက်ခံ နေသူများကို အလေးအနက်ထားကြောင်း လည်း ၈၈ မျိုးဆက်ကျောင်းသားများက ဆိုသည်။

“၈၈ သွေးတွေဟာ အမိမြန်မာပြည်ထဲမှာ ဧရာဝတီဆိုတဲ့ ပင်မသွေးကြောကြီး ထဲကနေ တဆတ်ဆတ်ခုန်နေတုန်းပါ။ ၈၈ ဟာ ပြုပြင်ပြောင်းလဲလိုသူတွေ ဘက်ကလည်း လွန်ဝင်ဆွဲဦးမှာပါပဲလို ပြောလိုပါတယ်။ ကမ္ဘာပျက်မယ့်နှစ်မှာမှ ကျွန်တော်တို့ လူပြန်ဖြစ်ခွင့်ရတယ်။ ကမ္ဘာပျက်မယ့်နှစ်မှာမှ နိုင်ငံသစ်ပြန်တည်ရတယ်။ ဒီမိုကရေစီလိုလားတဲ့ လူတွေ ညီညွှတ်ကြမယ်ဆိုရင် ကမ္ဘာပျက်မယ့်နေ့မှာ နိုင်ငံသစ်တင်မကဘူးကမ္ဘာသစ်ပါ တည်လို့ရတယ်လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မိန့်ခွန်းတွင်ပြောဆိုသည်။

“နိုင်ငံရေးအကျဉ်းသားဆိုတာ ဘာလဲဆိုတဲ့မေးခွန်း၊ နိုင်ငံရေးအရ ဖမ်းဆီးထားသူများ ရှိ၊ မရှိ ဆိုတဲ့ ကိစ္စ၊ ကာယကံ ရှင်တွေ မည်သို့ပင် ရှိတယ်၊ မရှိဘူး ပြောပါသော်လည်း ပြည်သူလူထုကြီးက ဆုံးဖြတ်ပြီးသွားပါပြီ။ ပြီးခဲ့တဲ့ ၁၃ ရက်နေ့ လွတ်လာတဲ့အပေါ်မှာ သင်္ဘောဆိပ်၊ ဘူတာရုံတွေ၊ လေဆိပ်တွေ၊ ကားဂိတ်တွေမှာ ပန်းတောင်းကြီး မှောက်ကျသွား သလို လူတွေ ဒလဟော အူလှိုက်သဲလှိုက် ပြေးပြီးတော့ ကြိုကြတယ်။ အဲဒါ သူခိုး၊ ဓားပြတွေ မဟုတ်ပါဘူး။ ဘယ်လို လူစားတွေလဲဆိုတာ ပြည်သူလူထု သိပါတယ်။ ပြည်သူလူထု ဆုံးဖြတ်ပြီးသွားပါပြီ။ နိုင်ငံရေးအကျဉ်းသား ရှိ၊ မရှိ ဆို တာ”ဟု ကိုမင်းကိုနိုင်က ပြောသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved