ပြည်တွင်းစစ် ဘာလဲ ဘယ်လဲ (အပိုင်း ၂)

Friday, January 6, 2012





အပိုင်း(၁) ကို http://www.irrawaddyblog.com/2012/01/blog-post_6006.html မှာ ဖတ်ပါ။


သူပုန်ကြီး (Burma Media Wash)

အောက်ပါပထမစာပိုဒ်သည် အပိုင်း၁ နှင့် ၂ တို့ကို ချိတ်ဆက်သည့် စာကြောင်းဖြစ်သည်။

ဦးအလံမလှဲက ပြောချင်တာကို တစ်တစ်ခွခွ အ၀ ပြောပြီး၍၊ ငြိမ်သွားလေပြီ.။ ဤတွင် ဦးမင်းနိုင်မင်းက ဆွေးနွေး တင်ပြလှာ၏။

“အိမ်း .. ဦးအလံမလှဲကတော့ ချိတ်လုံး ရိတ်လုံးတွေပါမှ စကားပြောလို့ ဖြစ်သကိုး .. ဟဲ .. ဟဲ...”

ဦးမင်းနိုင်မင်းက ဦးအလံမလှဲကို မထိတထိ ကလိပြီး၊ ပြောလိုရင်းကို ဆက်လေသည်။

“ဟေး .. သူပုန်ကြီးရဲ့ .. ။ သူပုန်ကြီး တင်ပြချင်တာက တိုက်ပွဲကျတွေရဲ့ မုဆိုးမတွေ အကြောင်းပဲလား။ စစ်ရဲ့အနိဋ္ဌာရုံ အလုံးစုံကို ပေါ်လွင် ထင်ရှားလာအောင် အကောင်အထည်လိုက်, ဆွဲထုတ်မပြချင်ဘူးလား”

ဟိုက်…ဤမေးခွန်းက ကျနော် သူပုန်ကြီး ပြောချင်လွန်းသည်နှင့် ထပ်တူထပ်မျှ ဖြစ်နေလေရာ၊ ၀မ်းသာလိုက်ပါဘိ။

“အား .. အာစရိ, ရယ်။ အာစရိ ဘယ်လို မေးလိုက်ပါလိမ့်။ စစ်ရဲ့အနိဋ္ဌာရုံ အလုံးစုံကို အကောင်အထည်လိုက်, ဆွဲထုတ်ပြချင်တာက၊ အဓိကပါခင်ဗျ .. ”

“ကိုင်း. ဒါဆို ကောင်းပြီ။ ကျုပ် ဦးမင်းနိုင်မင်းကပဲ ပြည်တွင်းစစ် ဇာတ်ထုပ် ဗလချာ့, ဗလချာရဲ့ ကန့်လန့်ကာကို, ဒီမှာ’စ’ကာ, ဖွင့်လိုက်ပါပြီဗျား”

ဦးမင်းနိုင်မင်းက ခပ်ရွှင်ရွှင် နဘေထပ်ကာစကား ’စ’ ပျိုးပြီး.၊ ဤသို့ တစ်ချက်ချင်း ထောက်ပြဆွေးနွေးသည်။

“ဗိုလ်ချုပ်အောင်ဆန်းဟာ အခက်အခဲ မြောက်မြားစွာကို ကျော်လွှားပြီး .. ၊ ပြည်ထောင်စုရဲ့ အခြေခံ အုတ်မြစ် ပင်လုံစာချုပ်ကို ချုပ်ဆိုပေးခဲ့တယ် .. ။ ပြီးတော့ ..

“လွတ်လပ်ရေးရဖို့အာမခံချက်ရှိတဲ့ အောင်ဆန်း အက်တလီ စာချုပ်ကိုလည်း ချုပ်ဆိုပေးခဲ့တယ် .. ။ သို့ပေမယ့် .. ဗိုလ်ချုပ်ခမျာ လွတ်လပ်ရေး ရခါနီး လက်တကမ်း အလိုမှာ၊ လူမသမာရဲ့ လက်ချက်ကြောင့်၊ ကျဆုံးခဲ့ရရှာတယ် .. ”

ဦးမင်းနိုင်မင်းခမျာ .. ဖြစ်စဉ်ကို ပြောပြရင်းရင်ထဲ ဆို့နစ်လာ၍ပေလား။ ခဏမျှ ဆုတ်ဆိုင်းပြီးမှ၊ စကားကို ရှေ့ဆက်နိုင်၏။

“အောင်ဆန်း-အက်တလီစာချုပ်, ချုပ်ဆိုအပြီး၊ ဗိုလ်ချုပ်ဘိလပ်က ပြန်ရောက်လာတယ်။ တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေးရစေရမယ် တဲ့ .. ။ တိုင်းပြည်ကို ပြတ်ပြတ်သားသား ကတိပေးခဲ့တယ်…။ ကတိအတိုင်းပဲ လွတ်လပ်ရေးရခဲ့ပါရဲ့ .. ။ ဒါပေမယ့် လွတ်လပ်ရေးလည်း ရရော ..

ဦးမင်းနိုင်မင်းက စကားကို ရုတ်ချည်း တုန့်ကာ တန့်လိုက်သည် .. ။ ပြီးမှလေသံကို တွန်းတင်လိုက်သည်။

“ကိုင်း .. သူပုန်ကြီးရေ့ ..

“လူထုတရပ်လုံးလိုလိုက ထောက်ခံ အားကိုးတဲ့ .. အားလုံးရဲ့ ဗိုလ်ချုပ် .. .

“ထိုးထိုးထောင်ထောင်, ဗရုန်းသုန်းကား, အာဏာရူးဥစ္စာရူး အရှိန်အ၀ါရူးတွေ ၀င်ရောက် ခိုအောင်းနေတတ်တဲ့ နိုင်ငံရေးလောကကို သူမတူ ဦးဆောင်နိုင်စွမ်းတဲ့ အားလုံးရဲ့ ဗိုလ်ချုပ်…

“အဲဒီလိုလူစားမျိုး, အားလုံးရဲ့ဗိုလ်ချုပ်ကို ဆုံးရှုံးလိုက်ရတော့၊ သက်ရှိထင်ရှားရှိနေတဲ့ ခေါင်းဆောင်တွေက အတွေးအခေါ် အယူအဆ ရောင်စုံ .. ၊ တိုင်းရင်းသား မျိုးနွယ်စုရောင်စုံ .. ၊ အဲ .. .အကျင့်စရိုက်လည်း ရောင်စုံ .. ။ အဲဒီ ရောင်စုံ နိုင်ငံရေး လောကသားတွေက ’စွာတကာ့စွာ’ .. တွေ .. ”

မှန်ပါသည်။ ဦးမင်းနိုင်မင်း၏ အသုံးအနှုန်း “ရောင်စုံနိုင်ငံရေးလောကသား” ဟူသည် “စွာတကာ့စွာ” ဖြစ်ပါ၏.။ ဦးမင်းနိုင်မင်းကပင် စကားကို ဆက်လေသည်။

“အဲဒီ’စွာတကာ့စွာ’တွေကို အစိတ်စိတ် အမွှာမွှာ မဖြစ်ရလေအောင် ထိန်းနိုင်သူမပေါ်ခဲ့….။ ဒီကနေ့ ခေတ်ထနေတဲ့ လေကြီးလေကျယ်စကားအတိုင်း ပြောရရင် unity of diversity ဖြစ်အောင် စွမ်းနိုင်သူ မပေါ်ခဲ့”

ဦးမင်းနိုင်မင်းက အမိအရ ကောက်ချက်ဆွဲလာပြီးမှ ပြည်တွင်းစစ်အကြောင်း စကား’ချီ’လေ၏။

“ပြည်တွင်းစစ်မီးက လွတ်လပ်ရေးရဲ့ ဖွားဘက်တော်အဖြစ်၊ ထပ်ချပ်မကွာ လိုက်လာတယ်။ ဒီ စစ်မီးတောက် မီးလျှံ လောင်ကျွမ်းပုံက ကြောက်ခမန်းလိလိပဲ။ ’ဟုန်း’ခနဲ, တစ်ချက်တည်းနဲ့ မရပ်ဘူး။ တရံမလပ် ဒလစပ် လောင်ကျွမ်းတယ်.။ တိုင်းရင်းသား ပြည်သူတွေကို လောကငရဲထဲ ပစ်ချတယ် .. ”

ဤသို့ပြောပြီး ဦးမင်းနိုင်မင်းက ကောက်ချက်ဆွဲပါတော့သည်။

“လွတ်လပ်ရေးသက်တမ်းက ခြောက်ဆယ်ကျော်……။ ပြည်တွင်းစစ်သက်တန်းကလည်း ခြောက်ဆယ်ကျော် .. ။ ဒီတိုင်းဒီပြည်မျိုး, ဒီကမ္ဘာမှာ ရှိရဲ့လား။ အေး .. ရှိကောင်းရှိမယ် .. ။ ဒါပေမယ့် .. ရှာမှရှားပဲ .. ဟင်း .. ”

ဦးမင်းနိုင်မင်းက သက်မကြီးချပြီး နှုတ်ဆိတ်ကာ နားလိုက်၏။ ဤတွင် ဆရာမွန်ဇော်နိုင်က .. ၊ ပြည်တွင်းစစ် ရာဇ၀င် အူပေါက်ကို ခင်းကျင်း ဆွေးနွေးလေသည်။

“ပြည်တွင်းစစ်ကို ဘယ်သူတွေ ဖန်တီးသလဲ။ ဒီမေခွန်းကို တိကျသေချာ အထောက်အထား စုံလင်စွာနဲ့ သမာသမတ် ကျကျဖြေနိုင်ဖို့ အတော့်ကို လုံးပမ်းရမယ် .. ။ တကယ်လို့ ဖြေနိုင်ရင်တောင် ..

ဆရာမွန်ဇော်နိုင်က ပြောလက်စကို’ဇတ်’ခနဲ’တန့်’၍၊ ချိန်ချိန်ဆဆဖြင့် ရှေ့ကို ဆက်သည်။

“အမျိုးသား ပြန်လည် သင့်မြတ်ရေး, ရင်ကြားစေ့ရေးကို ဦးထိပ်ထား လှုပ်ရှားနေတဲ့ခုလို ကာလမျိုးမှာ၊ လက်ညှိုးနဲ့ ဟိုကိုထိုး, ဒီကိုထိုးပြီး ’မဆွ’သင့်ဘူး။ နောင်လာနောက်သား တိုင်းရင်းသား ပြည်သူ အားလုံး သင်ခန်းစာယူနိုင်ဖို့တော့ သမိုင်းမှတ်တမ်းတင်ရမယ် .. ”

သမိုင်းမှတ်တမ်းကိစ္စနှင့် ပတ်သက်၍၊ ဆရာမွန်ဇော်နိုင်က သတိပေးလိုက်သေးသည်။

“သမိုင်း မှတ်တမ်းတင်တဲ့ကိစ္စကို တိုင်းရင်းသားပညာရှင်တွေ, ပါသင့် ပါထိုက်သူတွေစုံလင်တဲ့ ကော်မရှင်က.၊ ဒါမှမဟုတ်အစုအဖွဲ့က တာဝန်ယူသင့်တယ်။ လတ်တလောမှာ ’စ’လိုက်ရင်’ဆွ’ရာ ရောက်နိုင်တယ် .. ။ ဒါကြောင့် .. ကာလ အသင့်မျှ တိုင်အောင်တော့ ’ထိန်း’ထားရ .. ၊ ’ဆိုင်း’ ထားရဦးမယ်”

ဆရာမွန်ဇော်နိုင်က အမြော်အမြင်ကြီးစွာ နိုင်ငံရေးအမြင် စူးစူးရှရှဖြင့် တစ်ချက်ပြီးတစ်ချက် ထောက်ပြကာ၊ ဆက်လက် ဆွေးနွေးသည်။

“ပြည်တွင်းစစ်ကြောင့် တစ်နိုင်ငံလုံး ဂျောက်ထဲကျဖို့ လက်တစ်လုံးလောက်ပဲ ကျန်တော့သတဲ့။ အဲဒီမှတ်ချက်မျိုးက ဘ၀ဂ်ထိ လျှံတက်လာခဲ့တယ်။ ပြည်တွင်းစစ်ထဲ ၀င်နွှဲနေတဲ့ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေကလည်း မနည်းလှဘူး .. ။ ခက်တော့ ခက်ကုန်ပြီ .. ”

ဆရာမွန်ဇော်နိုင်က ညည်းညည်းတွဲတွဲနှင့် ပြောလေ၏။

“ဒါတွေကို အပြစ်ပြောနေတာမဟုတ်။ အဖြစ်ကိုသာ ပြောနေတာပါခင်ဗျာ။ အိမ်း, အရောင်အသွေးတွေက စုံလွန်းလို့၊ ရောင်စုံသူပုန်လို့တောင် ကမ္ဗည်းတတ်ရတဲ့အထိပါပဲခင်ဗျာ”

ဆရာမွန်ဇော်နိုင်က နောက်ဆုံးအကြိမ် ထပ်ခါညည်း၍ တကဏ္ဍကို လက်စသတ်ပြီး .. ၊ ဆရာကြည်မောင်သစ်ဘက်၊ ဤသို့ လက်လွှဲပေးလိုက်သည် .. ။ အဲ .. ပါးစပ်လွှဲပေး, လိုက်သည် .. ဟဲ .. ဟဲ .. ။

“ဆရာကြည်မောင်သစ်ခင်ဗျား .. ဆရာသစ်, က၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင် လုံးပမ်းခဲ့သူ .. ။ ဒါကြောင့်, ပြည်တွင်းငြိမ်းချမ်းရေး အကြောင်းကို၊ ဆရာသစ် ကိုယ်တိုင် ဆွေးနွေး တင်ပြတာက ပိုပြီး ထိမိမယ်။ မိန့်ပါခင်ဗျ .. ”

အလှည့်ကျလှာသူ ဆရာကြည်မောင်သစ်က၊ ခပ်ရွှင်ရွှင်စကားဖြင့် ’စ’လေသည်။

(အပိုင်း ၆ အထိ နေ့စဉ် ဖော်ပြပါမည်)

8 comments :

  1. Anonymous said... :

    ပြည်တွင်းစစ်ဖန်တီးသူတွေက ဗမာနိုင်ငံရေးသမားတွေပါ..
    နိုင်ငံရေးသစ္စာဖေါက်ပြီး ဗမာလူမျိုးကြီးဝါဓ ကိုပုံဖေါ်တာက
    တိုင်းပြည်ကိုဖျက်စီးလိုက်တာပဲ

  1. Anonymous said... :

    ဗမာလူမျိုးကြီးဝါဓ....၃၃%
    အင်္ဂလိပ်စနက် ...၄၅%
    ဘာသာရေးစနက် ...၂၂%

  1. Anonymous said... :

    သူပုန်ကြီး(Burma Media Wash) ပြော -

    ဗျို့အပေါ်ကဆရာ..
    ဗမာလူမျိုးကြီးဝါဒီနိုင်ငံရေးသမားတွေချည့်ပဲမဟုတ်ဘူးလေ။ဗမာလူမျိုးကြီးဝါဒီစစ်ဗိုလ်ကြီးကြီးတွေကိုတော့လက်ရှောင်သလား။ဘေးမဲ့ပေးသလား။ဧကန္တ ..ခင်ဗျား အမျိုးတွေက ဗမာစစ်ခေါင်းတွေဖြစ်နေလို့လား.ဟဲ..ဟဲ..။ဆက်ဖတ်ပါဦး..။ကျနော့်ကိုလည်းဝေဖန်ပါ။တစ်တစ်ခွခွဝေဖန်ပါ။ကျနော်လည်းပုထုဇာဉ်ဆိုတော့ လိုတား မှားတာ ရှိမယ်ဗျာ..။

  1. kyaw swar said... :

    33%45%22% [ဖြစ်နိုင်တယ် လူမျိုးစု ၁ ခု က စိုးမိုး ထားပြီးမှ သင်.တော် တဲ. တန်းတူ အခွင်.အရေး ပေးနိုင်မယ်လေ

  1. Anonymous said... :

    ဦးမင်းနိုင်မင်း၊ ဆရာမွန်ဇော်နိုင် တို့ ဆိုတာ ဗမာစစ်စစ် အမည်တွေလား။ မင်း၊ မွန် ရယ်ဆိုရင် ဗမာကို ရာဇဝင်ချီ မုန်းခဲ့တဲ့ သူတွေ ဖြစ်နိုင်တယ်နော်။ :D

  1. Anonymous said... :

    ကရင် နှင့် မွန် ဘယ်လောက် အဆင်ပြေသလဲ။ ချစ်ကြသလဲ။ ကရင် ကရင် အချင်းချင်း ဘယ်လောက်ချစ်ကြသလဲ။ ဗမာကို မုန်းတယ်ဆို တိုင်းရင်းသာညီအကို အချင်းချင်း ဘယ်လောက်ချစ်ကြသလဲ။ စည်းလုံးကြသလဲ။ စည်းလုံးမှု့ အစစ်အမှန် ယုံကြည်မှု့ ပြကြည့်စမ်းပါ။ ဒီတိုင်းပြည်ထဲမှာ ရှိကြတဲ့ ဒီလူမျိုး မကောင်းလို့  ဒီတိုင်းပြည် ပြည်တွင်းစစ်ဖြစ်တာပါ။ အာဏာရှင် လက်အောက်မှာ လူနည်းစုရော လူများစုဗမာ ဖြစ်စေ၊ တိုင်းရင်းသားညီအကို တွေ ဖြစ်စေ ဘုန်းကြီးဖြစ်စေ၊ စစ်သားဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ ဘယ်သူမှ မချောင်ပါဘူး။ တမူ မထူးကြပါဘူး။ ငါသာ နာတယ်။ ဗမာမနာဘူး ဆိုပြီး ထင်ရောင်ထင်မှားသွေးကွဲမနေကြပါနဲ့။ ကရင်လည်းနာတာပဲ။ ဗမာလည်းအနိုင်ကျင့် ဗိုလ်ကျခံရပါတယ်။ ဗမာလူမျိုးကြီးဝါဒကို စပြောတာ ဘယ်သူတွေလဲ။ တိုင်းရင်းသား ဒေသတွေရောက်မှ ဒီစကား ကျယ်ကျယ်ပြန်ပြန့် ကြားလာရပါတယ်။ အစဉ်အဆက် ဗမာ မုန်းတီးရေး ပြောလာခဲ့တာ အမျိုးချစ် တိုင်းရင်းသားခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ကိုယ့်အမျိုး ကိုယ့်တိုင်းရင်းသားကို ချစ်သလို ဗမာအပါအဝင် ကျန်တိုင်းရင်းသားအားလုံးကိုလည်း ချစ်ဖို့ လေးစားဖို့ လို ပါတယ်။ စစ်အာဏာရှင်ကို တိုက်ပါ။ ဗမာလူမျိုးကို မတိုက်ပါနဲ့။ စစ်အာဏာရှင်ကို မုန်းတီးပါ။
    ချစ်သောတိုင်းရင်းသား ညီအကိုများ။

  1. Anonymous said... :

    Seriously Burmese need to stay out of other peoples land and Business.

  1. Anonymous said... :

    သူပုန်ကြီး(Burma Media Wash) ပြန်တင်ပြ-
    ကျနော်တို့အစုထဲမှာ သူက ဘာလူမျိုးစုထဲက..၊ငါက ဘာလူမျိုးစုထဲကရယ်လို့ မခွဲမခြား.။မကွဲပြားပါ..။ကယန်းအမျိုးသားခေါင်းဆောင်တစ်ဦးပြောပြတာကိုကျနော်ဖေါက်သည်ချပါ့မယ်။

    အဲဒီကယန်းကြီးကတောင်ကြီးမှာကျောင်းတက်တယ်။တနေ့တောင်ကြီးဦးထွန်းမြင့်အိမ်မှာသူငယ်ချင်းတစု နိုင်ငံရေးစကားပြောကြတယ်။သူတို့ပြေနေကြတာတွေကို ဦးထွန်းမြင့်ကကြားသွားလို့ သူတို့အစုကိုဦးထွန်းမြင့်ကသူ့အနားခေါ်ပြီးဆုံးမသတဲ့..။မင်းတို့စကားပြောတာ ဆင်ဆင်ခြင်ခြင်ပြောကြပါ။မင်းတို့ခံရသလိုပဲ ဗမာတွေလည်းခံနေရတယ်။ဗမာတစ်စုမကောင်းတာနဲ့
    ဗမာအားလုံးမကောင်းလို့မပြောရဘူး။
    မင်းတို့တတွေဟာ ငါ ပုဆိုးဝတ်ထားရင် ငါ့ကိုတောင် ဓါးနဲ့ ပိုင်းမယ့်ကောင်တွေ.တဲ့။ကိုင်း မိတ်ဆွေများခင်ဗျား ..ဆင်ခြင် စဉ်းစားကြပါလော့..။
    ပိုင်းမယ့်ကောင်တွေလို့..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved