လမ်းဘေး ဈေးကွက်စီးပွားရေးသမားများ

Sunday, January 29, 2012


နိုင်ငံတကာသာဂိ

Wired Magazine,January 2012, Slumdog Economist by Robert Capps ကို ဖတ်ပြီးတော့ ဆီလျော်သလို ပြန်ရေးပါတယ်။

ပလက်ဖောင်းဈေးဆိုင်၊ ဖုန်းကဒ်၊ ဘယ်က လာမှန်းမသိတဲ့ အားကစားဖိနပ် စတဲ့ ကုန်ပစ္စည်းတွေ ရောင်းချတဲ့လမ်းဘေးက စီးပွားရေးလုပ်ငန်းတွေ ဆိုတာ ပင်မရေစီး စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အပြင်ဖက်မှာ ရှိတယ်။ သို့သော်လည်း သူတို့က ကမ္ဘာစီးပွားရေးအတွက် အရေးပါတဲ့ကဏ္ဍမှာ ရှိနေတယ်။ အဲသည်အကြောင်းကို Rebert Neuwirth က Stealth of Nations: The GlobalRise of the Informal Economy ဆိုတဲ့ စာအုပ်နဲ့ ပြုစုရေးသားထားတယ်။ ကိုယ်ပျောက်နေတဲ့ နိုင်ငံများ - ကမ္ဘာကြီးကို လွှမ်းမိုးလာတဲ့ တရားမ၀င်စီးပွားရေးစနစ် လို့ ဘာသာပြန်ရမယ် ထင်ပါတယ်။

သူက ကမ္ဘာကြီးရဲ့အလုပ်သမားဦးရေရဲ့ ၅၀ % ဟာ အဲသည် တရားမ၀င်၊ စာရင်းမ၀င်၊ အခွန်မပေးတဲ့လမ်းဘေးဈေးကွက် စီးပွားရေးမှာ ၀င်ရောက် လုပ်ကိုင်နေကြတယ်။ သူတို့ရဲ့စီးပွားရေး လည်ပတ်မှုဟာ ဒေါ်လာပေါင်း ထရီလျံချီတယ်။ (ကုဋေပေါင်း ထောင်ချီတယ်)။ အဲသည် စီးပွားရေး လုပ်ငန်းတွေကနေုပြီး စွန့်ဦးတီထွင်မှုတွေ၊ အသစ်အဆန်း အကြံဉာဏ်တွေ၊ ကိုယ့်ထူကိုယ်ထ အားကိုးမှုတွေကို ထုတ်ဖော် ဖော်ဆောင်နေတယ်လို့ သူကပြောလိုက်တယ်။ ကမ္ဘာကြီး စီးပွားပျက်ကပ်ကျနေချိန်မှာ မှောင်ခိုနေတဲ့ အမည်းရောင်၊ အညိုရောင် ဈေးကွက်ကြီးက ကြီးထွားလာတယ်။ အရောင်းစံချိန် တင်နေတယ်။ တတိယကမ္ဘာကိုယ်တိုင်က အဲသည်ရဲ့ ဈေးသည်တွေ ဈေးဝယ်တွေ ဖြစ်လာတယ်။ အလုပ်သမားတွေ၊ အလုပ်ရှင်တွေ ဖြစ်လာတယ်။ နောင်မှာ ကမာ့္ဘ လုပ်အား ဈေးကွက်ရဲ့ ၃ ပုံ ၂ ပုံ ဟာအဲသည် လမ်းဘေးဈေးကွက် စီးပွားရေးမှာ ရှင်သန် လုပ်ကိုင်နေကြလိမ့်မယ်လို့ ဟောကိန်း ထုတ်လိုက်တယ်။

စာရေးသူကမှောင်ခိုတဲ့ တရားမ၀င်တဲ့ လမ်းဘေးမှာ ရှင်သန်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဈေးကွက်တွေကို system D လို့အမည်ပေးထားတယ်။ အဲသည်လမ်းဘေးစီးပွားရေးကို မူးယစ်ဆေး၊ လက်နက်မှောင်ခို၊ လူကုန်ကူးတဲ့ ရာဇ၀တ်မှု လုပ်ငန်းတွေလို့တော့ မစွပ်စွဲပါဘူး။ သူက အဲသည်မှာ အသက်မွေးဝမ်းကြောင်းနေသူတွေဟာ သာမန်ပြည်သူတွေ၊ မိသားစုတွေကို ထောက်ပံ့ဖို့၊ ကလေးတွေကျောင်းထားဖို့ လုပ်ကိုင်နေကြသူတွေပဲလို့ သတ်မှတ်ထားတယ်။ အဲသည် စစ္စတန်ဒီက တနှစ်ကို ဒေါ်လာ ၁၀ ထရီလျံဖိုး လည်ပတ်နေတယ်။ သူ့စီးပွားရေး ဂျီဒီပီဟာ ဒုတိယအကြီးမားဆုံး ဖြစ်တယ်။ အမေရိကန်ပြီးရင် သူပဲ တဲ့။

အဲသည်လမ်းဘေးစီးပွားရေးဈေးကွက်ဟာ အာရှ၊ အာဖရိက၊ တောင်အမေရိက စတဲ့ တတိယနိုင်ငံတွေမှာမွေးဖွား ကြီးထွား ကျယ်ပြန့်တယ်။ အဲသည်မှာ ခြေရာခံတယ်။ ဘာကြောင့် အဲသည်မှာမွေးဖွားရသလဲ ဆိုတော့ အဲသည်နိုင်ငံတွေမှာ တရားဝင်စီးပွားရေးစနစ်တွေ ရှင်သန်အခြေချဖို့ တည်ငြိမ်မှု၊ လွတ်လပ်မှု၊ အခွင့်အရေးရှိမှုတွေ မရှိလို့ဖြစ်တယ်လို့စာရေးဆရာက ပြောလိုက်တယ်။

ဖွံဖြိုးဆဲနိုင်ငံတွေမှာစီးပွားရေးလုပ်ချင်တဲ့ တရားဝင်လုပ်ငန်းရှင်ကြီးတွေဟာ အဲသည်က ကြိုးနီတွေ၊ ဗျူရိုကရက်တွေ၊ ခြစားနေတာတွေ၊ လာဘ်စားနေတာတွေကို ဖြတ်သန်းရတယ်၊ ရင်ဆိုင်ရတယ်။ အဲသည်မှာ သူတို့တတွေ လုံးပါးပါးကြရတယ်။ အဲသည်တော့ အဲသည်တိုင်းပြည်တွေမှာစစ္စတန်ဒီ စီးပွားရေးသမားတွေက ဒီအတားအဆီးတွေကို ရှောင်ရှားလိုက်တယ်။ မြေအောက်ကိုရှိုးကုန်ကြတယ်။ အဲသည်က ပြည်သူတွေဟာ စားသုံးသူတွေပဲ၊ စားမယ်၊ သုံးမယ် ဆိုတဲ့ဈေးဝယ်တွေချည်းပဲ။ သူတို့ကို တိုက်ရိုက် မှောင်ခိုနည်းတွေ၊ လမ်းဘေး ပလက်ဖောင်းပေါ်ကနေပဲဈေးရောင်းတော့တယ်။ အဲသည်စနစ်က တရားဝင် စီးပွားကျနေတာတွေကို မျက်ကွယ်ပြုလိုက်တာပဲ ဖြစ်ပါတယ်။

အဲသည်လမ်းဘေးဈေးကွက်စီးပွားရေးစနစ်ကို ဘာဂရုစိုက်စရာ လိုလဲလို့ မေးချင်ကြမယ်။ စာရေးဆရာက ထောက်ပြတာက အဲသည်မှာ အခု ကမ္ဘာ့လုပ်အားရဲ့ ထက်ဝက်က အသက်မွေးနေတယ်။ နောင် ၂၀၂၀ မှာ ကမ္ဘာကြီးရဲ့ အဓိကလူဦးရေ အများဆုံးဟာ အဲသည်မှာပဲ ထမင်းစားရှင်သန်ကြလိမ့်မယ် လို့ ဟောကိန်းထုတ်လိုက်တယ်။

အဲသည်လမ်းဘေးဈေးကွက်ထဲကို ဘယ်က ပစ္စည်းတွေ ကုန်တွေက ရောက်လာတာမို့လဲ လို့ မေးကြမယ် ဆိုရင် အဲသည် ဈေးကွက်ဝင် ကုန်တွေကို ထုတ်လုပ်နေတာကတော့ အာရှကနဂါးကြီး ပြည်ကြီး တရုတ်နိုင်ငံတော် ဖြစ်တယ်။ လက်ရှိမှာ ကမ္ဘာကြီးအတွက်ကုန်ပစ္စည်းတွေ ထုတ်လုပ်သူဟာ တရုတ်ပြည်ဖြစ်တယ်ဆိုတာ ဘယ်သူမှ မေးနေစရာမလိုဘူး။ တရုတ်ပြည်က စက်ရုံတွေမှာ အကုန် ထုတ်တယ်။ အကုန်ရတယ်။ လိုင်စင်နဲ့မှတ်ပုံတင်ထားတဲ့ကုန်တွေ စာရင်းတွေ အင်းတွေနဲ့ အတိအကျ ထုတ်သလို၊ ဘယ်မှာမှ မှတ်ပုံတင်စရာ မလိုဘဲ လိုချင်တဲ့ ကုန်ပစ္စည်းတွေကို မှာချင်သလောက်လဲ မှာယူနိုင်တယ်။ တရားဝင် ကုမ္မဏီကြီးတွေကလည်း သူတို့ကုန်ပစ္စည်းတွေကိုလမ်းဘေးဆိုင်တွေမှာ ချရောင်းနိုင်အောင်လည်း အကြံအဖန်တွေ လုပ်လာကြတယ်။

ဥပမာအားဖြင့်Procter & Gamble, Unilever, Colgate Palmolive စတဲ့ ကုမ္မဏီကြီးတွေ ကိုယ်တိုင်က ပလက်ဖောင်းရောင်းကုန်တွေကို တရုတ်ပြည်မှာ ထုတ်လုပ်ပြီး အဲသည်ဈေးကွက်တွေထဲမှာ ပြန်ရောင်းချတယ်။ တရားမ၀င်ဈေးကွက်ထဲကို အလယ်လူ ပွဲစားတွေအဆင့်ဆင့်ခံပြီး ဖြန့်ချိတယ်။ ကိုးဂိတ် သွားတိုက်ဆေးကို တရုတ်ပြည်ကသူတို့စက်ရုံကနေ ထုတ်၊ အဆင့်ဆင့် လက်လွှဲပြီး အစဖျောက်လိုက်တာ ရန်ကုန်ပန်းဆိုးတန်း လမ်းဘေးမှာ ကိုးဂိတ်အစစ်ကို ဆိုင်ပေါ်က ဈေးထက် သက်သာစွာ ရောင်းချနေတဲ့ အဖြစ်ကို ရောက်သွားတယ်။ လူတွေကလည်း ၀ယ်သုံးနေကြတာပဲ တဲ့။ ဆိုင်ပေါ်က ကိုးဂိတ်အစစ်နဲ့ ရုပ်ရှင်မင်းသမီးက သွားတိုက်ပြချိန်မှာလမ်းဘေးကိုးဂိတ်နဲ့ ကျေးလက်က လှပျိုဖြူဟာ စတိုင်ထုတ်နေမှာပဲ။

ဒါကတရားဝင်အမှတ်တဆိပ်နဲ့ ကုန်ပစ္စည်းတခုဟာ တရားမ၀င်ဈေးကွက်ထဲမှာ စီးပွားဖြစ်နေတဲ့ ပုံစံကို ပြောတာ။ နောက်တမျိုးကတော့ လမ်းဘေးဈေးကွက်အတွက် သီးသန့်ကို ရည်ရွယ်တဲ့ ထုတ်ကုန်တွေကိုလည်း ထွက်ရှိ ဖြစ်ထွန်းနေတာတွေလည်း တွေ့ရှိရတယ်။ ဥပမာနိုက်ဂျီးရီးယားက ယူအေစီ အစားအစာကုမ္မဏီကြီးက တရားဝင်စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်တယ်။ သူ့မှာ တရားဝင်အလုပ်တွေ ကုန်တွေ အများကြီးရှိတဲ့ အထဲက လမ်ဘေးဈေးကွက်အတွက် Gala ၀က်အူချောင်းလိပ် ဆိုတာကို ထုတ်လုပ် ရောင်းချတယ်။ တရားဝင် ဈေးဆိုင်တွေမှာ ဘယ်မှာမှ ၀ယ်လို့ မရဘူး။ အဲသည်အတွက် ထုတ်တာ မဟုတ်ဘူး။ ပလက်ဖောင်းဆိုင်တွေမှာ ချရောင်းတဲ့ အစာအဖြစ် နာမည်ကြီးတယ် ၊ အောင်မြင်တယ်။ နိုက်ဂျီးရီးယားက တရားမ၀င် လမ်းဘေးဈေးသည်တွေနဲ့ ဈေးဝယ်တွေကို အားကိုးပြီးတော့ အဲသည်စားသောက်ကုန်ကို ထုတ်လုပ် ရောင်းချတဲ့အတွက် ဒါဟာ အလွန်စီးပွားဖြစ်တဲ့ အလုပ်ဖြစ်နေတယ်။

နောက်တခုကတော့ မိုဘိုင်းဖုန်း ဈေးကွက် ဖြစ်တယ်။ အမေရိကန်နဲ့ ဥရောပမှာက လစဉ်ကြေးနဲ့ ကြိုးမဲ့တယ်လီဖုန်း စနစ်ကို သုံးကြတယ်။ နိုင်ငံတကာမှာက လူတွေက လက်ငင်းပေး လက်ငင်းသုံး ကိုယ်ပြောတဲ့အချိန်ကို ဈေးဖြတ်ပြီးဝယ်တဲ့ အသင့်သုံး၊ တခါသုံး မိုဘိုင်းဖုန်းတွေ ဖုန်းကဒ်တွေကိုပဲ အများဆုံး သုံးကြတယ်။ အဲသည် တခါသုံး၊ မိနစ်တွေ ထပ်ဖြည့်လို့ရတဲ့ မိုဘိုင်းဖုန်းတွေ၊ ဆင်းကဒ်တွေကို လမ်းဘေးမှာ ပလက်ဖောင်းမှာ (ကွမ်းယာဆိုင်တွေမှာ) တွင်တွင်ကျယ်ကျယ် ရောင်းဝယ် သုံးစွဲနေကြတာဖြစ်တယ်။

အဲသည်တော့ နိုင်ငံတကာကမိုဘိုင်းဖုန်း ကုမ္မဏီကြီးတွေက သူတို့နက်ဝပ်တွေ၊ ဆက်တလိုက်တွေ၊ ထပ်ဆင့်လွှင့်တာဝါတိုင်တွေကို သုံးစွဲချိတ်ဆက်ပေးတဲ့ မိုဘိုင်းဖုန်းတွေ၊ ဆင်းကဒ်တွေကို ထုတ်လုပ်ပြီးတော့ လမ်းဘေးဈေးကွက်တွေထဲ ဆင်းပြီး ရောင်းချနေကြတော့တာပဲ။ လမ်းဘေးဈေးသည်တွေက အဲသည် ဖုန်းကဒ်တွေ ဖုန်းစနစ်တွေကို ရောင်းချတဲ့အခါမှာ လက်ကားကြီးတွေက ထုတ်ပေးတဲ့ အရောင် ဒီဇိုင်းချင်း မတူတဲ့ထီးကြီးတွေ မိုးပြီး ရောင်းကြလေ့ရှိတယ်လို့ သိရပါတယ်။ ဒါက အာဖရိကနိုင်ငံတွေမှာ ဖြစ်နေတဲ့ ဈေးကွက်ကို ပြောတာပါ။

အဲသည် လမ်းဘေးမိုဘိုင်းတခါသုံး ထပ်ဖြည့် ဖုန်းတွေ၊ ဆင်းကဒ်တွေနဲ့ ဈေးကွက်ကြီးက တကယ်ကိုအမြတ်ထွက်သလား ဆိုတော့ တကယ်ကို ကြီးကျယ်တဲ့ အမြတ် အစွန်းများတဲ့ ဈေးကွက်ကြီးဖြစ်တယ်။

အခုအချိန်ထိမိုဘိုင်းဖုန်းမပြောနဲ့ဦး တနိုင်ငံနဲ့ တနိုင်ငံ အဝေးပြောဖုန်းကဒ်တွေကို နိုင်ငံတကာက လူတွေအားလုံးဟာ လမ်းဘေးမှာ ဓာတ်ဆီဆိုင်တွေမှာ ပလက်ဖောင်းတွေမှာချရောင်းနေတဲ့ ဖုန်းကဒ်တွေ ရှာဝယ်၊ ရွေးဝယ်ပြီး ကိုယ့်မိသားစုတွေ သားသမီးတွေဆီဟယ်လို ဟယ်လို ကြားလား ကြားလားနဲ့ အပြိုင်အဆိုင် ဆက်နေကြဆဲ မဟုတ်ဘူးလား။

ဒီလိုမျိုး အကျိုးအမြတ်ကြီးတဲ့ ဈေးဝယ်တွေ တောင့်တင်းခိုင်မာတဲ့ တရားမ၀င် ဈေးကွက်ကြီးကို နိုင်ငံတကာက လုပ်ငန်းရှင်ကြီးတွေက မျက်စိမကျ ရှိပါ့မလား၊ သူတို့တတွေ နောက်ကွယ်ကနေ ချုပ်ကိုင်လည်ပတ် အမြတ်ထုတ်နေမယ်ဆိုတာ မေးခွန်း ထုတ်နေဖို့ လိုပါဦးမလား ။ နိုက်ဂျီးရီးယားမှာတင် ဒေါ်လာ ၂.၄ ဘီလျံ လည်ပတ်နေတယ်လို့ ဆိုတယ်။

ဈေးကွက်ထဲမှာ အစစ်အမှန်တွေကို လမ်းဘေးကို ချရောင်းပြီး စီးပွားရှာနေတာမျိုးတင်သာမက အတုတွေ ပေါပေါလောလောတွေ ထုတ်ပြီး ချရောင်း အလုပ်ဖြစ်နေတာတွေကလည်း အများအပြား ဖြစ်ပါတယ်။ မိုတိုရိုလာထုတ်တဲ့ စက်ရုံတခုတည်းကနေပြီး မိုဒိုလိုလာ လို့ ဆင်တူရိုးမား တံဆပ်ကဒ်ပြီး တယ်လီဖုန်းအတု ပစ္စည်းအတု ထုတ်ရောင်းတာမျိုးတွေ ရှိတယ်။ Gucci ထုတ်တဲ့ နေရာကနေGuccci ဆိုတာကိုလည်း c ကို ၃ လုံး ဆင့်ပြီး ရောင်းချင်ရောင်းမှာပဲ။ ၀ယ်တဲ့သူကလည်း မျက်စိမှိတ် ၀ယ်မှာပဲ။

အဲသည်လို တရုတ်ပြည်က အတုတွေ၊ အပေါအလောတွေကို ထုတ်လုပ်ဖြန့်ချိတဲ့ဆီမှာ ဘယ်လိုမျိုး ဥပဒေနဲ့ လက် တလုံးခြား ပြည်ပနိုင်ငံတွေ အနှံ့ရောက်ရှိအောင် သယ်ယူ ပို့ဆောင်ကြသလဲ။ နိုင်ငံတကာရဲ့ကုန်သွယ် ကုန်ရောင်း ဥပဒေ စည်းမျဉ်းတွေကနေ ဘယ်လိုမျိုး ရှောင်ရှားပြီး အလုပ်ဖြစ်နေကြသလဲလို့ မေးချင်ကြမယ်။ အဲသည်လိုမျိုး တရားမ၀င် ကုန်ပစ္စည်းတွေကို ဖောက်သည်တွေဆီ ဈေးကွက်တွေဆီ အရောက် သယ်ယူပို့ဆောင်ပေးတဲ့ လမ်းကြောင်းတွေနဲ့ အလုပ်သမားတွေကလည်း စစ္စတန်ဒီကြီးရဲ့ ၀င်ငွေကောင်းတဲ့ လုပ်ငန်းတခု ဖြစ်နေတော့တာပါပဲ။

အဲသည် စစ္စတန်ဒီ ဆိုတဲ့ တရားမ၀င်လမ်းဘေးစီးပွားရေး ဈေးကွက်ကြီးကနေ ဘယ်လိုမျိုး စွန့်ဦးတီထွင်မှုတွေ၊ ဆန်းသစ်ထူးခြားတဲ့ ဉာဏ်အလင်းပွင့်မှုတွေ၊ နည်းပညာအသစ်အဆန်းတွေ ဘယ်လိုမျိုးပေါ်ပေါက်လာသလဲ ဆိုတော့ အခြေခံ တတိယတန်းစား စားသုံးသူလူထုကြီးမှာ လိုအပ်ချက်တွေ အမြောက်အများကို ဖြေရှင်းပေးလို့ အမြဲလိုအပ်နေတာကြောင့် အဲသည်လမ်းဘေး စီးပွားရေးသမားတွေက နေ့စဉ်နဲ့အမျှ တီထွင်ကြံဆ နည်းလမ်းတွေ ရနေကြတာဖြစ်ပါတယ်။

ဥပမာ - နယ်စပ်မြို့ကအလုပ်သမားတဦးက မိုဘိုင်းတယ်လီဖုံး ၁လုံးတည်းနဲ့ စနစ်မတူတဲ့ နိုင်ငံ ၂ခုကမိသားစုတွေ၊ မိဘတွေကို ဆက်သွယ်ဖို့ ဆင်းကဒ် ၂ ခုစလုံး အသုံးပြုနိုင်တဲ့ ဖုန်းမိုဒယ်မျိုး လိုအပ်နေပါတယ်။ ဒါမျိုးကို လမ်းဘေးလုပ်ငန်းရှင်ကတရုတ်ပြည်က စက်ရုံပညာရှင်ကို လှမ်းပြောလိုက်ရင် အဲသည်ပညာရှင်က တီထွင် ကြံဆပေးလိုက်ပါလိမ့်မယ်။ အဲသည်ဟာ အခြေခံဈေးကွက်မှာ တကယ်ကို လိုအပ်ချက်ဖြစ်တာကြောင့် တရားဝင်မှတ်ပုံတင်၊ စာရင်းတင်၊ ထုတ်လုပ်၊ ကြော်ငြာ၊ ဈေးကွက်တင် ရောင်းချနေတာထက်ကို အလွန် လျင်မြန်သွက်လက်စွာ မှောင်ခိုဈေးကွက်ထဲက တဆင့် စားသုံးသူ အခြေခံ လုတန်းစားထုကြီးဆီကို မိုးကြိုးပစ်လိုက်သလို ရောက်ရှိ ပြန်နှံ့သွားမှာဖြစ်ပါတယ်။ ဒါက ပညာရှင်တွေ၊ တီထွင်ဖန်တီးသူတွေက မောင်းနှင်မှ ခရီးရောက်တဲ့ဈေးကွက်စီးပွားရေး မဟုတ်ဘူး။ ဒါက ဈေးသည်တွေ၊ ဈေးဝယ်တွေနဲ့ စားသုံးသူတွေက လိုအပ်ချက်နဲ့ တောင်းဆို မောင်းနှင်နေတဲ့ ဈေးကွက်စီးပွားရေး ဖြစ်ပါတယ်။

စတိဂျော့ဘ်ရဲ့ ဉာဏ်အလင်းပွင့်မှုနဲ့ စားသုံးသူတွေခင်မျာ အိုင်ပက် ဆိုတာကို သုံးစွဲခွင့်ရကြတယ်ဆိုတာမျိုး မဟုတ်ဘူး။ နယ်စပ်က အလုပ်သမားလေးရဲ့ မိသားစုနဲ့ ဆက်သွယ်ရေး လိုအပ်ချက်ကြောင့် ပေါ်လာတဲ့ စနစ်မျိုးစုံကို လက်ခံသုံးစွဲနိုင်တဲ့ မိုဘိုင်းဖုန်းဒီဇိုင်းအသစ် ဖြစ်ပါတယ်။

နောက်ပြီးတော့ လူ့လောကရဲ့အကျိုးရှိမှုကို လမ်းဘေးဈေးကွက်က ဖြည့်ဆည်းပေးတာတခု ဥပမာ ပြရမယ် ဆိုရင် -အာဖရိကမှာ သောက်ရေ ရှားပါးမှုဟာ အကြီးမားဆုံးဖြစ်တယ်။ လမ်းဘေးဈေးကွက် system D ကပြည်သူတွေ လိုအပ်ချက်နဲ့ အညီ ဘယ်လိုမျိုး ဖြည့်ဆည်းလိုက်သလဲ ဆိုတော့စက်ကြီးတွေနဲ့ စနစ်တကျ ထုတ်လုပ်လိုက်တဲ့ ပလတ်စတစ်အိတ်နဲ့ ထုတ်ပိုးထားတဲ့ ရေသန့်အိတ်တွေ ဖြစ်ပါတယ်။ အနောက်အာဖရိကမှာ Pure Water ရေသန့်အိတ်တွေလို့ခေါ်ကြတယ်။ လမ်းဘေး လုပ်ငန်းရှင်တွေရဲ့ တီထွင်ကြံဆမှုနဲ့ ပေါ်လာတဲ့ ရေသန့်အိတ်ကို လမ်းဘေးဈေးသည်တွေက လမ်းပေါ်က လူထုကြီးလက်ထဲကို အရောက် သက်သာချောင်ချိစွာ အရောက်ပို့ ရောင်းချပေးလိုက်ပါတယ်။ နိုက်ဂျီးရီးယား အစိုးရက လူထုအကျိုးရှိတဲ့ လုပ်ငန်းကို တားမြစ်ခြင်း၊ လာဘ်စားခြင်း လုပ်မယ့်အစား ကြားကနေ၀င်ပြီးတော့ အဲသည်Pure Water ရေသန့်ထုတ်တွေကို နမူနာယူ စစ်ဆေးပြီး ရေသန့်ဖြစ်ကြောင်း တံဆိပ်တောင် ၀င်နှိပ်ပေးလိုက်ပါသေးတယ်။

ဒီလိုမျိုးနဲ့ လမ်းဘေးဈေးကွက်စီးပွားရေးစနစ်ဟာ ရှင်သန်ကြီးထွား အားကောင်းလာတာနဲ့အမျှ ပင်မရေစီးစီးပွားရေး လုပ်ငန်းကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေဟာ အဲသည်ကဈေးကွက်တွေ၊ စားသုံးသူတွေ၊ လုပ်အားတွေမှာ ပါဝင် ပတ်သက်ဆောင်ရွက်မှုတွေတိုးလာမယ်။ သူတို့တွေ လက်ရှိ လုပ်ကိုင်နေတဲ့ အကုန်အကျတွေ များနေတဲ့၊ ကြိုးနီတွေ၊ ဗျူရိုကရေစီတွေ ဖိစီးနေတဲ့ မလိုအပ်တဲ့ စည်းမျဉ်းတွေ လုပ်ထုံးလုပ်နည်းတွေကနေ ပလက်ဖောင်းဈေးကွက် နမူနာကို ယူပြီး ကိုယ်တိုင်ပြင်ဆင်မှုတွေ သင်ခန်းစာတွေ ယူလာကြလိမ့်မယ်လို့ ထင်မြင်ကြောင်း စာရေးဆရာက သုံးသပ်ထားပါတယ် ခင်ဗျား။ ။

ညွှန်း - http://moemaka.blogspot.com/

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved