အကြမ်းဖက်သမားလို့ ယူဆရသူတဦး ဘန်ကောက်မှာ ဖမ်းမိ

Tuesday, January 17, 2012



ဘန်ကောက် ခေါက်ဆန်လမ်းကို အကြမ်းဖက်ဖို့ အစီအစဉ် ရှိသလား

မနေ့က ယမန်ယူဖို့ တရားရုံးရောက်လာတဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ Hussein Atris (ဓာတ်ပုံ - The Nation)

လက်ဘနွန်က ဟစ်ဇဘိုလာ အကြမ်းဖက်သမား ဖြစ်ဖွယ်ရှိတယ်လို့ ယူဆရသူတယောက်ကို ထိုင်းအာဏာပိုင်တို့က ထိန်းသိမ်းထားတယ်၊ အဲဒီလူက ဘန်ကောက်မြို့ နာမည်ကျော် ခေါက်ဆန်လမ်းမှာ ရှိတဲ့ Chabad ဂျူး ဘာသာရေးကျောင်း နဲ့ စားသောက်ဆိုင်တွေကို တိုက်ခိုက်ဖို့ စီစဉ်ထားတယ်လို့ ထောက်လှမ်းရေးသတင်းတွေ တင်လေ့ရှိတဲ့ Debkafile အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ထိုင်းက ဖမ်းထားတာ Hussein Atris ပါ။ သောကြာနေ့က ဘန်ကောက် နိုင်ငံတကာ လေဆိပ်မှာ ဖမ်းတာပါ တဲ့။

၂၀၀၈ ခုနှစ် ဘုံဘေမြို့ (မွန်ဘိုင်းမြို့) တိုက်ခိုက်မှုလိုမျိုး လုပ်ဖို့ အစီအစဉ်ရှိပုံရတယ် တဲ့။ မွန်ဘိုင်း တိုက်ခိုက်မှုမှာ ဓားစာခံတွေ ဖမ်းထားပြီး အဆောက်အအုံကို ဖောက်ခွဲတာတွေ ဖြစ်ခဲ့ပါတယ်၊ ဂျူး ၈ ဦး အသတ်ခံရပါတယ်။

Debkafile အင်တာနက်စာမျက်နှာမှာ ဖော်ပြထားချက်အရ ဆိုရင်တော့ ဘန်ကောက် Chabad ဂျူး ဘာသာရေးကျောင်းက ပိုကြီးတာကြောင့် အသေအပျောက် ပိုများဖွယ်ရှိတယ် တဲ့။

သတင်းတွေအရဆိုရင် ၂ ဖွဲ့ ၊ ၃ ဖွဲ့လောက်က ဒီလထဲ တိုက်ခိုက်တာတွေ အဆက်မပြတ် လုပ်သွားမယ်၊ ဂျူးနဲ့အမေရိကန်တွေ သွားတတ်တဲ့ ခေါက်ဆန်လမ်းက စားသောက်ဆိုင်တွေကို ဆော်ဖို့ စီစဉ်ထားတာလို့ ဆိုတယ်။

"တိုက်ခိုက်မှုမဖြစ်ခင် ကြိုတင် သတင်းရထားသည့် အမေရိကန်နှင့် အစ္စရေး တန်ပြန်ထောက်လှမ်းရေးများ၏ သတိပေးမှုကြောင့် ထိုင်းရဲတပ်ဖွဲ့က မသင်္ကာသူကို လေဆိပ်တွင် စောင့်ဆိုင်းခဲ့သည်၊ တိုက်ခိုက်မည်ဟူသော သတင်းကို ဘန်ကောက်တွင်နေသည့် လက်ဘနွန်တို့ထံမှ ရခြင်းဖြစ်သည်၊ ၎င်းတို့က ဒေသခံအာဏာပိုင်တို့ကို မယုံသဖြင့် အနောက်တိုင်းနှင့် အစ္စရေးအဆက်အသွယ်တို့ထံ တိုက်ရိုက် သတင်းပေးခဲ့သည်" လို့ Debkafile အင်တာနက်စာမျက်နှာက ဆိုပါတယ်။

မနေ့ကတော့ မဟာချိုင်မှာရှိတဲ့ ၃ ထပ်တိုက်တလုံးကို သွားရှာပါတယ်။ ထိုင်းက ဖမ်းထားတဲ့ Hussein Atris ကို စစ်ကြောပြီး အဲဒီတိုက်မှာ ဖောက်ခွဲရေးပစ္စည်းတွေရှိတယ်ဆိုတာ သိရလို့ သွားတာပါ တဲ့။

ယူရီးယားမြေသြဇာ ကီလိုလေးထောင်ကျော် (4,380 kilogrammes of urea-based fertiliser) နဲ့ အမိုနီယံနိုက်ထရိတ် ၂၉၀ လီတာ (290 litres of ammonium nitrate) တွေ့တယ်၊ ဒါတွေကို ရောပြီး ဖောက်ခွဲရာမှာ သုံးနိုင်တယ် လို့ ဆိုတယ်။

အကြမ်းဖက်သမား လို့ ယူဆရသူ Hussein Atris ကတော့ ဒါတွေကို ထိုင်းမှာ ဖောက်ခွဲရေးလုပ်ဖို့ မရည်ရွယ်ပါ၊ ပြည်ပပို့ဖို့ပါ တဲ့။

(ဓာတ်ပုံ - ဘန်ကောက်ပို့စ်)

ညွှန်း - ဘန်ကောက်ပို့စ် အွန်လိုင်း - http://www.bangkokpost.com/news/world/275565/terror-suspect-planned-bangkok-attack

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved