ပြည်တွင်းစစ် ဘာလဲ ဘယ်လဲ (အပိုင်း ၆ - ဇာတ်သိမ်းပိုင်း)

Tuesday, January 10, 2012



~







သူပုန်ကြီး (Burma Media Wash)

ကိုယ်ဖျောက်ဝိဇ္ဇာက နားသွားပါပြီ။ သို့ပါသောကြောင့် ကျနော်သူပုန်ကြီးက “အာစရိ, ဦးခြံသူကြီးခင်ဗျား .. .။ ဖြည့်စွက် ဆွေးနွေးစရာများကို ဖြည့်စွက်ဆွေးနွေးပေးပါ .. .အာစရိ .. .” ဟု လေးမြတ်စွာ ပန်ကြားသမှု ပြုလိုက်ပါ၏။

ဤတွင်ဦးခြံသူကြီးက ရှေ့က ပုဂ္ဂိုလ်များ၏ ဆွေးနွေးချက်များကို နားစိုက်ထောင်ရင်း၊ မှေးထားသော မျက်စိနှစ်လုံးကို ’ဖြတ်ခနဲ’ ဖွင့်လိုက်၏။ ငိုက်ထားသော ဦးခေါင်းကို’ဇတ်ခနဲ’ မတ်လိုက်၏။ ပြီးတော့စေ့ထားသော နှုတ်ခမ်းကို ဖွင့်လိုက်, ပိတ်လိုက်လှုပ်ခါပြီခင်ဗျ .. ။

“ကိုရင်တို့ ပြောလာလိုက်တာ၊ ပြည်တွင်းစစ် လူသတ်ပွဲပန်းချီကားချပ်ရဲ့ အကြမ်းထည်လို့ ဆိုရလေမလား .. .။ ဘာပဲဖြစ်ဖြစ် လူသတ်ပွဲရဲ့ရုပ်လုံးကို ပေါ်အောင် ဖေါ်နိုင်စွမ်းပါတယ်….အိမ်း .. ”

ဦးခြံသူကြီးက ပြောဆိုရင်း သက်မကြီးကို တ၀ကြီးချလိုက်သည်။

“တကယ်တော့ဗျာ ရှေ့ပိုင်းမှာ၊ ဆရာကြည်မောင်သစ် ပြောခဲ့ပါတယ် .. .။ ’စစ်ပွဲ’ .. .ဆိုတာ ’လူသတ်ပွဲ’.တဲ့။ အဓိပ္ပါယ် ဖွင့်လိုက်ပုံက ကွင်းကွင်းကွက်ကွက် လင်းလင်း လက်လက်ပါပဲ။ တပြည်ထောင်တည်းသား အချင်းချင်းတွေပါလား ဆိုတဲ့ လူစိတ်တွေ ပျောက်ခဲ့ကြတယ်။ အရှင်လတ်လတ် သားရဲတိရစ္ဆာန်ဘ၀ ပြောင်းခဲ့ကြတယ် .. ”

ကျနော် သူပုန်ကြီး ’မင်သက်’မိသွားသည် .. ။ အခြား ၀ိုင်းတော်သားများလည်း.၊ မျက်လုံးတွေ ပြူးကျယ် စူးရှ တောက်ပလာကြသည်။

“ဗိုလ်နေ၀င်း အရှိန်တက်နေတုန်းက လူယဉ်ကျေးပုံ ဖမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ခဲ့တယ် ..

“ပထမရည်ရွယ်ချက်က လက်နက်ချ .. ။ မဆလအောက်ကို ၀င် .. ။ ရာထူး, လစာ တိုက်, ကား, ရမယ်။ ဆိုရှယ်လစ်လောက နိဗ္ဗာန်ကို အတူတကွ လက်တွဲ ချီတက်မယ် .. ။ ဒါက အများကြားကောင်းအောင်’ဟစ်’တာ .. ။ ရင်ထဲမှာ ၀ှက်ထားတာက ’ငါ့ကိုဝိုင်းရံကြ’ ..

“ဒုတိယရည်ရွယ်ချက်က၊ ငါ့အောက် မ၀င်ရင် သူပုန်အဖွဲ့တွေအတွင်း, အချင်းချင်း, အတွေးအခေါ် အယူအဆ ရှုပ်ထွေးကုန်အောင် သပ်သျှိုပေးလိုက်မယ် .. ။ အချင်းချင်းကွဲစေ, ချစေ, သတ်စေ .. ”

ဦးခြံသူကြီးက တစ်တစ်ခွခွပြောပြီး “ဟေး .. သူပုန်ကြီး။ ကိုရင် ပြောချင်တာပြောပေတော့ .. ” ဟု တာဝန် လွှဲလိုက်၏။ BurmaMediaWash ၀ိုင်းတော်သား စီနီယာကြီးများဆီက အတော်အတန်ကြားနားသိရှိပြီး ဖြစ်၍၊ ’ဟင်းလေးအိုး’ စကားဝိုင်းကို ကျနော် သူပုန်ကြီး နိဂုံး ချုပ်နိုင်ပါပြီ။

“နိဂုံးမချုပ်မီ ဗိုလ်ချုပ်မောင်လှ အနီးကပ်ကြီးကြပ်တဲ့၊ ကရင် စစ်ဆင်ရေးအကြောင်းကို၊ ပြောပြထားချင်တယ်ခင်ဗျ။ ကရင်ကို အပြုတ်ဖြုတ်မယ်ဟဲ့ လို့ ကြုံးဝါးပြီး တွယ်ခဲ့တာပဲ။ ဗိုလ်မောင်လှက စစ်ရာထူး ခန့်ချုပ် ဆိုတော့၊ အရပ်သား စကားနဲ့ ပြောရရင် ’ဆုပေးဒဏ်ပေး‘ နည်းနဲ့ စစ်တိုက်ခဲ့တာခင်ဗျ ..

ဤနေရာတွင် ကျနော်သူပုန်ကြီး အနည်းငယ်ထပ်ရှင်းဖို့လိုပါသည် .. ။ ‘ဆုပေး, ဒဏ်ပေး’ စစ်တိုက်နည်း ဆိုသည်မှာ ရာထူးဖြင့် မျှားပြီး တိုက်ခိုင်းနည်းဖြစ်သည် .. ။ သေသေကျေကျေစွပ်ရွတ် တိုက်ခိုက်သည့်မိုက်ရူးရဲ လူသတ်သမားတွေကို စိတ်ကြိုက်တွေ့သည်နှင့်၊ ချက်ချင်း ရာထူးတိုးပေးသည်။ စိတ်ကြိုက် မတွေ့သူများကိုမူ၊ ချက်ချင်း အပြစ်ပေး အရေးယူသည်။

“ပြောင်မြောက်လှတဲ့ စစ်ပညာကြောင့်ဖြစ်ပါလိမ့်မယ် .. ဟဲ .. ဟဲ .. ။ သတ်တုန်းက တော်လှန်ရေး ကရင်စစ်သားတွေကို သဲကြီးမဲကြီးသတ်တာ .. ဟဲ .. ဟဲ။ သောက်သောက်လဲ မသာဖြစ်ကုန်တာက၊ အစိုးရစစ်သား နှစ်ထောင် .. ”

ကျနော်သူပုန်ကြီးဆက်ပြောရပါဦးမည်။

“တိုက်ပွဲကျတွေရဲ့မယား, မုဆိုးမတွေကို၊ မိခင်တပ်ရင်းက စစ်တန်လျားမှာ၊ ကာလ ဘယ်မျှ ဆက်နေခွင့်ပေးမှာလဲ။ နေခွင့်ကာလ ပြည့်သွားရင် အထုပ်အပိုး အိုးခွက်ပန်းကန်ကို ရွက်ပြီး ဘယ်ဝယ် ဘယ်ဆီကို သွားရမှာလဲ။ ဘာလုပ်စားရမှာလဲ”

ယခုလတ်တလောကိစ္စကိုလည်း ချွင်းချန်မထားပဲ ပြောရပါဦးမည်။

အထူးသဖြင့် ကချင် တော်လှန်ရေးသမားများကို၊ အငြှိုးတကြီး မီးကုန်ယမ်းကုန် တိုက်နေ၏။ လူ့အလုပ်မဟုတ် .. ၊ သားရဲတိရစ္ဆာန်အလုပ်, အဟုတ်ကြီး ဟုတ်နေသဖြင့် …၊ အစိုးရစစ်တပ် အတော်များများကပင် အမိန့်မနာခံကြတော့။

သမတမိန့်ခွန်းပြောခဲ့တုန်းက၊ ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားမည်, တဲ့ .. ။ သို့သော် လက်တွေ့မျက်တွေ့အရ၊ ပြည်တွင်းစစ်ပွဲခေါ် ပြည်တွင်း လူသတ်ပွဲများက၊ ဆိုးသည်ထက် ပို၍ ဆိုးလာသည်။ ဘယ်မျှထိ အရုပ်ဆိုး အကြည့်တန်သည်ကို၊ ကျနော်သူပုန်ကြီး ရင်ဖွင့်ရပါလိမ့်မည်။

“စစ်ပွဲ, လူသတ်ပွဲ, တွေမှာ၊ တိုင်းရင်းသူအမျိုးသမီးတွေကို၊ မုဒိန်းလက်နက်နဲ့ အယုတ်တမာ စော်ကားတယ်။ စော်ကားလို့ ၀တော့ သတ်ပစ်တယ်။ ကြားလို့ ကောင်းပါသေးရဲ့လားဗျာ ..

“တိုင်းရင်းသား အမျိုးသားတွေကိုရော.၊ တခါတခါ တိုင်းရင်းသူ အမျိုးသမီးတွေကိုပါ၊ စစ်မြေပြင် လူသတ်ကွင်းမှာ ပေါ်တာအဖြစ် အသုံးချတယ်။ ပေါ်တာတွေကို အထမ်းသမား အဖြစ်မျှသာ ခိုင်းတာမဟုတ်ပါ .. ။ လူသူမဆန် အသုံးချသေးတာက ဒီလိုပါဗျ.။ စစ်သားတွေရဲ့ ရှေ့ခပ်လှမ်းလှမ်း, ခပ်ကွာကွာက နေပြီး ဇွတ် အဓမ္မ ရှေ့ပြေးသွားရတဲ့ လူသားမိုင်းရှင်း ကရိယာတဲ့ဗျား ..

“တိုင်းရင်းသားပေါင်းစုံ အရပ်သားတွေကို၊ သက်သေခံပစ္စည်း ဖျောက်ဖျက်ပစ်တဲ့ အနေနဲ့.၊ အစုအပြုံလိုက် အပျောက် ရှင်းပစ်တယ် ..

“ညောင်နှစ်ပင် ကာလအတွင်းမှာတောင်၊ ’ငြိမ်း’ အဖွဲ့တဖွဲ့ဖြစ်တဲ့ ကချင် တော်လှန်ရေးသမားတွေကို အစုအပြုံလိုက် သတ်ဖြတ် ရန်စခဲ့သေးသဗျ .. ”

ကျနော်သူပုန်ကြီး ယခုပင်လျှင် တင်ပြခဲ့သည်တို့မှာ၊ မရပ်မနား ကျေကွဲ ၀မ်းနည်းနေရသည်များ ဖြစ်၏။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ အခြေတည်ခဲ့သော ပင်လုံစာချုပ်ကို ဆန့်ကျင်သည့်၊ ပြည်ထောင်စုဖြိုခွဲရေး, တိုင်းရင်းသား စည်းလုံး ညီညွတ်မှုဖြိုခွဲရေး အဖျက်လုပ်ရပ်များဖြစ်၏။

ဒါတွေသည် ပဉ္စလက်ကြိုးကိုင် ဗိုလ်ကုဋေကုဋာရွှေ၏ divide and rule သွေးခွဲ, သပ်သျှို, ခွစီးပယောဂ ဖြစ်သည်ကို၊ လူစိတ်ရှိသူ အများ အသိပင်။

ပဉ္စလက်ကြိုးကိုင်၏ ပယောဂကြောင့်၊ စစ်ပွဲ, လူသတ်ပွဲများတွင်၊ အစိုးရစစ်သားတွေ, တိုင်းရင်းသား တော်လှန်ရေး စစ်သားတွေနှင့်တကွ.၊ တိုင်းရင်းသားပြည်သူတွေ ခံစားရသည့် လူမှုဒုက္ခအ၀၀ အကြောင်းကို၊ လူစိတ်ရှိသူ အများ အသိပင်။

စစ်ပွဲ, လူသတ်ပွဲတွေ ကျင်းပပြီးကြီးကျယ်လာသော စစ်အာဏာရှင်များ၏ ယုတ်မာမှု, ကိုယ်ကျိုးရှာမှုများကို၊ လူစိတ် ရှိသူအများ အသိပင်။

ထို့ကြောင့်၊ ဘယ်သူကိုမျှ ကျနော်သူပုန်ကြီးက ဆြာကြီး လုပ်ပြီး နိဂုံးချုပ်ဖို့ မလိုပါ။ သို့ပါသော်ငြား ’ပညာရှိ, သတိဖြစ်ခဲ’ဆိုစကား၏ စေ့ဆော်မှုကြောင့်၊ စေတနာ စကားကိုတော့ ပြောပါရစေ ..

“မျက်မှောက်ကာလမှာ၊ ဘယ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကမျှ.၊ စစ်မတိုက်ချင်ကြပါ။ ထာဝရငြိမ်းချမ်းရေးကိုသာ တောင့်တနေကြသည်။

“အလားတူပင် ဘယ်အစိုးရစစ်သားကမျှ စစ်မတိုက်ချင်ကြပါ။ စစ်မှုထမ်းသက် ပြည့်စစ်သားတိုင်းက၊ စစ်တပ်ထဲမှ ထွက်ချင်ကြသည် .. ။ ထာဝရငြိမ်းချမ်းရေးကိုသာ တောင့်တနေကြသည်။

“အစိုးရစစ်သားအများက.၊ ကန့်လန့်ကာနောက်ကွယ်က ပဉ္စလက်ကြိုးကိုင် စစ်အာဏာရှင်ကြီး ဘားမား ကဒါဖီ၏ စစ်ကျွန်ဘ၀မှ အမြန် လွတ်မြောက်လိုကြသည်။ ”

ဖေါ်ပြပါအချက်သုံးချက်ကို ထောက်ပြပြီးနောက်…၊ ကျနော် သူပုန်ကြီးက နိဂုံးအချုပ်တွင် မိုးကြိုးသွားအလား အမေး စကားလေးကို မေးပါရစေ ..

“ပင်လယ်ဝရောက်နေတဲ့ ဆင်သေကောင်ပုတ်ကြီးရယ် .. ၊ ကျီးကန်းမိုက်ရယ်.၊ သင်းတို့နှစ်ကောင်ကို အာရုံထဲတွင် ထင်ထင်ရှားရှား မြင်တွေ့ကြပါသလားခင်ဗျား .. ”

/ပြီးပါပြီ//

သူပုန်ကြီး (Burma Media Wash)<2:43AM;Dec 25, 2011>

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)



~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved