စုံတွဲတွေကို အခန်းမဲဖောက်ပေးမယ့် ဖျော်ဖြေပွဲ

Sunday, February 12, 2012

လူထုစိန်ဝင်း

တစ်နေ့က လူငယ်လေးယောက် ရောက်လာကြတယ်။ သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ပုံကိုကြည့်ပြီး ကျောင်းသားတွေဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိလိုက်တယ်။ ရုပ်ရှည်လေးတွေလည်း သန့်ပြန့်မွန်ရည်ကြတယ်။ သူတို့ကိုယ်သူတို့ မိတ်ဆက်တော့ ရေကြောင်းတက္ကသိုလ်က ကျောင်းသားတွေမှန်း သိရတယ်။

ကြက်သီးထစရာ

'ဗလင်တိုင်းဒေး'လို့ ခေါ်ကြတဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့်ဖျော်ဖြေပွဲ ကြော်ငြာဆိုင်းဘုတ်ကြီးတွေနဲ့ပတ်သက်ပြီး ပြောချင်ကြလို့ ရောက်လာကြတာပါ။ ပွဲက ကန်တော်ကြီးမျှော်စင်ကျွန်းမှာ လုပ်မှာဖြစ်ပြီး လူငယ်တွေကြား ရေပန်းစားနေတဲ့ လူငယ်အဆိုတော်တွေပါ ၀င်ပါတယ်။ မြို့တွင်း လူစည်ကားရာနေရာတွေမှာ ကြော်ငြာဆိုင်းဘုတ်ကြီးတွေ ထောင်ထားပါတယ်။ လူငယ်တစ်ယောက်က အသင့်ပါလာတဲ့ အိတ်ဆောင် ကွန်ပျူတာကိုထုတ်ပြီး ကြည့်ပါဦးဆိုပြီး စားပွဲပေါ်တင်လိုက်တယ်။ ပထမပုံတစ်ပုံကိုကြည့်လိုက်တော့ ရေးထားတဲ့စာသားတွေက ကြက်သီးထစရာကောင်းလွန်းလို့ ကိုယ့်မျက်စိကိုယ် မယုံနိုင်လောက်အောင် ဖြစ်ရတယ်။

အရေးယူလိုရတယ်

ပထမဆုံးစုံတွဲ ၅၀၀ အား ဗေ ဒင်တစ်ခါပေးမေးခြင်း၊ နှင်းဆီပန်း၊ ချော့ကလက်များပေးပြီးအလိုက်ဖက် ဆုံးစုံတွဲများအား ပန်းချီပုံဆွဲပေး၍ Dinner စားခွင့်နှင့် အခန်းများကို ကံစမ်းမဲဖောက်၍ ပေးသွားပါမည် 'အဲဒီကြော်ငြာ စာသားတွေဖတ် ပြီး စာဖတ်သူများရော ကြက်သီးမထဘဲ နေနိုင်ပါ့မလားခင်ဗျာ။ ဒီစာသားဟာ ဘယ်အထိ အဓိပ္ပာယ်သက်ရောက်သွားတယ်ဆိုတာ မစဉ်းစားမဆင်ခြင်နိုင်ဘဲ လက်မှတ်များများရောင်းရပြီး အမြတ်များများ ရဖို့သာ လောဘဇောတိုက်နေတာ မဟုတ်ဘူးလား။ ပြောရရင်တော့(ကန်တော့ပါရဲ့)ဆောင်ကြာမြိုင်လုပ်ငန်းကို ပေါ်တင်ကြီးလုပ်မှုနဲ့ အရေးယူလို့တောင် ရနိုင်ပါတယ်။

ပြောင်းလိုက်မှပိုဆိုး

ဒီကြော်ငြာဆိုင်းဘုတ်ကြီး အင်တာနက်ပေါ်တက်လာတော့ ကန့်ကွက်သံတွေညံနေအောင် ထွက်ပေါ်လာတယ်။ ပြည်တွင်းက လူတွေသာမက ပြည်ပရောက်နေသူတွေကလည်း ၀ိုင်းရေးကြတယ်။ အဲဒီကန့်ကွက်သံတွေ ညံလာတော့ ဆိုင်းဘုတ်တချို့က စာသားတွေကိုပြင်ပြီး ရေးလိုက်တယ်။ တချို့မပြင်ဘဲ ကျန်နေတာတွလည်း ရှိတယ်။ ပြင်ရေးလိုက်တာက -'ပထမဆုံးစုံတွဲ ၅၀၀ အား ဗေဒင် တစ်ခါပေးမေးခြင်း၊ နှင်းဆီပန်း၊ ချော့ကလက်များပေး၍ Dinner စား ခွင့်နှင့် ချောင်းသာခရီးစရိတ်ငြိမ်း (အခန်းခ၊ စားစရိတ်၊ ကားခ) ငါးဦးကို ကံစမ်းမဲများဖောက်ပေးသွားပါမည်။ ကံစမ်းမဲတစ်စောင်ပေါက်လျင် နှစ်ဦးသွားခွင့်ရှိသည်' လို့ဖြစ်တယ်။

ပိုက်ဆံတွေအလကားရသလို

ပြင်လိုက်မှပိုဆိုးသွားသေးတယ်။ တစ်ခါတည်း 'ဟန်းနီးမွန်း' ထွက်ခိုင်းလိုက်သလို ဖြစ်သွားတော့တယ်။ သားသမီးရှိတဲ့မိဘတိုင်း ရင်လေးမိကြမှာ အမှန်ပဲ။ ပိုက်ဆံတွေအလကား ရသလိုရချင်တိုင်းရနေတဲ့ လူ့အသိုင်းအ၀ိုင်း ကလေးတစ်ခုအတွင်းမှာ ဖြစ် ချင်သလိုဖြစ်နေကြတဲ့ သတင်းတွေ ကြားနေရတာကြာပြီ။ သူတို့အသိုင်းအ၀ိုင်းအတွင်းမှာ ဖြစ်နေတာပဲဆိုပြီး သိပ်မစိုးရိမ်ခဲ့ဘူး။ အခုတော့ ဗြောင်ကျကျ မြို့လယ်ကောင်မှာ ဆိုင်းဘုတ်ကြီးတွေထောင်ပြီးတောင် ကြော်ငြာတာကတော့ အတင့်ရဲလွန်းရာ ကျတယ်။ ဒီစရိုက်မျိုးတွေ တစ်စထက် တစ်စ ကျယ်ပြန့်သွားမှာ စိုးရိမ်မိတယ်။

လွတ်လပ်မှုဆိုတိုင်း စည်းကမ်းမရှိဘူးလို့တော့ မယူဆနဲ့။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး ကျင့်သုံးတယ်ဆိုတဲ့ နိုင်ငံတိုင်းမှာ 'ကိုယ်ကျိုးစီးပွားကာကွယ်ရေး' မူဝါဒတွေ၊ ဥပဒေတွေ ရှိကြတယ်။ ၀င်ချင်တိုင်း ၀င်လာတာတွေကို ခွင့်မပြုဘူး။ သူတို့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ မထိခိုက်အောင် တားသင့်တာတား၊ ပိတ်သင့်တာ ပိတ်လုပ်ပေးကြရတယ် ...


ကန်ပေါင်ပေါ်ကစုံတွဲ

ကျယ်ပြန့်သွားမှာစိုးရိမ်ကြောင်းပြောတော့ လူငယ်တစ်ယောက်က အင်တာနက်မှာတွေ့ရတဲ့ ပုံတစ်ပုံအကြောင်းပြောပြတယ်။ အင်းယားကန်ပေါင်ပေါ်မှာ စုံတွဲတစ်တွဲ မျက်နှာချင်းအပ်ပြီး နှုတ်ခမ်းချင်း ဂဟေဆက်နေပုံကို တင်ထားတယ်တဲ့။ ပုံ အောက်မှာ ဝေဖန်ရှုတ်ချတဲ့စာတွေရေးကြတော့ ဒါလောက် အမြင်ကျဉ်းရသလား၊ ဘယ်သူ့ကိုမှ ထိခိုက်အောင် လုပ်တာမဟုတ်လို့ ကိုယ်မကြိုက်လည်း သည်းခံရမှာပေါ့။ ဒါသူတို့ရဲ့ လွတ်လပ်ခွင့်ပဲလို့ ပြန်ရေးသူက ရေးသတဲ့။ ကဲ စာဖတ်သူများရော ဘယ်လိုသဘောထားပါသလဲ။ ကိုယ့်သားသမီးဆိုရင် ဒါမျိုးမလုပ်ဖို့ တားမြစ်မှာလား၊ ခွင့်ပြုထားမှာလား။

ကူးလူးယှက်နွှယ်နေကြတယ်

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ကူးသန်းရောင်ဝယ်မှုတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်ကြသလို၊ ယဉ်ကျေးမှုတွေလည်း နိုင်ငံတစ်ခုနဲ့တစ်ခု အပြန်အလှန် လွတ်လွတ်လပ်လပ် ကူးလူးယှက်နွှယ်နေကြမှာဖြစ်တယ်။ ဒါကို ဘယ်လိုမှပိတ်ပင်တား ဆီးလို့မရဘူး။ ပြုလည်း မပြုအပ်ဘူး။ ဒါပေမဲ့ လွတ်လပ်မှုဆိုတိုင်း စည်းကမ်းမရှိဘူးလို့တော့ မယူဆနဲ့။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး ကျင့်သုံးတယ်ဆိုတဲ့ နိုင်ငံတိုင်းမှာ 'ကိုယ်ကျိုးစီးပွား ကာကွယ်ရေး' မူဝါဒတွေ ဥပဒေတွေရှိကြတယ်။ ၀င်ချင်တိုင်း ၀င်လာတာတွေကို ခွင့်မပြုဘူး။ သူတို့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေမထိခိုက်အောင် တားသင့်တာ တား၊ ပိတ်သင့်တာ ပိတ် လုပ်ပေးကြရတယ်။

သဘာဝချစ်သူများ

အိမ်ထောင်သားမွေး၊ လူရေးလူမှုကိစ္စတွေမှာ အင်မတန်လွတ်လပ်တဲ့ အနောက်နိုင်ငံကြီးတွေမှာ 'သဘာဝချစ်သူများ' အဖွဲ့ (Nature Society) ဆိုတာမျိုးတွေရှိကြတယ်။ အဲဒီအဖွဲ့တွေက သီးသန့်သတ်မှတ်ထားတဲ့ တောအုပ်ကနေရာမျိုး၊ ဒါမှမဟုတ် ပန်းခြံမျိုးမှာ အ၀တ်အစားမ၀တ်ကြဘဲ သဘာဝအတိုင်းနေထိ၊ လေထိခံကြတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်ကြတယ်။ သူတို့ရဲ့ သီးသန့်နေရာတွေမှာ သူတို့ကြိုက်သလို နေကြ ထိုင်ကြတာကို ဘယ်သူကမှ ပိတ်ပင်တားဆီးမလုပ်ဘူး။ ဒါပေမဲ့ သီးသန့်နေရာက အပြင်ထွက်လာပြီး လမ်းတွေပေါ်မှာ အ၀တ်မပါ၊ ဗလာ ကိုယ်ချည်းလျောက်သွားရင်တော့ Decency Act ဆိုတဲ့ ယဉ်ကျေးမှု အက်ဥပဒေတစ်မျိုးမျိုးနဲ့ အရေးယူ တရားစွဲခံရပါတယ်။

မတင့်တယ်တဲ့ကိစ္စ

ဒီယဉ်ကျေးမှု အက်ဥပဒေဆိုတာက နိုင်ငံတစ်ခုနဲ့တစ်ခု၊ ကွဲပြားခြား နားမှုရှိကြတယ်။ Decent ဖြစ်တယ်။ ယဉ်ကျေးတယ်ဆိုတဲ့ စကားကို အဓိပ္ပာယ်ဖွင့်တဲ့အခါမှာ နိုင်ငံတစ်ခုနဲ့တစ်ခု လူမျိုး တစ်မျိုးနဲ့တစ်မျိုး၊ နောက်ခံယဉ်ကျေးမှု ဓလေ့စရိုက်ကွာ ခြားရင် ကွာခြားသလောက် မတူ မတူကွဲပြားသွားကြတယ်။ အနောက်တိုင်းယဉ်ကျေးမှုအရ လူမြင်ကွင်းမှာ ယောက်ျားနဲ့မိန်းမ ဖက်ယမ်းနမ်းရှုံ့လုပ်တာကို မတင့်တယ်တဲ့ကိစ္စလို့ သဘောမထားကြဘူး။ မြန်မာအပါအ၀င် အရှေ့တိုင်းဓလေ့စရိုက်အရ တော့ ဒီလိုလုပ်တာဟာအများအမြင်မှာ မတင့်တယ်တဲ့ မဖွယ်မရာကိစ္စလို့ သဘောထားကြတယ်။

တင်းတင်းကြပ်ကြပ်ကာကွယ်ထား

အိမ်နီးချင်းနိုင်ငံအတော်များများမှာ အနောက်ယဉ်ကျေးမှုတွေကို လက်ခံကျင့်သုံးသူတွေ တစ်နေ့တခြား များသထက်များလာပေမယ့် မြန်မာတွေကတော့ အတော်လေး တင်းတင်းကြပ်ကြပ် ကာကွယ်စောင့်ရှောက် ထားကြတယ်။ ဒီလို ကာကွယ်စောင့် ရှောက်ထားတဲ့ကြားက ဒီလောက် ပြောင်ပြောင်တင်းတင်းနဲ့ လက်ရဲ ဇက်ရဲ လုပ်ရဲလာကြတာတွေ့ရတော့ အတော်ကြီးကို အလန့်တကြား ဖြစ်သွားရတယ်။ လူငယ်တွေအတွက် စိုးရိမ်သလို တိုင်းပြည်ရဲ့အနာဂတ်ကိုလည်း တွေးပြီးရင်လေးမိတယ်။

အားသစ်တွေတိုးလာတယ်

ဒါပေမဲ့ဒီစိုးရိမ်စိတ်က ချက်ချင်းပျောက်သွားတယ်။ ဟေးလားဝါးလားနဲ့ ပေါက်လွှတ်ပဲစားနေကြတဲ့ လူငယ်မျိုးက များများစားစားရှိတာ မဟုတ်ပါဘူး။ အထက်မှာရေးခဲ့သလို ပိုက်ဆံကို အလကားရသလို၊ ရ ချင်တိုင်းရနေတဲ့ လက်တစ်ဆုပ်စာ ရေပေါ်ဆီ အသိုင်းအ၀ိုင်းထဲမှာပဲ ရှိနေတာဖြစ်တယ်။ အခုဒီကိစ္စလာပြောပြတဲ့ သန့်သန့်ပြန့်ပြန့် လူငယ်လေးတွေလို၊ လူငယ်တွေက တစ်နိုင်ငံလုံးအနှံ့ သန်းပေါင်းများစွာ ရှိနေကြတယ်။ ဒီလူငယ်လေးတွေ က အမြင်မတော်တာကို လက်ပိုက်ပြီးငုတ် တုတ်ထိုင် ကြည့်နေကြမှာမဟုတ်ဘူး။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို သူတို့အကောင်းဆုံး ကာကွယ်စောင့်ရှောက်ကြမှာ သေချာတယ်။ ရေကြောင်း တက္ကသိုလ်က လူငယ်လေးယောက်ကိုကြည့်ပြီး အားသစ်တွေ တိုးလာတယ်။ တိုင်းပြည်ကို သူတို့လူငယ်တွေလက်ထဲ အမြန်ဆုံးထည့်ပေးလိုက်ချင်စိတ်တွေ တဖွားဖွား ပေါ်လာပါတော့တယ်။

ညွှန်း - http://news-eleven.com/index.php?option=com_content&view=article&id=12320:2012-02-12-05-21-51&catid=78:2009-11-13-06-25-17&Itemid=135

11 comments :

  1. Anonymous said... :

    ဆရာရေ အဲဒီလိုမျိုး မဖွယ်မရာတွေလုပ်တာကို တွေ့ ရင် အဲဒီစုံတွဲ စိုသူတွေကို လမ်းမှာတွေ့ ရင် တွေ့ တဲ့ နေရာတိုင်းမှာ ရိုက်သာရိုက် မကျေနပ်ရင် အဲဒီနေရာမှာ တွင်သေလိုက်လို့  ပြီးတော့ အဲဒီကျောင်းသားလေးတွေကိုလည်း အားလုံးသောမိဘတွေသိအောင်လုပ်ပေးပါလို့  တကယ့်ကိုလေးစားလောက်ပါပေတယ်။ အဲဒါ ဗမာ့ယဉ်ကျေးမှုမှမဟုတ်တာ။ အတုခိုးတာလည်း ကြည့်ပြီးတော့ခိုးကြဦး။ တော်ကြာ ကိုယ့်သားသမီးကို ကိုယ်ပြန်ဟိုဒင်း ဟိုဟာ ပြုမိကြဦးမယ်။ ဗလင်းတိုင်းရေ

  1. Anonymous said... :

    လေးစားပါတယ် ဆရာ
    ဗိုလ်ချုပ်အောင်ဆန်း ပြောသလို ဖာနိုင်ငံ ဖြစ်တော့မှာဘဲ

  1. Anonymous said... :

    အိမ်ခန်းထဲမှာနမ်းတာနဲ့ လူမြင်ကွင်းမှာနမ်းတာ ဦးတည်ချက်ခြင်းတူတူပါပဲ။ ငါကညဘက်မှာခိုးတာ မင်းတို့ကနေ့ဘက်ခိုးတာ မသင့်တော်ဘူးပြောသလိုပါပဲ။ ယဉ်ကျေးမှုအရမသင့်တော်ဘူးဆိုရင်တော့ အချို့နိုင်ငံတွေလိုပဲ ဥပဒေပြဌာန်းပြီး တားမြစ်/အရေးယူလို့ရပါတယ်။ အဲဒီလိုပြဌာန်းဖို့ ဒီက ကိုယ်တော်တို့ ဦးဆောင်ကြိုးပမ်းရင်ပိုကောင်းမှာပါ။ ကိုယ်ကိုတိုင်ကျတော့လဲ ဒီလိုကိစမျိုးမရှောင်နိုင်။ သူတပါးကျတော့လဲ ဆုံးမ/အပြစ်ပြောချင်.... အင်း...

  1. Anonymous said... :

    ဒါတွေကို အားလုံးက ခွင့်ပြုလျှစ်လျှူရှု့ကြမယ်ဆိုရင်
    တစတစနဲ့ နောက်ဆုံး တိရိစ္ဆာန်တွေလို
    လူမြင်ကွင်းမှာပင် မိတ်လိုက်တဲ့ စရိုက်တွေဖြစ်လာပါလိမ့်မယ်
    ကျွန်တော်တို့ မြန်မာအမျိုးသားကောင်းများက
    ဝိုင်းဝန်းရှုံ့ချ ကာကွယ်တားဆီးဖို့ လိုအပ်ပါတယ်

  1. Anonymous said... :

    ကြော်ငြာလဲ ဆိုးလွန်းပါတယ်။
    အသံကောင်းဟစ်တဲ့သူတွေလဲ ရှောင်နိုင်ရင်ကောင်းတာပေါ့။ လူမြင်ကွင်းမှာနမ်းတာလောက်က အပြစ်လား။
    မူဆလင်နိုင်ငံတချို့ကလွဲပြီးဘယ်သူမှ နိုင်ငံတိုင်းမှာ ရှိနေတာပဲ။ မကျေနပ်ရင် ဥပဒေ ပြဌာန်းပေါ့။ မြန်မာမှ အမျိုးကောင်းသားသမီးဆိုပြီး ဟစ်နေလို့ကတော့ အပိုပဲ။
    စလုံးရောက်မြန်မာတွေလဲ ကဲတာပဲ၊ အနောက်နိုင်ငံရောက် ရွှေတွေလဲ ကဲတာပဲ။
    အဓိကက အမြင်ကျယ်သဘောထားကြီးကြပါ။
    ကို့ခလေးတွေ မပါအောင်ဆုံးမကြပါ။
    ကိုတိုင်က လေတလုံးမိုးတလုံးပြောပြီး။ သမီးကြတော့ ထိုင်တိုင်းကျဲတဲ့ ပြန်တန်ဝင်အရာရှိ အမျိုးသမီးရေးရာ အဒေါ်ကြီးသမီး(ဒီအခန်းဖြတ် ရုပ်ရှင်) လိုဖြစ်နေမယ်။
    globalization ခေတ်မှာ ဘာမှ တားဆီးလို့မရဘူး။ ပညာပေးလို့ပဲရတယ်။
    ကျနော်တို့ မြန်မာမလေးတွေကို ရင်ဖုံးအင်္ကျီနဲ့ ထဘီချေမျက်စိလောက်ပဲ အမြဲမြင်ချင်နေတာလား။
    သူတို့လဲ လှချင်ပချင် ဝတ်ချင်မှာပေါ့။
    အဓိက ကတော အနောက်တိုင်းဆန်တိုင်း ဒီခလေးမ ပျက်စီးတယ်လို့ မမြင်စေချင်ပါ။
    အရာရာကို အဆိုးပဲကြည့်ရင် အဆိုးပဲမြင်မှာ။
    အိမ်နီးချင်းချင်းနိုင်ငံတွေလဲ အဝတ်စားတွေအဲလိုပဲ ဝတ်ကြတာပဲ။ ဘာမှမဖြစ်ပါဘူး။
    ဘာဖြစ်ဖြစ် အဲကြော်ငြာကတော့ နဲနဲလွန်ပါတယ်။
    ကိုရွှေမြန်မာတွေလဲ သဘောထားကြီးနိုင်ပါစေ။

  1. Anonymous said... :

    အဲလိုမျိုးချစ်သူစုံတွဲအိပ်ခန်းစီစဉ်ပေးမယ်လို့ကြော်ငြာတာ
    မလေးရှားက မြန်မာဆိုင်တစ်ခုရဲ့ လန်ကာဝီကမ်းခြေ အပန်းဖြေ
    ခရီး အစီအစဉ်မှာတွေ့လိုက်ရပါတယ်..
    ဆိုင်နာမည်တော့မပြောတော့ပါဘူး..ပြီးခဲ့တဲ့
    တရုပ်နှစ်ကူး တုန်းက အပန်းဖြေခရီးစဉ်အတွက် မလေးရှား
    မှာထုတ်ဝေတဲ့ဂျာနယ်တွေမှာ ကြော်ငြာခဲ့တာပါ..
    ချစ်သူစုံတွဲတွေအတွက် သီးသန့်ခန်းစီစဉ်ပေးမယ်ဆိုပြီး
    ဆောင်ကြာမြိုင်လုပ်ငန်းကို ဂျာနယ်ပေါ်မှာပေါ်ပေါ်ထင်ထင်
    ကြော်ငြာခဲ့တာပါ..
    နိုင်ငံခြားမှာအတင့်ရဲစွာအဲလိုလုပ်နေကြရင်းအခုမြန်မာပြည်
    ထိကူးစက်သွားပြီထင်ပါတယ်..
    ဒီကြော်ငြာလိုပဲခပ်ဆင်ဆင်ဖြစ်နေလို့ ပြောပြလိုက်တာပါ..
    ရန်ကုန်ကကြော်ငြာကလည်း သူတို့(မလေး)က အဖွဲ့ပဲ
    လုပ်တာလားမသိပါဘူး..
    ကြော်ငြာထားပုံခြင်းခပ်ဆင်ဆင်တူပြီး..အတင့်ရဲလွန်း
    တာချင်းလည်းတူပါတယ်..

  1. MG said... :

    မှန်တယ်။ အနောက်တိုင်း ဆန်တာနဲ့ ပျက်ဆီးတယ်ပြောလို့ ဘယ်ရပါ့မလဲ။ ဆံပင်ရှည်ရှည် ထမီဝတ်တဲ့ အမျိုးသမီးတွေ ဘီယာသောက်နေတာ မြင်ဖူးကြမှာပေါ့။ အဲ ဒါနဲ့ ဘာက အနောက်တိုင်းဆန်သလဲဆိုတာ တော့ မူတည်တာပေါ့နော်။ အတိုလေး ၀တ်တိုင်း ပျက်ဆီးတယ်လို့တော့ ပြောလို့ဘယ်ရပါ့မလဲ။ ဒါပေမယ့် အမြင်နဲ့ ပကတိတရားကွာခြားတယ်ဆိုတာ လူတွေသိပေမယ့် လူတွေဆုံးဖြတ်တဲ့အခါ ပကတိတရားကို အချိန်အကြာကြီးယူပြီးမှ သိကြရတာပါ။ အရင်ဆုံးအမြင်နဲ့ ဆုံးဖြတ်တာပါ။ ဥပမာ- လုံလုံခြုံခြုံဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဟိုဖော်ဒီဖော်ဝတ်တဲ့အမျိုးသမီးတစ်ယောက်ကို မြင်ကြည့်ပါ။ ဘယ်လို ကောက်ချဆွဲမလည်းလို့။ ဒီကြော်ငြာဟာ ခေတ်ကို ထပ်ဟပ်ပြတာဖြစ်တယ်။ အဲဒါကိုလက်ခံလိုက်ရင် တဖြည်းဖြည်း တရားဝင် ယဉ်ကျေးမှုဖြစ်သွားမယ်။ အဲဒီယဉ်ကျေးမှုက အနောက်တိုင်း ယဉ်ကျေးမှု။ မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ဘူး။ ဘယ်ယဉ်ကျေးမှုက ပိုကောင်းတယ်လို မဆိုဘူး။ ကိုက်ညီမှုမရှိတဲ့နေရာမှာ ဖြစ်လာတဲ့ယဉ်ကျေးမှုကို လက်သင့်ခံရင် ပထမဆုံး အားလုံးအမြင်မှာ ပျက်ဆီးတယ်မြင်မယ်၊ နောက် အဲဒီအကျိုးဆက်ကို ကာယကံရှင်တွေခံရမယ်။ လူတိုင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်။ ကောင်းဆိုးကိုတော့ တာဝန်ယူရမယ်။ တစ်ခုတော့ရှိတာပေါ့ဗျာ လွတ်လပ်ခွင့်ကို ကိုယ်ကျိုးစီးပွားရေးအတွက် တလွဲအသုံးချတာ မဖြစ်စေချင်ဘူး ။ ဖွံ့ဖြိုးဆဲစမ်းတ၀ါးဝါးသွားနေရတဲ့မြန်မာနိုင်ငံမှာ ဒီထက်အရေးကြီတဲ့ လူ့အခွင့်ရေးနဲ့ အခြားလွတ်လပ်ခွင့်တွေအတွက် အားလုံးက အနစ်နာခံကျိုးပမ်းနေတုန်း ကိုယ့်နိုင်ငံ ဦးနှောက်ကြီးကြီး အမြင်ကျယ်ကျယ် သဘောထားမြင့်မြတ်စွာ သိက္ခာရှိရှိ ကြီးပြင်းဖို့ ၀ိုင်းဝန်းကူညီကြပါဗျာ။

  1. Anonymous said... :

    မြန်မာယဉ်ကျေးမှုမှာ နမ်းတာကို ဥပဒေမထုတ်ထားပေမယ့်
    လိုက်နာရမယ့်တာဝန်ရှိပါတယ်..
    နိုင်ငံတကာကိုအတုခိုးတယ်ဆိုတာ ကောင်းတာကိုပဲခိုးသင့်
    တာပါ..လူမြင်ကွင်းမဖက်နမ်းတာ အတုယူစရာမဟုတ်ဘူး
    လို့ထင်ပါတယ်..မူဆလင်နိုင်ငံမဟုတ်ပေမယ့်..
    ဘိုးဘွားတွေထိန်းသိမ်းလာတဲ့ ကိုယ့်ပိုင်ယဉ်ကျေးမှုကို
    တော့ လက်ဆက်ကမ်းဆောင်ယူထိန်းသိမ်းသင့်ပါတယ်..
    အခုလိုကြော်ငြာတာက လိင်မှုဆိုင်ရာလွတ်လပ်မှုကို
    ပေါ်ပေါ်ထင်ထင်ကြော်ငြာသလိုဖြစ်နေပါတယ်..
    မြန်မာယဉ်ကျေးမှုမှာ အဲလောက်လွတ်လပ်မှုကို
    ပေါ်ပေါ်ထင်ထင် လုပ်ဖို့မသင့်ပါဘူး.
    ဘာသာတရားအရလည်း တဏှာကို ထိမ်းချုပ်ဖို့
    ခြိုးခြံချွေတာဖို့ ရိုးသားဖို့
    ဖို့ သိမ်မွေ့စွာနေဖို့ ဘုရားကဟောကြားဆုံးမထားခဲ့တာ
    ပါ..ဗုဒ္ဒဘာသာလူမျိုးတွေဖြစ်တဲ့အတွက်
    ဥပဒေထုတ်ပြန်ဆုံးမစရာမလိုပါဘူး..ဒေသနာမှာလည်း
    သွန်သင်ဆုံးမထားပြီးသားဖြစ်လို့ ကိုယ့်အသိတရား
    နဲ့ကိုယ်လိုက်နာဖို့ပဲလိုတာပါ..
    ပုံ..ရခိုင်ကြီး

  1. မျိုးမြန်မာ said... :

    အိမ်ခန်းထဲမှာနမ်းတာနဲ့ လူမြင်ကွင်းမှာနမ်းတာ ဦးတည်ချက်ခြင်းတူတူပါပဲ။ ငါကညဘက်မှာခိုးတာ မင်းတို့ကနေ့ဘက်ခိုးတာ မသင့်တော်ဘူးပြောသလိုပါပဲ။ ..တဲ့ လား
    ထားအပ်တဲ့ အရှက်တရားကို လေးစားတန်ဘိုးထားတာ လူ့ တန်ဘိုးဘဲ၊ ခင်ဗျားပြောသလိုဆိုရင် ခင်ဗျားအဖေနဲ့ ခင်ဗျားအမေ ဘာလုပ်လို့  ခင်ဗျားကို မွေးလာတာလဲ၊ မင်္ဂလာဆောင်ရင် သတို့ သားနဲ့ သတို့ သမီး ဘာလုပ်ကြလဲ လူတိုင်းသိတယ် ထုတ်ပြောစရားလား သိသာသိစေ မမြင်စေနဲ့ ဆိုတာ အမှန်တရာကို ဖုံးကွယ်တာ မဟုတ်ဘူး လူ့ ယဉ်ကျေးတို့ ရဲ့ အကျင့်ကို စောင့်ထိန်းတာပါ။ လူအများ မမြင်ကွယ်ရာမှာ နမ်းရုံမကလို့ ဘာဘဲလုပ်နေနေ ဘယ်သူ့ ကိုယ်မှ မထိခိုက်ဘူး စော်ကားရာလည်း မရောက်ဘူး ငါတို့ က ဟန်မဆောင်ဘူးကွ မဖုံးကွယ်ဘူးကွ ငါတို့ လွတ်လပ်ခွင့်ဘဲကွဆိုပြီး ဖက်မယ် နမ်းမယ် လုပ်ချင်ရာလုပ်မယ်ဆိုရင်တော့ ဒါ မြန်မာလူမျိုးတွေ နေတဲ့ မြန်မာပြည်လို့ ဘဲ ပြော ပါရစေ၊ အဲသည်လို နေချင်ရင်တော့ မြန်မာပြည်ထဲမှာ မနေပါနဲ့  နိုင်ငံခြားကိုသာ ထွက်သွားပါ မြန်မာပြည်ဟာ ဒီမိုကရေစီခေတ်မှာလည်း မြန်မာတို့ ရဲ့ အစဉ်အလာ ယဉ်ကျေးမှုကို ဆက်ထိန်းသွားရမှာပါ။ ဒါ ဟန်ဆောင်လိမ်ညာ ဖုံးကွယ်တာမဟုတ်ပါဘူး ဂုဏ်ယူဘို့ ကောင်းတဲ့ အမျိုးသားရေး လက္ခဏာ တစ်ရပ်သာ ဖြစ်ပါတယ် ခေတ်လူငယ်တွေ အမြင်ကျယ်ပါစေ မြန်မာနိုင်ငံကြီးကို ဆက်လက် တာဝန်ယူနိုင် ထိန်းသိမ်းနိုင်ကြပါစေ။

  1. Anonymous said... :

    90% of new generation boys and girls in Myanmar nowadays are having sex with first date, its so common now. u all conservative are too late.

  1. ba ba said... :

    Why are you so sure about the percentage, 90%? Did you conduct any survey about it? Conservatives? No offence! I think wise conservatives are better than the imprudent. Please don't forget that it is never too late to do a good thing. Don't mislead others.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved