နယူးဒေလီက ချင်းအမျိုးသားနေ့

Tuesday, February 21, 2012

အိန္ဒိယနိုင်ငံ နယူးဒေလီရောက် ချင်းတိုင်းရင်းသားတွေရဲ့ ၆၄ နှစ်မြောက် ချင်းအမျိုးသားနေ့က ပုံရိပ်တွေပါ။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ဟာ ချင်းအမျိုးသားနေ့ပါ။ လွတ်လပ်ရေး ရကာစ ကာလတုန်းက ချင်းတိုင်းရင်းသား ခေါင်းဆောင်တွေဟာ ချင်းပြည်နယ်မှာ လက်ရှိ အုပ်ချုပ်နေတဲ့ တိုက်ပိုင်နယ်ပိုင်စနစ်ကနေ ဒီမိုကရေစီနည်းစနစ်တကျ ပြည်သူတွေက ရွေးကောက်တဲ့ လူထုခေါင်းဆောင်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ကြတဲ့ ၁၉၄၈ ဖေဖော်ဝါရီ ၂၀ ရက်ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်လို့ သိရပါတယ်။

၁၉၅၁ ခုနှစ်မှာ ပထမဆုံး ချင်းအမျိုးသားနေ့ကို မင်းတပ်မြို့မှာ ကျင်းပခဲ့ပြီး အဲ့ဒီတုန်းက ၀န်ကြီးချုပ် ဦးနု တက်ရောက်ခဲ့ပါတယ်။

၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဌာန်းချိန်မှာတော့ ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်နေ့နဲ့ ပူးတွဲကျင်းပဖို့၊ ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်နေ့လို့ပဲ ကျင်းပဖို့ ဖိအားပေးခံခဲ့ရာကနေ မြန်မာပြည်ထဲမှာ ဒီနေ့အထိ ချင်းပြည်နယ်နေ့လို့ပဲ ကျင်းပနေရတယ်လို့ ချင်းတိုင်းရင်းသားတွေက ပြောပါတယ်။


မတူပီ မျိုးနွယ်စု ၀တ်စုံကိုယ်စီနဲ့ ချင်းလုံမေတွေ

အမှန်တော့ ချင်းပြည်နယ်နေ့ဆိုတာဟာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဇန်န၀ါရီ ၃ ရက်နေ့မှာ ကျင်းပဖို့သတ်မှတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ အထိမ်းအမှတ်နေ့ ၂ ခု ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှစ်ခုဟာ တခြားစီဖြစ်တာကြောင့် ချင်းတိုင်းရင်းသားတွေက သူတို့ရဲ့ အမျိုးသားနေ့ကို ဒီလို ပြည်နယ်နေ့အဖြစ်ပဲ သတ်မှတ်ခိုင်းတာကို မနှစ်မြို့ကြဘူးလို့ ဆိုပါတယ်။


ဒါ့အပြင် ၂၀၁၀ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာတဲ့ ချင်းအမျိုးသားပါတီက ချင်းအမျိုးသားနေ့ ပြန်လည်ကျင်းပခွင့်ပေးဖို့ အစိုးရသစ်ကို တင်ပြတောင်းဆိုခဲ့ပေမယ့် အခုချိန်အထိ ချင်းပြည်နယ်နေ့ ဆိုတဲ့ နဖူးစည်းအောက်မှာပဲ ကျင်းပနေရလို့ မကျေနပ်ကြဘူးလို့ ဆိုပါတယ်။

ချင်းတိုင်းရင်းသား ခေါင်းဆောင်တွေကတော့ နိုင်ငံအရပ်ရပ်ကို ရောက်နေကြတဲ့ ချင်းတိုင်းရင်းသားတွေအနေနဲ့ ချင်းပြည်နယ်တိုးတက်ရေး၊ တန်းတူအခွင့်အရေးရရှိရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ တိုင်းရင်းသားတွေ စည်းစည်းလုံးလုံး နေနိုင်ကြတဲ့ ပြည်ထောင်စု ပေါ်ပေါက်ရေးတွေအတွက် တိုင်းတပါးမှာ မိမိတတ်မြောက်ခဲ့တဲ့ ပညာတွေနဲ့ ပြန်လာပြီး အကျိုးပြုကြဖို့ ဖိတ်ခေါ်တိုက်တွန်းခဲ့ပါတယ်။

အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့ ပရိသတ်တွေက ချင်းအမျိုးသားအလံတော်ကို တမိနစ် ငြိမ်သက်ပြီး ဂါရ၀ပြုကြပါတယ်။


ခူမီးမျိုးနွယ်စုတွေရဲ့ ရိုးရာအက



ရိုးရာ အိမ်ဝိုင်းအက


ချင်းရိုးရာ ဆာဗူးသီး (ပြောင်းဖူးဆန်နဲ့ အမဲအူ ရောပြုတ်ထားတဲ့ ဆိမ့်မွှေးမွှေး အရသာနဲ့ပါ)

(ဓာတ်ပုံ - ဧရာဝတီ)
-------

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved