ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်ပါမည်လော

Saturday, February 4, 2012


ဥပဒေဘက်တော်သားတစ်ဦး

UN ကိုယ်စားလှယ် ကင်တားနား၊
ဒေါ်အောင်ဆန်းစုကြည် ဖေဖော်ဝါရီ ၃ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ (ဓာတ်ပုံ - ဧရာဝတီ)

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက် ၁-၄-၂၀၁၂ ခုမှာကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အောင် နိုင်ရေး၊ မိမိကိုယ်တိုင် ကော့မှူးမဲဆန္ဒနယ်မှာ အောင်ပွဲခံ၊ အနိုင်ရရှိရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် မအိပ်မနေကြိုးပမ်းနေ သည့် ဒေါ်အောင်ဆန်းစုကြည်သို့ မြန်မာနိုင်ငံရေးခရီးမှာ ရင်ဆိုင်ရဖွယ်ရှိသည့် ပြဿနာများကို ကျွန်တော်လေ့လာမိသလောက် သန့်စင် သောစေတနာဖြင့် တင်ပြလိုပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုလို လှုပ်ရှားဆောင်ရွက်လာနိုင်သည့် အခြေခံ အကြောင်းရင်းဟာ နေပြည်တော်မှာ သမ္မတကြီး ဦး သိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာက စတင်ဖြစ်ပေါ်လာခဲ့သည် ဆိုလျှင် ငြင်းစရာမရှိဟု ထင်ပါ သည်။ အဲဒီဆွေးနွေးပွဲမှာ သမ္မတကြီးကလည်း ဖြစ်ကြောင်းကုန်စင်၊ ဘ၀င်ကျလောက်အောင် ကြံ့/ဖွံ့အစိုးရနှင့် နိုင်ငံတော်မှာ မွဲပြာကျနေပုံတွေကို အိတ်သွန်ဖာမှောက်ပြောပြခဲ့ပြီး ဒေါ်စု ကလည်း NLD ရှေ့ ဆက်လက် ရပ်တည်နိုင်ရေးနှင့် ပြည်တွင်းပြည်ပကို ဘယ်လိုဘယ်ပုံ စည်းရုံးဆက်သွယ်ပေးနိုင်ပုံတွေကို တစ်စမကျန် ပြောခဲ့ဟန်ရှိပါသည်။

၃။ အဲဒီလို တွေ့ဆုံကြပြီးအပြန်မှာ NLD အမှုဆောင်စည်းဝေးပွဲခေါ်ပြီး “ကျွန်မအနေနဲ့ ဦးသိန်းစိန်ကို ယုံကြည်တယ်။ NLD ပါတီကို မှတ်ပုံ ပြန်တင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်။ ကျွန်မကို ထောက်ခံကြပါ။ တာဝန်ယူပါတယ်” ဆိုပြီး အခုလို ပါတီမှတ်ပုံတင်၊ ကြားဖြတ်ရွေး/ပွဲဝင်ဖို့ ဆောင်ရွက်ခဲ့သည်ဟု ယူဆပါသည်။ ဒီလို ဆောင်ရွက်နိုင်အောင် ဦးသိန်းစိန်က ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ နည်းဥပဒေထဲက ပုဒ်မအချို့ကို ပြင်ပေးခဲ့ပါသည်။ ထောင်ကျခံနေရသူ ရွေး/ပွဲဝင်ခွင့်၊ ၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည် ဆိုသည့် စကား အစား လေးစား “လိုက်နာပါမည်”ဟု ပြင်ဆင်ချက်၊ အနည်းဆုံး မဲဆန္ဒနယ်သုံးနယ် ၀င်ရောက် ယှဉ်ပြိုင်ရမည်ဟူသော ဥပဒေသုံးခုတို့ကို ပြင်ပေးသည်ဟုဆိုကာ ဒေါ်စုတို့ NLD ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်နိုင်ရန် ကြေညာချက် ထုတ်ခဲ့သည်ဟု မှတ်သားမိပါသည်။ ရွေး ကောက်ပွဲဥပဒေနှင့် အခြေခံဥပဒေပါ အရေးကြီးသော ပုဒ်မတို့ကို ပြင်ပေးထားကြောင်း မတွေ့ရပါ။

၎။ အထက်ပါ လိုက်လျောချက်များမှာလည်း ထောင်ကျခံနေရသူ ရွေးး/ပွဲဝင်ခွင့် ဆိုသည်မှာ ယခုအချိန်၌ ဒေါ်စုသည် ထောင်ကျနေသူ မဟုတ်တော့ပါ။ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည် ဆိုသည့် စကားရပ်အစား လေးစားလိုက်နာပါမည်ဟု ပြင်ဆင်ပေးခြင်း ကလည်း “အရာကြီးနှင့် ကုလားကြီး” ပါပဲ။ ကျွန်တော် အဓိကထားတင်ပြဆွေးနွေးချင်သည်မှာ အောက်ပါအချက်အလက်၊ ဥပဒေများနှင့် သုံးသပ်ချက်များ ဖြစ်ပါသည်။

၅။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိခြင်း ခေါင်းစဉ်အောက်တွင် ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေ ပုဒ်မ ၁၂၁၊ ပုဒ်မခွဲ (စ) ၌ “နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများ၊ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ”ဟု ပါရှိပါသည်။

ထိုပုဒ်မ ၁၂၁၊ ပုဒ်ခခွဲ (စ) ပါ ပြဋ္ဌာန်းချက်အတိုင်းပင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ တွင် “အောက်ပါပုဂ်္ဂိုလ်များသည် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေရ”ဟူသော ခေါင်းစဉ်အောက်တွင်လည်း ပြဋ္ဌာန်းထားပါသည်။

၆။ အထက်ပါ ပုဒ်မများမှာ ပြဋ္ဌာန်းချက်အရ နိုင်ငံခြားသားထံမှ အခွင့်အရေးများ၊ ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ၊ ခံစားပိုင်ခွင့် ရှိသူသည် ခံစားသည်ဖြစ်စေ၊ မခံစားသည်ဖြစ်စေ ခံစားခွင့်ရှိပါက ရွေးကောက်ပွဲဝင်ခွင့် မရရှိနိုင်ဟု အဓိပ္ပာယ်ကောက်ယူနိုင်ပါသည်။

၇။ အထက်ပါ ရွေးကောက်ပွဲဥပဒေနှင့် အခြေခံဥပဒေပါပုဒ်မကို လုံးဝပြင်ဆင်မထားဘဲ ပြဋ္ဌာန်းထားဆဲရှိပါသည်။ မယုံမရှိပါနှင့်။ ယင်းဥပဒေ များကို လေ့လာကြပါဦးဟု တိုက်တွန်းပါရစေ။

၈။ ထိုသို့ ပြဋ္ဌာန်းထားသည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ ပကတိအခြေအနေနှင့် မည်သို့ သက်ဆိုင်နေသည်ကို တင်ပြလိုပါသည်။

(က) ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေကို အောက်ပါအတိုင်း ပါလီမန်တွင် ပြဋ္ဌာန်းခဲ့ပါ သည်။ ထိုအမွေဆက်ခံမှု အက်ဥပဒေပုဒ်မ ၂၂ တွင် ဗုဒ္ဓဘာသာဝင် မဟုတ်သည့်ယောက်ျားက၊ ဗုဒ္ဓဘာသာဝင် မိန်းမကို ထိမ်းမြားရန် ကတိပြု လျှင် ထိုယောက်ျားသည် ထိုမိန်းမကို ဤအက်ဥပဒေအရ ထိမ်းမြားရန် ကတိပြုသည်ဟု မှတ်ယူရပါမည်။

(ခ) ပုဒ်မ ၂၃ တွင် ... ဟိန္ဒူဘာသာ၊ ဆိ(ခ)ဘာသာ၊ ဂျိန္နဘာသာတစ်ရပ်ရပ်ကို ကိုးကွယ်သော ပစ္စည်း မခွဲရသေးသည့် အိမ်ထောင်စုဝင်တစ်ဦး တစ်ယောက်သည် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဤအက်ဥပဒေအရ ထိမ်းမြားလျှင်၊ သို့တည်းမဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခြင်းခံရလျှင် ထိုသူသည် ထိုအိမ်ထောင်မိသားစုမှ ခွဲခွာပြီဟု မှတ်ယူရမည်။ ထို့ပြင် ပစ္စည်းခွဲဝေခြင်းမပြုမီ ထိုသူသေဆုံးလျှင် ထိုသူပိုင်သည့်ဆိုင်ရာ ဆိုင် ခွင့်သည် ထိုသူ၏ မယားနှင့် သားသမီးများသို့ သက်ရောက်ရမည်။

(ဂ) ပုဒ်မ ၂၄ (၁) ဤအက်ဥပဒေပုဒ်မအရ ထိမ်းမြားသူတို့၏ သို့တည်းမဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခံရသူတို့၏ ပစ္စည်းပိုင်ခွင့်နှင့် စပ် လျဉ်းသောကိစ်္စအားလုံးကို ထိုသူတို့နှင့် ထိုသူတို့၏ မိသားစုအားလုံးသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်း ဖြစ်ဘိသကဲ့သို့ ဗုဒ္ဓဘာသာဓမ္မ သတ်အတိုင်း ဆုံးဖြတ်ရမည်။

၉။ အထက်ပါ ပြဋ္ဌာန်းချက်များကိုသုံးသပ်လျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရွေးကောက်ပွဲဝင်ရန် ဖြစ်နိုင်အံ့မထင်ပါ။ ၀င်ခွင့်ရလို့ ရွေးကောက်ပွဲနိုင်၍ လွှတ်တော်ထဲရောက်လျှင်လည်း ပြိုင်ဘက်အမတ်လောင်းက ကန့်ကွက်လျှင် လွှတ်တော်ကိုယ်စားလှယ်ဘ၀မှ ပြုတ်၍ “ဖွတ်မရ ဓားမဆုံးသည့်ဘ၀”ရောက်သွားနိုင်ပါသည်။

၁၀။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသား မိုက်ကယ်အဲရစ်၏ ဇနီးဖြစ်ပါသည်။ မိုက်ကယ်အဲရစ်သည် နိုင်ငံခြားအစိုးရ၏ လက် အောက်ခံဖြစ်ပြီး တိုင်းတစ်ပါးသားလည်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သည်ဟုလည်း သိရပါသည်။ အမွေမခွဲမီ သေဆုံးခဲ့သဖြင့် သူခံစား ခွင့် ရှိသောအမွေပစ္စည်းများကို ဒေါ်အောင်ဆန်းစုကြည် ခံစားခွင့် ရှိပါသည်။ ခံစားမှုမပြုဟု ပြောနိုင်သော်လည်း ဥပဒေအရ ခံစားခွင့်ရှိကြောင်း ထင်ရှားပါသည်။ ထိုသို့ဆိုလျှင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀ နှင့် အခြေခံဥပဒေ ၁၂၁-ပုဒ်မခွဲ (စ) တို့တွင် ပြဋ္ဌာန်းထားချက်များနှင့် အရေး ယူလျှင် ခံရနိုင်ဘွယ် ရှိပါသည်။

၁၁။ ရွေးကောက်ပွဲ ဥပဒေကို ပြင်လိုက ပြင်နိုင်သော်လည်း အခြေခံဥပဒေ ၁၂၁ (စ) ကို ပြင်ရန်မှာ အလွန် ခဲယဉ်းပါသည်။ ပြည်သူ့လွှတ် တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၇၅% ကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရပါမည်။ လက်ရှိ ပြည်သူ့လွှတ်တော်တွင် ကြံ့/ဖွံ့အမတ် ၆၀% နှင့် တပ်မတော်ကိုယ်စားလှယ် ၂၅% ရှိသည်ဟု မှတ်သားမိပါသည်။ အခြားအမတ်များသည် ၂၀% ပင် မရှိပါ။ ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်း စုကြည်သည် အမတ် မဖြစ်နိုင်ပါ။ အမတ်ဖြစ်ဖို့ အင်္ဂါရပ်တွင် ပါဝင်သော ပုဒ်မ ၁၂၀၊ ၁၂၁ တို့နှင့် မညီလျှင် မည်သူ့ကိုမျှ ၀န်ကြီး မခန့်နိုင်ပါ။ ဒုသမတဖြစ်ဖို့ ဆိုလျှင်လည်း အခြေခံဥပဒေပုဒ်မ ၅၉၊ ပုဒ်မခွဲ (စ) အရ သားသမီးများ နိုင်ငံခြားသားဖြစ်နေလျှင် ဒုသမ္မတ မဖြစ်နိုင်ပါ။

၁၂။ ကျွန်တော့်တင်ပြချက်များသည် ဥပဒေပါအတိုင်းဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကြိုတင် စဉ်းစားနိုင်ရန်သာဖြစ်ပါသည်။ ဦး သိန်းစိန်အစိုးရက လိုက်လျောလျှင် ရနိုင်မည်ဆိုပါက ၀မ်းမြောက်ဘွယ်၊ ဂုဏ်ယူဘွယ် ဖြစ်ပါသည်။ လိုက်လျောနိုင်အံ့ မထင်ပါ။ ၁၉၉၀ ခု ရွေးကောက်ပွဲတုန်းက ဗဟန်းမြို့နယ်အတွက် ကိုယ်စားလှယ်လောင်းကို ဒေါ်အောင်ဆန်းစုကြည်အား တင်သွင်းရာတွင် တစညကိုယ်စား လှယ် အမတ်လောင်း ဦးလဗန်ဂရောင်က ကန့်ကွက်၍ ဒေါ်စုရွေးကောက်ပွဲ မ၀င်ခဲ့ရသည်ကို ပြန်လည် သတိရ၍ လိုအပ်သည်တို့ကို ကာ ကွယ်နိုင်ရန် ရိုးသားစွာ တင်ပြအပ်ပါသည်။ NLD ဥပဒေပညာရှင်များနှင့်လည်း တိုင်ပင်သင့်သည်ဟု အကြံပြုလိုပါသည်။

ညွှန်း - မိုးမခ - http://moemaka.blogspot.com/2012/02/articles.html

6 comments :

  1. Anonymous said... :

    အူကြောင်ကြောင်းအရေးအသားတွေပါ။
    သူတို့သဘောတူလို့ပဲဒေါ်စုရွေးကောက်ပွဲဝင်တာပေါ့။
    ဥပဒေဆိုတာလူလုပ်တာပဲ။ဘာမှအထွေအထူးမဟုတ်ပါဘူး။
    ခုရွေးကောက်ပွဲမှာဒေါ်စုမနိုင်ရင်ဒေါ်စုကဘာမှမဖြစ်ဘူး။
    သိန်းစိန်ပဲထိပ်ပိုပြောင်လာမှာ။

  1. မျိုးမြန်မာ said... :

    ဆောင်းပါးရှင်ပြောတဲ့အချက်တွေက မြန်မာ့နိုင်ငံရေးကို နားလည်တဲ့သူတွေ လေ့လာနေတဲ့ သူတွေ အားလုံးသိတဲ့အချက်ဘဲ ဒါတွေက ဥပဒေပါပြဌာန်းချက်တွေဘဲ၊ ဥပဒေဆိုတာ လူတွေက ပြဌာန်းတာဘဲ၊လူတွေ ပြင်ရင်ရတာပေါ့၊
    နောက်တစ်ချက်က ဒေါ်စု ရွေးကောက်ပွဲ ၀င်မယ့်ကိစ္စနဲ့  ပတ်သက်ပြီး သမ္မတကြီးကရော လွှတ်တော်ဥက္ကဌ နှစ်ယောက်စလုံးကရော လွှတ်တော်ထဲေ၇ာက်လာရင် ကြိုဆိုမယ်လို့ ပြောပြီးသားဘဲ ပြည်သူတွေက ရွေး
    ချယ်ရင် ရောက်လာမှာဘဲ လို့  မီဒီယာတွေမှာ တရားဝင်ပြောပြီသားဘဲ Washington Post နဲ့ တွေ့ တုန်းကတောင် သမ္မတကြီးက ဒေါ်စုကို အစိုးရအဖွဲ့ ထဲ ရောက်ချင်ရောက်လာနိုင်တယ် ပြောခဲ့တာဘဲ အနိမ့်ဆုံး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ လက်ခံနိုင်တယ်ဆိုတာ ပြောစရာ
    တောင် မလိုဘူး တကယ်လို့ နိုင်ငံရဲ့ ထိပ်ပိုင်း အကြီးအကဲ ၃ ယောက်လုံးက ဥပဒေကြောင်းအရ ညိစွန်းနိုင်တာကို သိသိကြီးနဲ့ လွှတ်ပေးပြီး နောင်မှ ဒေါ်စုကို နှိပ်ကွပ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ တကယ်နှစ်နာမှာ က တိုင်းပြည်နဲ့ လူမျိုးအားလုံးဘဲ အခု အရှိန်ရနေတဲ့ Democratic Process ကြီးတစ်ခုလုံး ရပ်တန့် သွားလိမ့်မယ် နောက်ပြန်လည်သွားလိမ့်မယ် တိုင်းပြည် လက်ရှိခေါင်းဆောင်တွေအနေနဲ့ ဒီလောက်တော့ တုံး အ လိမ့် မယ် အမြော်အမြင် ခေါင်းပါးလိမ့်မယ်လို့ မထင်ပါဘူး အခု သည်အကြောင်းတင်ပြလိုက်တဲ့ ဥပဒေဘက်တော်သားတစ်ဦး ဟာ အနိမ့်ဆုံး အဆိုးမြင် ၀ါဒရှိသူဖြစ်ရမယ် တည်ငြိမ်နေတဲ့ ရေပြင် ကို လှိုင်းထအောင်လုပ်ချင်သူ ဖွချင်သူ ဆရာကြီးအခေါ်ခံချင်သူ ဖြစ်ချင်ဖြစ်မယ် ဒေါ်စု နဲ့  အစိုးရအဖွဲ့ တို့ အကြား နားလည်မှုရ ပြေလည်မှုရနေတာကို မခံစားနိုင်သူ ဖြစ်ရမယ် ဒေါ်စု ရဲ့  အောင်မြင်မှု ဒေါ်စု အပေါ် ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှု အပေါ် မနာလို မရှုစိမ့်နိုင်သူတဦးလည်း ဖြစ်နိုင်တယ်
    အချုပ်ပြောရရင် တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာရော ဒေါ်စုနဲ့ ဒီချုပ်အပေါ်
    မှာ ပါ စေတနာမမှန်တာ အထင်အရှားမို့  ဒီဆောင်းပါးကို ပြင်းထန်စွာ ရှုတ်ချပါတယ်။

  1. မျိုးမြန်မာ said... :

    ဧရာဝတီ

    မည်သူ့ အတွက်မှ အကျိုးမရှိတဲ့ ဒီ Post ကို အမြန်ဖြုတ်ပစ်သင့်ပါတယ်။

  1. Anonymous said... :

ှုဧရာဝတီကလည်း အရမ်းကို ဖွတာပါပဲလား? ဘာကြောင့်ပါလဲ?

  1. Anonymous said... :

    အရင်ကဧရာဝတီကို တော်တော်လေးလေးစားစားဖတ်တယ်။ဒါပေမဲ့တဖြေးဖြေးနဲ့စိတ်ပျက်ဖို့ကောင်းလာတယ်။
    နောက်တော့ ဧရာဝတီဟာ ပူးသတ်ကြီးဆိုတာသိလာရတယ်။

  1. Anonymous said... :

    ဒီဆောင်းပါးကို ပြင်းထန်စွာ ရှုတ်ချပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved