မြန်မာ့ရေမြေ သဘာဝတွေပျက်ပြီး လူတွေဒုက္ခရောက်မှာ မလိုလားဘူး

Wednesday, February 1, 2012

အိန္ဒိယနိုင်ငံအပါအ၀င် အိမ်နီးချင်းနိုင်ငံတွေက မြန်မာနိုင်ငံထဲမှာ လာပြီး ရင်းနှီးမြုပ်နှံနေတဲ့ စီမံကိန်းတွေကြောင့် သဘာဝတွေပျက်စီးပြီး တိုင်းသူပြည်သားတွေ ဒုက္ခရောက်မှာ မလိုလားဘူးလို့ နယူးဒေလီရောက် စာရေးဆရာ ကိုတာ (ခေါ်) ဒေါက်တာသန့်လွင်မောင် က ဧရာဝတီကို ပြောပါတယ်။

စာရေးဆရာ ကိုတာ (ဓာတ်ပုံ - ဧရာဝတီ)

အိန္ဒိယက ချင်းတွင်းမြစ်ပေါ်မှာဆောက်လုပ်မယ့် ရေကာတာစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုတွေ မဖြစ်အောင် ဂရုစိုက်ဖို့လိုတယ်လို့ ကိုတာ က ပြောပါတယ်။

သူက “အိန္ဒိယရဲ့ investment ကလည်း တရုတ်ရဲ့ investment နဲ့ မတူပါစေနဲ့လို့ပဲ ဆုတောင်းတယ်လေ။ မင်းတို့ရဲ့ investment ကိုလည်း ဂရုစိုက်ကြအုံးပေါ့ ကျနော်တို့နိုင်ငံလည်းအကျိုးရှိအောင်၊ ပြည်သူလူထုလည်း ဒုက္ခမရောက်အောင်ပေါ့လေ” လို့ ပြောပါတယ်။

အိန္ဒိယက မြန်မာနိုင်ငံမှာလာ ရင်းနှီးမြုပ်နှံမယ့် ထမံသီ၊ ရွှေစာရေး၊ ကုလားတန်စီမံကိန်းတွေရဲ့ အကြောင်းကို ပြည်သူလူထုက ကောင်းကောင်းမသိသေးသလို ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေ၊ အစိုးရအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး မီဒီယာသမားတွေနဲ့ ပြည်သူလူထုပါ ပါဝင်နိုင်တဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ဆွေးနွေးမှုတွေကို မြန်မာနိုင်ငံထဲမှာ လုပ်ဖို့ အများကြီးလိုအပ်တယ်နေလို့ သူက ဆိုပါတယ်။

“အခုက တိုင်းပြည်က အရေးအကြီးဆုံး အခြေအနေကိုရောက်နေတယ်လို့ ကျနော်မြင်တယ်။ ဒီလိုအချိန်မှာ တရုတ်က လာလိုက်၊ ထိုင်းက လာလိုက်၊ ဟောအခုတခါ အိန္ဒိယကလည်း လာလိုက်နဲ့။ ဒီကိစ္စတွေ ပြည်သူသိအောင်လုပ်ရမယ် ပညာရှင်တွေက ပြည်သူလူထုကို သနားသောအားဖြင့်ပေါ့လေ ပြည်သူသိအောင်လုပ်သင့်တယ်လို့ မြင်တယ်” လို့ သူက ပြောပါတယ်။

သူက ဆက်ပြီး “အခုအချိန်မှာဗျာ Development၊ Development လို့ပဲ ပြောနေကြတယ်။ ကျနော်ဆို အဲ့ဒီ Development ဆိုတာကြီးက ဘာကြီးလဲ သိပ်သိချင်တာပဲ။ ပြည်သူတွေလည်း အတူတူပဲ။ ဒါကြီးက ဘာခေါ်တာလဲ သေချာမသိကြဘူး။ ပြောသာပြောနေကြတာလေ။ အဲ့ဒီတော့ Development ဆိုတာ ဒီလိုပါ၊ တိုင်းပြည်တိုးတက်ဖို့ ဘယ်လို ကဏ္ဍတွေက ဘယ်လိုပါ ဆိုတာမျိုး သေချာရှင်းပြရမယ်။ ဒါကြီးပဲ စကားထဲ ထည့်ထည့်ပြောနေလို့ မပြီးဘူး၊ ရှင်းပြရမယ်၊ လုပ်ပြရမယ်” လို့ သူက ပြောပါတယ်။

အိန္ဒိယ နိုင်ငံတကာရေးရာစင်တာက မြန်မာ့အရေးဆွေးနွေးပွဲ (ဓာတ်ပုံ - ဧရာဝတီ)

လုမ္ပိနီ ပညာရေးစင်တာက တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဆရာ ကိုတာအပါအ၀င် ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ဖန်တီးအိမ်၊ တမ္ပဒီပ စတဲ့ လူမှုရေးအဖွဲ့အစည်း ကိုယ်စားလှယ်တွေရယ်၊ နိုင်ငံရေးပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်နဲ့ ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတို့က ကိုယ်စားလှယ်တွေဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၊ ဂျမီးယား အစ္စလာမ်မီးယား တက္ကသိုလ်နဲ့ အိန္ဒိယ နိုင်ငံတကာရေးရာ စင်တာမှာလုပ်တဲ့ တောင်အာရှ၊ အရှေ့တောင်အာရှတို့ရဲ့ ပေါင်းကူး၊ မြန်မာနိုင်ငံ ဆိုတဲ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တာပါ။

Myanmar: Bridging South And Southeast Asia ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြတယ် (ဓာတ်ပုံ - ဧရာဝတီ)

ဥရောပ မြန်မာရုံးမှ ဦးဟန်ညောင်ဝေ နှင့် တမ္ပဒီပ မှ ဒေါက်တာခင်ဇော်ဝင်း (ဓာတ်ပုံ - ဧရာဝတီ)

ဥရောပမြန်မာရုံး၊ ဂျမီးယားမီလိယား တက္ကသိုလ်နဲ့ တမ္ပဒီပ လူမှုရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ အဲ့ဒီဆွေးနွေးပွဲမှာ အိန္ဒိယ လွှတ်တော်အမတ်အချို့နဲ့ အိန္ဒိယတက္ကသိုလ်တွေက တောင်အာရှနဲ့ အရှေ့တောင်အာရှဆိုင်ရာ သင်ကြားလေ့လာနေတဲ့ ပါမောက္ခတွေလည်း တက်ရောက်ခဲ့ပြီး အိမ်နီးချင်းတိုင်းပြည်တွေက မြန်မာနိုင်ငံမှာ လာရင်းနှီးမြုပ်နှံနေတဲ့ ဧရာဝတီမြစ်ပေါ်က မြစ်ဆုံစီမံကိန်း၊ ချင်းတွင်းမြစ်ပေါ်က ထမံသီနဲ့ ရွှေစာရေး ရေကာတာစီမံကိန်းတွေ၊ ကုလားတန်စီမံကိန်းနဲ့ ထားဝယ်ရေနက်ကွင်း စီမံကိန်းတွေနဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထား၊ ဒေသတွင်းနိုင်ငံတွေနဲ့ ကုန်သွယ်ကူးလူးမှု စီးပွားရေးအခြေအနေတွေ၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေ၊ နိုင်ငံရေးပါတီတွေအကြောင်း၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ဆောင်နေတဲ့ ကိစ္စ၊ စတာတွေကို ပြောဆိုဆွေးနွေးခဲ့ကြတာပါ။

ဒီဆွေးနွေးပွဲမှာ အိန္ဒိယအစိုးရအဖွဲ့က ဥပဒေပြုရေးဆွဲသူတွေ၊ အစိုးရစီမံကိန်းတွေနဲ့ပတ်သက်ပြီး အကြံဥာဏ်နဲ့ တစုံတရာ အဆုံးအဖြတ်ပေးနိုင်သူတွေ မပါဝင်လို့ အားမရပေမယ့် အိမ်နီးချင်း ဒီမိုကရေစီ အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ အိန္ဒိယက ပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရတာရယ်၊ အိန္ဒိယကထားတဲ့ အရှေ့မျှော်ဝါဒနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုအခြေအနေတွေကို နက်နက်ရှိုင်းရှိုင်း လေ့လာခွင့်၊ အိန္ဒိယ ကာကွယ်ရေးဦးစီးဌာနကို လေ့လာခွင့်တွေရခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) က ဒေါက်တာ လှစိုးညွန့်က ဆိုပါတယ်။

NDF မှ ဒေါက်တာ လှစိုးညွန့် (ဓာတ်ပုံ - ဧရာဝတီ)

သူက “နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ကျနော်တို့ မသိရသေးတာတွေ သိရတယ်။ နောက် သူတို့နိုင်ငံမှာ ဘယ်လိုအုပ်ချုပ်တယ်၊ ဘယ်လိုလုပ်ကိုင်ကြတယ်ဆိုတာတွေ လေ့လာခွင့်ရတယ်။ ဒါတွေက ကျနော်တို့ မသိရသေးတဲ့ လက်လှမ်းမမှီသေးတာတွေဆိုတော့ အကျိုးအများကြီးရပါတယ်။ ဒီမှာ တင်သွားတဲ့ ဆွေးနွေးချက်တွေ အားလုံးကတော့ Generally တင်သွားလိုက်တာပဲ ရှိတယ်။ ကျနော်တို့က ပြန်မေးတဲ့အခါကျတော့ သူတို့သေသေချာချာပြန်ပြီး detail ဖြေမပေးနိုင်ဘူး။ အဲ့ဒီတခု ကျနော်တို့ ဘ၀င်မကျဘူးလို့ ပွင့်ပွင့်လင်းလင်းပဲ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။



ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးမျိုးအောင်နဲ့ ဦးဝင်းမြင့် (ဓာတ်ပုံ - ဧရာဝတီ)

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အကြံပေးအရာရှိတယောက်ဖြစ်တဲ့ ဦးဝင်းမြင့်ကလည်း ဆွေးနွေးပွဲရဲ့ ရလဒ်နဲ့ မြန်မာ့နိုင်ငံရေးအပေါ် သက်ရောက်မှုနဲ့ ပတ်သက်ပြီး - “ဒီမှာလာတဲ့ Scholar တွေရဲ့ အသံက သူတို့လွှတ်တော်ထဲကို ဘယ်လောက်ရောက်မလဲ ဆိုတာပေါ်မှာပဲ မူတည်ပါလိမ့်မယ်” လို့ ပြောပါတယ်။


..............

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved